၂၂ ဇူလိုင်

မကြာသေးမီက မြန်မာ့ပညာရေးတွင် လွှမ်းမိုးမှုအကြီးမားဆုံးဖြစ်သော တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအဖို့ အဆင့်မြင့်ပညာတက္ကသိုလ်အသီးသီးတွင် ဆက်လက်ပညာသင်ယူခွင့် ရရှိကြပေတော့မည်။  ပညာရေးဝန်ကြီးဌာနအနေဖြင့်  အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP)နှင့်ပညာရေးစနစ်သစ်ဖြစ်သော KG+12  စနစ်ကို  အကောင်အထည်ဖော်နေပြီဖြစ်ရာ  နှစ်ပေါင်းများစွာ  အရှိန်အဝါကြီးမားခဲ့သည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အနာဂတ်ရပ်တည်မှုအနေအထားသည် နိုင်ငံသူ နိုင်ငံသားအများစု စိတ်ဝင်စားသောကိစ္စဖြစ်ပေသည်။

စာမေးပွဲများနှင့် ပတ်သက်၍လည်း ပညာရပ်ဝန်းတွင်မတူ ကွဲပြားသော အမြင်အမျိုးမျိုးရှိနေကြသည်။ စာမေးပွဲ ထားရှိလို သူများက အကယ်၍ စာမေးပွဲမရှိပါက ကျောင်းသား၏ စာကြိုးစားလိုစိတ်ကို မည်သို့တွန်းအားပေးမည်နည်းဟု မေးခွန်းထုတ်ကြသည်။  မှန်ပါသည်။  စာမေးပွဲ၏  ဩဇာလွှမ်းမိုးမှုကို  မခံရ သော ဆရာနှင့် ကျောင်းသားဟူ၍လည်း ရှိအံ့မထင်။  သာဓက ပြရမည်ဆိုလျှင် အဆင့်မြင့်ပညာတွင် ပထမနှစ် ကျောင်းသားတိုင်း သင်ယူရသည့် မြန်မာ့ရေးရာဆိုသော ဘာသာရပ်တစ်ခု ရှိသည်။ မူလပြဋ္ဌာန်းစဉ်က ယင်းဘာသာရပ်သည် ပို့ချရန်သက် သက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး စာမေးပွဲဖြေဆိုရန် မလိုသော ဘာသာရပ်အဖြစ်  ထားရှိရန်ဖြစ်သော်လည်း  ကျောင်းသားများက  စာဖြေရန်မလိုဟုသိသော်  စာသင်ခန်းတွင်  ပို့ချရန် မဖြစ်နိုင်ကြောင်း ဝေဖန်ထောက်ပြကြသည်။ ထို့ကြောင့် ထိုဘာသာရပ်ကို စာမေးပွဲတွင် ဖြေဆိုရမည့်ဘာသာရပ်အဖြစ် အသွင်ပြောင်းလိုက်ရသည့် သာဓက ရှိခဲ့ဖူးပေသည်။ တစ်ဖန် စာမေးပွဲ၏ ဆိုးကွက်ကို ထောက်ပြသူများကလည်း စာမေးပွဲကြောင့်  ဖြစ်ရသော  နောက်ဆက်တွဲပြဿနာ  ဆိုးကျိုးများ၊ Teacher's autonomy/ Learner's autonomy စသည့်  ပညာသင်ယူမှုဆိုင်ရာ  စံနှုန်းသဘောတရားများနှင့် ဝေဖန်ထောက်ပြကြသည်။      နှစ်ဖက်လုံးမှန်ကြသည်သာ ဖြစ်သည်။ ထိုသို့ဆိုလျှင် အဖြေကအဘယ်နည်း။

ပညာကိုတန်ဖိုးထားသော မြန်မာ့လူ့အဖွဲ့အစည်း

မြန်မာ့လူမှုအဖွဲ့အစည်း၏  အစဉ်အလာအရ  မြန်မာတို့သည် ပညာရေးကို အလေးထားအားပေးသော အသိုင်းအဝိုင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၏ ပညာရေးသည် နိုင်ငံတကာ ပညာရေးနှင့်    ချိတ်ဆက်မှုမရှိဘဲ    သီးသန့်တစ်ကိုယ်တည်း ရပ်တည်လာခဲ့သည်မှာ  ဆယ်စုနှစ်ပေါင်းများစွာရှိခဲ့ပြီး  ယခုအခါတွင်မူ နိုင်ငံတကာပညာရေးအသိုင်းအဝိုင်းနှင့် တစ်ဖန်ပြန်လည်ချိတ်ဆက်နိုင်ရန် စတင်အကောင်အထည်ဖော် ကြိုး ပမ်းနေရသည်။ ပြင်ပနိုင်ငံတကာပညာရေး ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ အပါအဝင် နိုင်ငံတော်တော်များများ၏ ပညာရေးစနစ်သည် စာမေးပွဲကို ဗဟိုပြုသောစနစ်နှင့် အသားကျနေသော နိုင်ငံများဖြစ်သည်။ မြန်မာ့ပညာရေးစနစ်သည်လည်း စာမေးပွဲဗဟို ပြုစနစ်ဖြစ်သဖြင့်  ကျောင်းသားသည်လည်းကောင်း၊  မိဘသည်လည်းကောင်း၊  ဆရာ  ဆရာမသည်  လည်းကောင်း စာမေးပွဲကို  လွန်စွာအလေးထားအရေးပေးကြ၏။  ကျောင်းသားက စာမေးပွဲတွင်ပါလာနိုင်သော စာကိုသာ ကြည့်လို၏။ စာမေးပွဲတွင်ပါမည့်စာကို သင်ကြားပေးနိုင်သူကို အားကိုး၏။ ချဉ်းကပ်၏။    မိဘများကလည်း      မိမိသားသမီး    စာမေးပွဲ အောင်မြင်ရေး၊ အမှတ်ကောင်းကောင်းရရှိရေး တွန်းအားပေး၏။ မိမိသားသမီး စာမေးပွဲအောင်မြင်အောင်၊ အမှတ်ကောင်း ကောင်းရအောင်  သင်ကြားပေးနိုင်သောသူကို  အောင်မြင်သော၊ ထူးချွန်သော ဆရာ ဆရာမဟု ယေဘုယျသတ်မှတ်ကြ၏။ ထို့ကြောင့် ဆရာ ဆရာမသည်လည်း စာမေးပွဲတွင် မေးနိုင်သော အကြောင်းအရာကို အလေးပေးသင်လို၏။ စာမေးပွဲတွင် အမှတ်ကောင်းသော ကျောင်းသားကို ချီးမွမ်း၏။ ဂုဏ်ယူ၏။ ဆိုလိုသည်မှာ ကျောင်းသား၊ မိဘ၊ ဆရာ တို့သည် စာမေးပွဲကို  အလွန်ရှေ့တန်းတင်ကြပေသည်။  ထိုအလေ့အထသည် မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် ကာလရှည်ကြာစွာ ခိုင်ခိုင်မာမာ အမြစ်တွယ်စွဲမြဲနေခဲ့သည်။ ထိုသို့ဖြစ်နေရခြင်းမှာ စာမေးပွဲကို ဗဟိုပြုသောစနစ်ကြောင့်  ပင်တည်း။  ဖွံ့ဖြိုးပြီးနိုင်ငံများတွင်တော့ စာမေးပွဲများရှိကြသော်လည်း စာမေးပွဲသက်သက်မျှကို ဗဟိုမပြုကြတော့။ ကျောင်းသား၏ တတ်မြောက်မှုကို ရှုထောင့် ပေါင်းစုံမှလေ့လာဆန်းစစ် အကဲဖြတ်ကြလေ့ရှိသည်။ သို့သော် လက်ရှိမြန်မာနိုင်ငံ၏ သင်ကြား/ သင်ယူမှုအခြေအနေအရ Classroom Assessment or Formative Assessment စနစ်သည် ရလဒ်ကောင်း ပေါ်ထွက်ရန်အတွက် အဆင်သင့်မဖြစ်သေးဟု  ယူဆပါသည်။  ထိရောက်စွာကျင့်သုံးနိုင် ခြေလည်း များစွာအားနည်းလျက်ရှိနေသည်။

စာမေးပွဲသည် ဦးဆောင်သူ

မြန်မာတို့၏ပညာရေးတွင်  အစဉ်အလာအရ  စာမေးပွဲသည် ဦးဆောင်သူဖြစ်၏။ စာမေးပွဲနှင့်ခြောက်လျှင် ကြောက်၏။ စာမေးပွဲကခိုင်းစေသမျှ တစ်သဝေမတိမ်းနာခံတတ်ကြ၏။ စာမေးပွဲတွင် ဒီစာပုဒ်ချရေးလျှင် အမှတ်ရမည်ဆိုပါက မြင်မြင်သမျှမစဉ်းမစား အသံပြာအောင် အလွတ်ကျက်မှတ်ကြ၏။ စာပါ အကြောင်းအရာကို နားလည်သဘောပေါက်အောင် “ကြည့်” ရမည့်အစား  စာကိုကျက်ရမည်ဟု  လွဲမှားစွာယူဆနေမှုဖြစ်စဉ်သည် မူလတန်းမှသည် ပါရဂူဝင်ခွင့်အထိ မြန်မာ့ပညာရေးတွင် ကင်ဆာလို  နက်နက်နဲနဲ  အမြစ်တွယ်နေသည်။  ထို့ကြောင့် ထိရောက်သော ကုထုံး၊ စစ်မှန်သောဆေးဝါး၊ ကျွမ်းကျင်သော ပညာရှင်တို့က မှန်ကန်သော စိတ်စေတနာတို့ဖြင့် စုပေါင်းအချိန် ယူကုသမှသာ နာလန်ထ၍ ထူထူထောင်ထောင် ပြန်ဖြစ်ပေလိမ့်မည်။

စာမေးပွဲစနစ်ကသာလျှင်အဖြေ

စာမေးပွဲကို အလွန်အမင်းအလေးထားမှုကြောင့် ဖြစ်ပေါ်လာရသော  နောက်ဆက်တွဲပြဿနာများကို  စာမေးပွဲစနစ်ကသာလျှင် ကုစားပေးနိုင်ပေလိမ့်မည်။ နိုင်ငံတကာ ပညာရေးကို လေ့လာလျှင် အခြေခံပညာရေးကို ကျောင်းနေပျော်စေရန်နှင့် လွတ်လပ်စွာ သင်ကြားသင်ယူနိုင်စေရန် စာမေးပွဲဖြင့် ဖိအားပေး ထားခြင်းမရှိသည်ကို တွေ့ရသည်။ သို့သော် သူတို့ဆီမှာ ဝင်ခွင့်စနစ်များဖြင့် အရည်အသွေးထိန်းထားသည်။ တက္ကသိုလ်တက် လိုပါက မိမိတက်ရောက်လိုသည့် တက္ကသိုလ်၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုကြရသည်။ မြန်မာနိုင်ငံတွင်မူ လက်ရှိအချိန်အထိ တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ (အရပ် အခေါ် ၁၀ တန်း)၏ စုစုပေါင်းရမှတ်ဖြင့် သတ်မှတ်ဆုံးဖြတ်နေဆဲ ဖြစ်သည်။ သို့သော် တက္ကသိုလ်အချို့ ၌ ဝင်ခွင့်စနစ်ကို စမ်းသပ်ကျင့်သုံးနေပြီဖြစ်၍    ဝမ်းမြောက်ဝမ်းသာစွာ    ကြိုဆိုပါသည်။သို့သော် တက္ကသိုလ်ဝင်ခွင့်စနစ်ကို စနစ်တကျအကောင်အထည်ဖော်နိုင်မှသာ မြန်မာ့ပညာရေးအတွက် ရလဒ်ကောင်းများပေါ် ထွက်နိုင်ပါမည်။ အဘယ့်ကြောင့်ဆိုသော် လက်ရှိကာလအထိ မြန်မာ့လူမှုအသိုင်းအဝိုင်းသည် စာမေးပွဲကိုဗဟိုပြုသောစနစ်နှင့် အသားကျနေသော  အခြေအနေဖြစ်နေသောကြောင့်   ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပညာရေးဥပဒေတွင်လည်း တက္ကသိုလ်ဝင်ခွင့်စနစ်ကို အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းထားသည်။ မြန်မာနိုင်ငံ ပညာရေးဥပဒေပါ ယင်းပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်မည်ဆိုပါက  တက္ကသိုလ်ဝင်ခွင့်စနစ်  အသက်ဝင်လာမည်ဖြစ်ပြီး ယင်းတက္ကသိုလ်ဝင်ခွင့်စာမေးပွဲများနှင့် မေးခွန်းများသည် မြန်မာ့လူမှုအသိုင်းအဝိုင်းအပေါ် နိုင်ငံတကာနည်းတူ ဩဇာကြီးမားစွာသက်ရောက်မှုရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် တက္ကသိုလ် ဝင်ခွင့်မေးခွန်းများ၏ အရည်အသွေးစစ်မှန်မှုသည် အလွန်အရေးပါ ပြီးသတိပြုရမည့်အချက် ဖြစ်ပေသည်။ စာမေးပွဲမေးခွန်းများသည် ကျောင်းသား၏ သင်ယူမှုပုံစံနှင့် ဆရာ၏ သင်ကြားမှုပုံစံတို့ကို  ဩဇာကြီးမားစွာသက်ရောက်သည်ဟု  သီအိုရီများနှင့် သုတေသီများက ထောက်ပြပြောဆိုကြသည်။ စာသင်ခန်းထဲတွင် ဖြစ်ပေါ်နေသမျှသော ဖြစ်စဉ်တိုင်းသည် မေးခွန်းများ၏ ခိုင်းစေ မှုဟု တင်စားကြသည်။ ထိုသို့ဆိုလျှင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ၊ မေးခွန်းများနှင့် ၄င်းတို့၏ အရည်အသွေးနှင့်အခန်းကဏ္ဍသည်  လျစ်လျူရှုထားရန်မသင့်သော  ကိစ္စအကြောင်းခြင်းရာ များဖြစ်ပေသည်။ ဆိုလိုရင်းမှာ Formative Assessment အားကောင်းစေရန် Summative Test များ အသုံးပြု၍ ပန်းတိုင်ရောက်အောင် တဖြည်းဖြည်းချင်း      ပြောင်းသွားစေသင့်ပါသည်ဟု      ဆိုလိုရင်းဖြစ်ပါသည်။

မေးခွန်းများ၏အရည်အသွေး

Educational Assessment, Testing စသည့်ဘာသာ ရပ်များသည် နက်နဲကျယ်ပြန့်သော ဘာသာရပ်များဖြစ်ကြသည်။ သီအိုရီအရ စာမေးပွဲများကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကျင်းပ စစ်မေးကြရာတွင် မတူညီသော  Test Type အသီးသီးအသုံးပြု စစ်မေးရသည်။ ဥပမာ အင်္ဂလိပ်ဘာသာစကားတစ်ခုတည်းကိုစစ်ဆေးရာမှာပင် Test Type အမျိုးမျိုးခွဲထုတ်ပြီး မေးရလေ့ရှိသည်။ သင်ယူခဲ့သော သင်ခန်းစာ မည်မျှတတ်မြောက်ကြောင်းကို  Achievement Test Type  ဖြင့် မေးရမည်။ လက်ရှိ အင်္ဂလိပ်စာကျွမ်းကျင်မှုကို Proficiency Test Type ဖြင့် တိုင်းတာရမည်။ လူဦးရေအများကို အတန်းခွဲရန် ရည်ရွယ်ပါက Placement Test Type ဖြင့်  စစ်ဆေးရမည်    စသည်ဖြင့် သတ်မှတ်ထားသည်။ Test Type အသီးသီးတွင် ရည်ရွယ်ချက် သီးသန့်စီရှိပြီး မှန်ကန်သော Test Type ရွေးချယ်သုံးစွဲပါက သင်ကြားမှု/ သင်ယူမှုဖြစ်စဉ်အပေါ် ကောင်းကျိုးသက်ရောက်သော်လည်း မှားယွင်းသုံးစွဲမိပါက ဖြစ်ပေါ်လာသော နောက်ဆက် တွဲဆိုးကျိုးများသည် ပညာရေးစနစ်တစ်ခုလုံးကို ဆိုးရွားသော ဖျက်ဆီးမှု ဖြစ်ပေါ်လာစေနိုင်သည်ဟု ပညာရှင်များက ဆိုသည်။ ထို့ကြောင့်    တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်  အသုံးပြုမည့် မေးခွန်းတို့သည် မှန်ကန်သော  Test Type အမျိုးအစားဖြစ်စေရန် အထူးအရေးကြီးပေသည်။

သီအိုရီများနှင့် သုတေသီများ၏ ရေးသားတိုက်တွန်းချက်များအရ စာမေးပွဲမေးခွန်းကောင်းတစ်ခုသည် အောက်ပါစံချိန် စံညွှန်းများနှင့် အတတ်နိုင်ဆုံးကိုက်ညီအောင် ဆောင်ရွက်ထား ရမည်ဟု လေ့လာမှတ်သားရပါသည်။ ယင်းတို့မှာ 

-(၁) Washback (သင်ကြား/သင်ယူမှုဖြစ်စဉ်အပေါ် ကောင်းကျိုးသက်ရောက်စေမှု)၊

(၂) Practicality (လက်တွေ့ကျင့်သုံးနိုင်မှု)၊

(၃) Reliability (စစ်ဆေးပုံ မှန်ကန်တိကျမှု)၊

(၄) Validity (မေးခွန်းအရည်အသွေး မှန်ကန်ကောင်းမွန်မှု)၊

(၅) Authenticity (လက်တွေ့လူမှုဘဝနှင့် ပတ်သက်ဆက် နွှယ်မှု) တို့ ဖြစ်ကြပါသည်။

မှန်ကန်သင့်လျော်သောမေးခွန်းဖြစ်ဖို့လိုသည်

အထွေထွေသိပ္ပံဘာသာရပ်တွင်ပါဝင်သော “ဒြပ်ဝတ္ထုတို့သည်  ပူလျှင်  ထုထည်ပွ၏”  ဟူသော  သဘောတရားကို ဆရာနှင့် ကျောင်းသားတို့ကြား သင်ကြားမှု/ သင်ယူမှုပုံစံမျိုးစုံ ကွဲပြားပေမည်။    ယင်းအကြောင်းအရာကို        စစ်မေးသော မေးခွန်းပုံစံသည်လည်း အမျိုးမျိုးရှိနိုင်ပါသည်။

ဥပမာ -မေးခွန်းပုံစံ (၁)( Subjective Testing)

“ဒြပ်ဝတ္ထုတို့သည်  ပူလျှင်  ထုထည်ပွ၏”  ဟူသော  သဘော တရားကို ဥပမာနှင့်တကွ ဖြေဆိုပါဟူ၍မေးခွန်းတည်ဆောက်နိုင်သလို အောက်ပါအတိုင်းလည်း ဖြစ်နိုင်ပေသည်။

မေးခွန်းပုံစံ (၂) (Objective Testing)

သင့်မော်တော်ကားအတွက်ဓာတ်ဆီဆိုင်သို့သွား၍ ဓာတ်ဆီဝယ် ထည့်မည်ဆိုပါက အောက်ပါအခြေအနေတို့၌ မည်သည့်အချိန် တွင်ထည့်ပါက ဓာတ်ဆီပမာဏအများဆုံး ရနိုင်မည်နည်း။

(က)နံနက်စောစောပိုင်း

( ခ)မွန်းလွဲပိုင်း( ဂ )

ညနေပိုင်း

(ဃ)ညဦးပိုင်း

မေးခွန်းပုံစံ (၁) Subjective Testing သည် ကျောင်း သားနှင့်ဆရာအား အလွတ်ကျက်သည့်အလေ့အထသို့ တွန်း ပို့သောတွန်းအားတစ်ခုဖြစ်သွားစေနိုင်သည်။ မေးခွန်းပုံစံ (၂) Objective Testing ကို    ဖြေဆိုရန်အတွက်    ဖြေဆိုသူသည် သူကျောင်းနေသင်ယူခဲ့စဉ်ကာလတစ်လျှောက် လေ့လာမှတ်သားခဲ့ဖူးသော   သဘောတရားနှင့်   ဗဟုသုတများကို အခြေခံပြီး    ကျိုးကြောင်းဆက်စပ်    ခြုံငုံသုံးသပ်နိုင်စွမ်းကို အသုံးချကာ အဖြေမှန်ရအောင် အားထုတ်ရမည် ဖြစ်သည်။ ထိုမေးခွန်းမျိုးအတွက် ဆရာ၏စာသင်ကြားမှုလုပ်ငန်းစဉ်ကို တွက်ဆကြည့်လျှင် ထိုအခြေခံသိပ္ပံသဘောတရားကို သင်ကြားသော ဆရာ ဆရာမသည် ကျောင်းသား၏ စူးစမ်းလိုစိတ်ကို နှိုးဆွ၍ ကျောင်းသားကျင်လည်ရာ ပတ်ဝန်းကျင်ရှိ လက်တွေ့သဘာဝအကြောင်းအရာများနှင့် ချိတ်ဆက်ပြီး Learning Objectives များနှင့်အညီ  လွတ်လပ်စွာသင်ကြားပေးနိုင်လိမ့်မည်ဟု  မျှော်လင့်ရသည်။    နောက်ထပ်အရေးပါသည့် အချက်တစ်ခုမှာ  သီအိုရီအရလည်း  ဝင်ခွင့်မေးခွန်းဟူသည့် ကျောင်းပြဋ္ဌာန်းစာအုပ်များနှင့် တိုက်ရိုက်ဆက်နွှယ်မှု မရှိစေရဟု သတ်မှတ်ထားရှိသောကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အသုံးပြုမည့် မေးခွန်းအမျိုးအစားသည် မေးခွန်းပုံစံ (၂) ကဲ့သို့သောအမျိုးအစားသာ ဖြစ်သင့်ပေသည်။

ခေတ်နှင့်လျော်ညီသော စစ်ဆေးမှုပုံစံဖြစ်ဖို့လိုသည်

Objective Testing ကို ဦးစားပေးရွေးချယ်ရန် အခြားသောအကြောင်းပြချက်တစ်ခုမှာ  စာစစ်ကိစ္စဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတို့၏ သဘောသဘာဝအရ စာဖြေသူဦးရေအများအပြားကို မြန်မြန်ဆန်ဆန်စစ်ဆေးပြီး ရလဒ်ကိုမြန်မြန်ဆန်ဆန် ထုတ်ပြန်ပေးရသော သဘောရှိသည့်အပြင် လူအားအသုံးပြုစစ်ဆေးရမှုကြောင့် နောက်ဆက်တွဲပြဿနာများလည်း ရှိနိုင်ပေရာ သမားရိုးကျ လူအားဖြင့် စာစစ်ဆေးခြင်း ပုံစံကို အသုံးပြုရန်  လက်တွေ့တွင်  ခက်ခဲပေမည်။  သို့သော် ထိုပြဿနာကို  နည်းပညာထွန်းကားသော  ယနေ့ခေတ်တွင် လွယ်ကူထိရောက်စွာ၊ ငွေကုန်ကျမှု သက်သာစွာဖြင့် ဖြေရှင်း ပေးနိုင်ပြီဖြစ်ပါသည်။ စာဖြေသူဦးရေ တစ်ရာရှိသည်ဖြစ်စေ၊ တစ်ထောင်ရှိသည်ဖြစ်စေ၊        တစ်သောင်းရှိသည်ဖြစ်စေ ကွန်ပျူတာတစ်လုံးနှင့် ကျွမ်းကျင်သော ဆရာ ဆရာမအနည်း ငယ်ရှိရုံမျှဖြင့်    စစ်ဆေးမှုပုံစံ    အနည်းငယ်ပြောင်းရုံမျှဖြင့် မှန်ကန်တိကျသော အမှတ်စာရင်းကို အချိန်တိုအတွင်း ထုတ် ပြန်ပေးနိုင်နေပြီဖြစ်ပါသည်။ ထိုသို့ ဖန်တီးရန်အတွက်လည်း ငွေကြေးအားဖြင့် အနည်းငယ်မျှသာ ကုန်ကျစရိတ်ရှိမည်ဖြစ်ပြီး စာစစ်သူအများအပြား အသုံးပြုရခြင်းဟူသော ဝန်ထုပ်ဝန်ပိုးလည်း ပပျောက်သွားမည်ဖြစ်သည်။  ထိုသို့ဘက်ပေါင်းစုံမှ များစွာသော ကောင်းကျိုးသက်ရောက်မှုများရှိခြင်း၊ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဝင်ခွင့်မေးခွန်းပုံစံသည် မေးခွန်းပုံစံ (၂) ကဲ့သို့သော အမျိုးအစားသာ ဖြစ်သင့်ပေသည်။   Objective Testingပုံစံ   အသုံးပြုစစ်ဆေးခြင်းကိစ္စမှာ မခက်ခဲလှသော်လည်း  ထိုစာမေးပွဲအတွက် ကောင်းမွန်သော Objective Test Item များ ရရှိအောင် ဆောင်ရွက်ရန်ကိစ္စမှာမူ မလွယ်ကူလှသောကြောင့် မေးခွန်းပြုစုသည့်စနစ်တစ်ခုကို သေချာစွာတည်ဆောက်ရန် လိုအပ်ပါသည်။

မှန်ကန်သင့်လျော်သော မေးခွန်းပြုစုမှုစနစ်ရှိဖို့လိုသည်

စစ်ဆေးမှုပုံစံ ၂ မျိုး (Norm-Referenced Testing & Criterion-Referenced Testing)  ရှိသည့်အနက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကဲ့သို့သော Screening Tests/Selection Tests များသည် Norm-Referenced Testing တွင် အကျုံးဝင်ပါသည်။ Norm-Referenced Test တစ်ခု၏ ရည်ရွယ်ချက်သည် စာဖြေသူများအား မည်မျှတတ်မြောက်သည်ကို စစ်ဆေးခြင်း(သို့) အောင်/ရှုံး သတ်မှတ်ရန်စစ်ဆေးခြင်းမျိုး မဟုတ်ဘဲ စာဖြေသူများ၏ အဆင့်ကိုအနိမ့်အမြင့်သတ်မှတ်ပေးရန်အတွက်စစ်ဆေးခြင်းဖြစ်၍ မေးခွန်းပြုစုမှုပုံစံသည်  သမားရိုးကျမေးခွန်းတည်ဆောက် မှုပုံစံမှ  ခွဲထွက်ပြီး  ထူးခြားသော  သဘောသဘာဝရှိပါသည်။ နမူနာမေးခွန်းများ ပြုစုခြင်း၊ သတ်မှတ်ထားသော စာဖြေသူများနှင့် အကြိုစမ်းသပ်စာမေးပွဲများ ကျင်းပခြင်း၊ အကြိုစာမေးပွဲ ရလဒ်များကို statistical formula များ အသုံးပြု၍ Reliability, Difficulty, Discriminationvalue  များ တွက်ချက်ခြင်း၊ ရရှိလာသော statistical data များကို အသုံးပြု၍  အသင့်တော်ဆုံးသော    မေးခွန်းများကို  ရွေးထုတ်ပြီး စာမေးပွဲမေးခွန်းအဖြစ် ပြုစုခြင်း စသည့်အဆင့်များကို ဖြတ်သန်းပြီး    စနစ်တကျပြုစုမှသာ    ရလဒ်ကောင်းပေါ်ထွက်စေမည် ဖြစ်ပေသည်။ သို့ဖြစ်၍ တစ်ဦးတစ်ယောက်တည်းအားဖြင့် ဆောင်ရွက်ရန်  မဖြစ်နိုင်ဘဲ  ပညာရှင်အသီးသီး၏  စုပေါင်းဆောင်ရွက်မှုဖြင့်သာ  မျှတသော၊  ဘက်လိုက်မှုကင်းသော၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၏  ရည်ရွယ်ချက်ကို   ကောင်းစွာအထောက်အပံ့ပေးနိုင်သော မေးခွန်းပြုစုမှုစနစ်ဖြစ်ပေမည်။

ပြောင်းလဲခြင်းနှင့် အမျိုးသားစရိုက်လက္ခဏာ

တစ်နိုင်ငံလုံးနှင့်သက်ဆိုင်ပြီး  ကြီးမားသောအပြောင်းအလဲကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတွင်းရှိနိုင်ငံသားတို့၏ အမျိုးသားစရိုက်လက္ခဏာ (National Character) ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပေသည်။ တိုင်းပြည်အသီးသီးရှိ လူသားမျိုးနွယ် တစ်မျိုးနှင့်တစ်မျိုး အခြေခံ ခံယူချက်၊ အခြေခံ စရိုက်မတူကွဲပြားတတ်ကြသည်။ မြန်မာနိုင်ငံ၏တောတောင် ရေမြေသဘာဝအရ စားဝတ်နေရေး ရပ်တည်ရန်လွယ်ကူသည့်အတွက် မြန်မာတို့သည် မနက်ဖြန်အတွက် တွေးမပူတတ်သည့် လူမျိုးဟု သတ်မှတ်ခြင်းခံရသည်။ ယေဘုယျအားဖြင့် မက်လုံး (သို့) တွန်းအားလေးရှိမှ အားထည့်ကြိုးပမ်းလိုကြသည်။ အနေချောင်လျှင် နေသာသလို နေလိုကြ၏။ ဦးဆောင်မည့်သူရှိပါက နောက်မှာသာ နေလိုကြ၏။ မြန်မာတို့၏ အမျိုးသားစရိုက်လက္ခဏာနှင့် ပတ်သက်၍ စာရေးဆရာကြီး လူထုစိန်ဝင်းက သူ၏ဆောင်းပါးတစ်ပုဒ်တွင် အင်္ဂလိပ်လူမျိုးသတင်းစာအယ်ဒီတာ တစ်ဦး၏ အမြင်အား ဖော်ပြဖူး၏။ ထိုအင်္ဂလိပ်လူမျိုးသတင်းစာအယ်ဒီတာမှာ အိန္ဒိယနှင့်မြန်မာတို့ လွတ်လပ်ရေးရယူရန်ကြိုးပမ်းမှုကာလကို ကောင်းစွာမီသူဖြစ်၍ အိန္ဒိယနှင့် မြန်မာလူမျိုးတို့၏      အမျိုးသားစရိုက်လက္ခဏာကို      နှိုင်းယှဉ်ရှုမြင်ခြင်း  ဖြစ်သည်။    ထိုအယ်ဒီတာ၏အမြင်မှာ  အိန္ဒိယနိုင်ငံတွင် ခေါင်းဆောင်ကောင်းများစွာ  ပေါ်ထွန်းသော်လည်း  အိန္ဒိယ လူမျိုးတို့သည် နောက်လိုက် ကောင်းမဖြစ်ကြ။

မြန်မာနိုင်ငံကတော့ပြောင်းပြန်ဖြစ်သည်။  ခေါင်းဆောင်ကောင်းလွန်စွာ နည်းသော်လည်း ထိုခေါင်းဆောင်ကောင်းကို ထောက်ခံအား ပေးသော၊ တစ်သဝေမတိမ်း နာခံသောနောက်လိုက်ကောင်း များစွာရှိသည်ဟူ၏။ ဆိုလိုသည်မှာ မြန်မာလူမျိုးတို့၏ အမျိုး သားစရိုက်လက္ခဏာသည် ဦးဆောင်သူ (သို့) ဝါကြီးသူ၊ ဂုဏ်ကြီးသူတို့ကို အလေးအမြတ်ထား၏။ ထိုသူတို့၏စကားကို တစ်သဝေမတိမ်းလေးစားနာခံတတ်သော သဘောရှိ၏။ နောက်လိုက်ပီသ၏။ ခေါင်းဆောင်မှားက နောက်ကတသီကြီး လိုက်မှားကြ မည့်သဘောဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့် မြန်မာတို့၏ပညာရေးသည် စာမေးပွဲက ဦးဆောင်သော ပညာရေးဖြစ်သည် ဆိုသည့်အချက်ကို အလေးထားစဉ်းစားကြစေလိုခြင်း ဖြစ်ပါသည်။

တကယ်တော့ ပညာသင်ကြားခြင်း၊ ပညာသင်ယူခြင်းကိစ္စသည်  အလွန်ကျယ်ပြန့်  နက်နဲသောကိစ္စဖြစ်သည်။  စာမေးပွဲ ရလဒ်တစ်ခုတည်းက လူတစ်ဦးတစ်ယောက်၏ဘဝ အောင်မြင်မှုကို တိုင်းတာဆုံးဖြတ်မှု မပြုလုပ်နိုင်ပေ။ မြန်မာနိုင်ငံတွင်လည်း တတ်မြောက်မှု  အကဲဖြတ်စနစ်ကို    ပြောင်းလဲရန်    ကြိုးပမ်း အကောင်အထည်ဖော်ခဲ့ကြသည်။ ဖော်နေကြသည်။ သို့သော် ထင်သလောက် ခရီးမပေါက်သေးပေ။ လူမှုအသိုင်းအဝိုင်းတစ်ခုအတွင်း  ကာလရှည်ကြာစွာ  စွဲမြဲယုံကြည်လက်ခံထားသော အကြောင်းအရာကိစ္စတစ်ခုကို ချက်ချင်းပြောင်းလဲပစ်လိုက်ရန် ဆိုသည်မှာ  အပြောလွယ်သလောက်    လက်တွေ့အကောင် အထည်ဖော်ရန် ခက်လှပေသည်။ အပြောင်းအလဲကို အကောင် အထည်ဖော်ရန်  Stakeholders များအားလုံး ယုံယုံကြည်ကြည်    ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်အပြင်  ဦးဆောင် အကောင်အထည်ဖော်မည့်သူများသည်  လိမ္မာပါးနပ်စွာဖြင့် စိတ်ရှည်ရှည်ထား၍ အချိန်ယူကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်မှသာ ပန်းတိုင်ရောက်ရှိပေလိမ့်မည်။

ပြောင်းလဲစေဖို့အခြေအနေ ဖန်တီးပေးရမည်

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်စီမံခန့်ခွဲမှုတွင် အထက်မှ  အောက်သို့သာ  အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်သော  အစဉ်အလာကြီးမားခဲ့မှုကြောင့် လည်းကောင်း၊ မြန်မာတို့၏ အပြောင်းအလဲပြုလုပ်ရန် တွေဝေတုံ့ဆိုင်းတတ်သော စရိုက်လက္ခဏာ ကြောင့်လည်းကောင်း၊ အနေချောင်လျှင် နေသာသလို နေလို ကြသော အလေ့အထသဘာဝကြောင့်လည်းကောင်း သင်ကြားသူ၏    သင်ကြားနည်းစနစ်ကို    ဇွတ်အတင်းပြောင်းနိုင်ဖို့ရာ မလွယ်ကူလှပေ။ သို့သော် မြန်မာတို့သည် ပြောင်းလဲဖြစ်ပေါ်လာသောအခြေအနေအရပ်ရပ်နှင့်အညီ  လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိရှင်သန်နိုင်စွမ်း (Adaptability) မြင့်မားသူများ ဖြစ်ကြသည်။   သို့အတွက်  သင်ကြားသူကိုယ်တိုင်က “ငါမပြောင်းလျှင်မဖြစ်တော့” ဟူသော အသိသတိဝင်လာပြီး ကိုယ်တိုင်ပြောင်းလဲလိုစိတ်      ဖြစ်ပေါ်စေသောအနေအထား သို့ရောက်အောင် အခြေအနေတစ်ရပ် ဖန်တီးပေးမှသာ အမှန် တကယ်ပြောင်းလဲရန် ကြိုးစားကြပေလိမ့်မည်။

မဝေးတော့သောအနာဂတ်ကာလတွင် ပေါ်ထွန်းလာမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများနှင့် မေးခွန်းတို့၏အရည်အသွေးသည်  နိုင်ငံ၏ပညာရေးအပြောင်းအလဲ၌  အဓိကကျသော အစိတ်အပိုင်း ဖြစ်ပေသည်။ သို့ဖြစ်၍ ယင်းစာမေးပွဲများတွင် အသုံးပြုမည့် မေးခွန်းအသီးသီးသည် နိုင်ငံတကာတွင်ကျင့်သုံး သော ဝင်ခွင့်စာမေးပွဲများ၏စံနှုန်းနှင့် ဆီလျော်သော၊ သင်ကြားမှု/သင်ယူမှုဖြစ်စဉ်ကို  ကောင်းကျိုးသက်ရောက်စေသော၊ လက်တွေ့လူမှုဘဝနှင့်  ဆက်နွှယ်မှုရှိသော၊  မေးခွန်းကောင်းတို့၏ဂုဏ်အင်္ဂါရပ်နှင့်ညီညွတ်သော  မေးခွန်းများဖြစ်ကြပြီး မြန်မာ့ပညာရေး အပြောင်းအလဲအတွက် အထောက်အပံ့ဖြစ် နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

မြင့်ထွေး(အင်္ဂလိပ်စာ)