ရန်ကုန် ၂၁ ဇူလိုင်
ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body - BGB) လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၁၉) ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အဖွဲ့ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စက်မှုဌာနခွဲနှင့် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲမှ တာဝန်ရှိသူများက ယခင်ပြုလုပ်ခဲ့သည့် BGB အစည်းအဝေး အမှတ်စဉ် (၃/၂၀၁၉) ၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုကို ဖတ်ကြားတင်ပြပြီး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် FM ပုဂံ၊ ပတ္တမြား FM၊ ချယ်ရီ FM၊ ရွှေ FM၊ Forever Group Co., Ltd (မန္တလေး FM ၊ ပဉ္စဝတီ FM)၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်၊ Family Entertainment Group ၊ Mizzima Media Company Limited ၊ DVD Multimedia Group Company Limited ၊ Fortune Broadcasting Company Limited ၊ KMA TeleMedia Holding Company Limited နှင့် My Multi Media Group Company Limited တို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်


