၂၂ ဇူလိုင်
ကျွန်တော် တစ်လောက နေပြည်တော်မှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့တယ်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကြီးမှူးကျင်းပတဲ့ သင်တန်းမှာ ကျွန်တော့်ကို ပို့ချပေးဖို့ ဖိတ်ကြားခဲ့တာ။ ကျွန်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လာရင် အမြဲတမ်းအကူအညီ ပေးချင်တဲ့ဆန္ဒရှိတယ်။ ကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့ ဦးအောင်ကြည်နဲ့ ရင်းနှီးတယ်။ လေးစားတယ်။ သူ့ကို ပြည်ထောင်စုဝန်ကြီးဘဝကတည်းက သိကျွမ်းခဲ့တာ။ မောင်တောစုံစမ်းရေးကော်မရှင်နဲ့ ငြိမ်းချမ်းရေးကော်မရှင်တုန်းကလည်း အတူတူ။ သူတာဝန်ယူခဲ့တဲ့အချိန်ကစပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ ပိုပြီးအရှိန်ရလာပြီး လုပ်ငန်းတာဝန်တွေဟာ ထင်သာမြင်သာရှိလာတယ်။
လူငယ်များနှင့် ဖြောင့်မတ်တည်ကြည်မှု
သင်တန်းက ငါးရက်။ အဖွဲ့အစည်းအသီးသီးက တာဝန်ယူပြီး ပို့ချတာ။ နိုင်ငံတကာအဖွဲ့အစည်းလည်း ပါတယ်။ သင်တန်းသားတွေက တက္ကသိုလ် ၁၀ ခုက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ။ ခေါင်းစဉ်က လူငယ်များနဲ့ ပတ်သက်ပြီး ဖြောင့်မတ်တည်ကြည်မှု။ ခေါင်းစဉ်ကို ကျွန်တော်က သိပ်သဘောကျတယ်။ ဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်း။ ဒီခံယူချက်တွေဟာ အလွန်တန်ဖိုးထားရမယ့် အရာတွေဖြစ်တယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးအကြီးဆုံးက သိက္ခာသမာဓိပဲ ဖြစ်တယ်။ ဘာနဲ့မှ အစားမထိုးနိုင်တဲ့အရာဖြစ်တယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ရာထူးနဲ့ မဆိုင်ဘူး။ ငွေကြေးကြွယ်ဝမှုနဲ့ မဆိုင်ဘူး။ ဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်းနဲ့ဆိုင်တယ်လို့ ထင်တယ်။
အကျင့်စာရိတ္တဆိုတာ တန်ဖိုးအရှိဆုံးအရာဖြစ်တယ်။ ငွေနဲ့ မလဲနိုင်တဲ့အရာ။ ရာထူးနဲ့လည်း မဆိုင်ဘူး။ ကျွန်တော့်ရဲ့ တင်ပြချက်ကို အသေးစိတ်မျှဝေချင်ပါတယ်။ သင်တန်းကို မတက်ရောက်နိုင်သူတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ထုံးစံအတိုင်း ကျွန်တော်က slides တွေကို အားကိုးပြီး တင်ပြခဲ့တယ်။ ဒါကြောင့် slides တွေမသုံးဘဲ လက်တန်းပြောနိုင်၊ ဟောနိုင်သူတွေကို ချီးကျူးမိတယ်။ အားကျမိတယ်။ slides တွေမသုံးရင် ကျွန်တော့်စိတ်ထဲမှာ မလုံခြုံသလိုဖြစ်တယ်။ ဒါကြောင့် ကျွန်တော်က နေ့စဉ် slides တွေ အမြဲပြင်ဆင်တယ်။ အနည်းဆုံး ၂ နာရီလောက် အချိန်သုံးရတယ်။ တာဝန်တစ်ခုအနေနဲ့ မဟုတ်ပေမယ့် ကိုယ်ဝါသနာပါတာကို လုပ်နေရတာကို ကျေနပ်မိတယ်။ slides တွေကို လုပ်ခဲ့တာ အခုဆိုရင် အနှစ် ၂၀ ရှိပြီ။ ပိုပြီးကျွမ်းကျင်အောင်၊ ထိရောက်အောင် အမြဲကြိုးစားတယ်။ ကိုယ့်စိတ်ထဲမှာ ပန်းချီဆွဲနေသလို၊ တူရိယာတီးခတ်နေရသလိုပါပဲ။
ကျွန်တော့်ရဲ့ ပထမဆုံး slides မျက်နှာဖုံးမှာ ဖြောင့်မတ်တည်ကြည်မှုအတွက် လူငယ်ရဲ့ တာဝန်လို့ ရေးထားပြီး အဂတိ လိုက်စားမှုကို လက်မခံတဲ့ လက်ဝါးတံဆိပ်ကိုလည်း ဖော်ပြခဲ့တယ်။ လူငယ်တွေအတွက် ဖြောင့်မတ်တည်ကြည်မှုကို ပညာရေးက စရမှာဖြစ်တယ်။ ကျွန်တော်က ပညာရေးဟာ သော့ချက်ဖြစ်တယ်လို့ ယုံတယ်။ အရာရာပြောင်းလဲချင်ရင် ပညာရေးနဲ့စဖို့ အရေးကြီးတယ်။ ဒါကြောင့်လည်း လူ့အခွင့် အရေးတိုက်ပွဲဝင်ခဲ့တဲ့ နိုဘယ်ဆုရှင်လူငယ် မာလာလာရဲ့ အဆိုအမိန့်ကို မျှဝေခဲ့တယ်။ သူ့ကို အကြမ်းဖက်သမားတွေက လုပ်ကြံခဲ့တယ်။ သေနတ်နဲ့ ဦးခေါင်းကို အပစ်ခံခဲ့ရတယ်။ ဒါပေမယ့် အံ့ဩဖွယ်အသက်ရှင်ခဲ့တယ်။ သူက “ကလေး တစ်ယောက်၊ ဆရာတစ်ဦး၊ စာအုပ်တစ်အုပ်နဲ့ ကလောင် တစ်ချောင်း” ဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်ကြောင်း သတိပေးခဲ့တယ်။ အနှစ်သာရက တစ်ဦးစီမှာ တာဝန်ယူဖို့လိုကြောင်း သတိပေးခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဖြောင့်မတ်တည်ကြည်မှုနဲ့ ပတ်သက်ပြီး ယဉ်ကျေးမှုတစ်ရပ် တည်ဆောက်ဖို့ လိုအပ်တယ်။ အခုလိုဆောင်ရွက်ရာမှာ အသိပညာ၊ အတတ်ပညာနဲ့ အပြုအမူတွေ လိုအပ်တယ်။ အနာဂတ်အတွက် လက်ရှိကာလမှာ အဂတိလိုက်စားမှုကို ချေဖျက်နိုင်ဖို့ ပညာရေးနဲ့ စတင်ရမှာသာဖြစ်တယ်။ အသက်ငယ်ငယ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို သိနားလည်အောင်၊ တန်ဖိုးထားအောင် လုပ်ရမှာဖြစ်တယ်။ ဒါကြောင့်လည်း ပညာရေးစနစ်မှာ လူငယ်တွေကြား ဆွေးနွေးမှုတွေ၊ လေ့လာမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။
သင်ရိုးòန်းတမ်းမှာ ဖြောင့်မတ်တည်ကြည်မှုကို ထည့်သွင်းဖို့လို
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရာမှာ သင်ရိုးညွှန်းတမ်းဟာ အခြေခံအချက်ဖြစ်တယ်။ ဒါကြောင့်လည်း သင်ရိုး ညွှန်းတမ်းအတွင်း ဖြောင့်မတ်တည်ကြည်မှုကို ထည့်သွင်းနိုင်ဖို့ လိုအပ်တယ်။ အခုလို ဆောင်ရွက်ရာမှာ တည်ဆဲသင်ရိုး ညွှန်းတမ်းတွေကို သုံးသပ်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေလုပ်ဖို့ လိုအပ်တယ်။ တစ်ဖက်မှာလည်း တာဝန်ရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ ဖြောင့်မတ်တည်ကြည်မှုသင်တန်းတွေ ပို့ချပေးဖို့ လိုအပ်ပါတယ်။ ကျောင်းပြင်ပမှာလည်း ဖြောင့်မတ်တည်ကြည်မှုသင်တန်းတွေ ကျင်းပရမှာဖြစ်တယ်။ ဖြောင့်မတ် တည်ကြည်မှုကို သင်ကြားရာမှာ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ အစိုးရယန္တရားတွေကိုလည်း တစ်ပါတည်း ပို့ချနိုင်ဖို့ အရေးကြီးတယ်။ အခုလို ဆောင်ရွက်ရာမှာ ပညာရေး ဝန်ကြီးဌာနက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ ပူးပေါင်းပြီး ဦးစီးဖို့လိုမှာဖြစ်တယ်။
ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရာမှာ မီဒီယာရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးကြီးလှပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာလည်း အလွန်အရေးကြီးပါတယ်။ စောင့်ကြည့် သူအဖွဲ့တာဝန်ကို ယူရမှာသာဖြစ်တယ်။ ဖြောင့်မတ်တည်ကြည်မှုနဲ့ ပတ်သက်ပြီး မူကြိုကျောင်း၊ မူလတန်းကျောင်းနဲ့ အလယ် တန်းကျောင်းတွေက စတင်ဖို့လိုအပ်တယ်။ ကလေးလူငယ်တွေကို သိက္ခာ၊ သမာဓိ တန်ဖိုးထားသူတွေဖြစ်အောင် ပြုစုပျိုးထောင်ရမှာဖြစ်တယ်။ ဥပဒေတွေ၊ အဖွဲ့အစည်းတွေဟာ အရေးပါလှပေမယ့် အမှန်တော့ ကလေးတွေရဲ့ ပညာရေးဟာ ပဓာနဖြစ်တယ်။ အခုလို ဆောင်ရွက်ရာမှာ ဖြောင့်မတ်တည် ကြည်မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသာမက ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုကိုလည်း အားပေးရမှာဖြစ်တယ်။
ကျွန်တော်က သင်တန်းတက်ရောက်လာတဲ့ လူငယ်တွေကို စိတ်ခွန်အားတွေ ပေးခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပွင့်လင်းမြင်သာမှုရှိတဲ့ ဒီမိုကရေစီလူ့အသိုင်းအဝိုင်း ပေါ်ပေါက်လာအောင် ကြိုးစားရမှာဖြစ်တယ်။ အမှန်တော့ ဒီမိုကရေစီစနစ်ဟာ ဖြောင့်မတ်တည်ကြည်မှုကို အားပေးပါတယ်။ လူငယ်တွေအနေနဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံမှာ နိုင်ငံရေးကို စိတ်ဝင်စားရုံမကဘဲ ဒီမိုကရေစီအခြေခံတန်ဖိုးထားမှုတွေကို အားပေးပြီး လူ့အဖွဲ့အစည်းအတွင်း တက်တက်ကြွကြွပါဝင် သွားဖို့ လိုအပ်ပါတယ်။ လူငယ်တွေရဲ့ ဖြောင့်မတ်တည်ကြည်မှုကို လက်တွေ့မှာ ကျင့်သုံးနိုင်စေဖို့ တွန်းအားပေးတဲ့ ခေတ်သစ်နည်းပညာတွေ ပေါ်ထွက်နေတာကိုလည်း သတိပြုရမယ်။ လူငယ်အချင်းချင်းလည်း ဖြောင့်မတ်တည်ကြည်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ၊ အတွေ့အကြုံဖလှယ်မှုတွေလည်း ဆောင်ရွက်သင့်ပါတယ်။
အဂတိလိုက်စားမှုဟာ တစ်နိုင်ငံလုံးရဲ့ ဖွံ့ ဖြိုးမှုကိုထိခိုက်
လူငယ်တွေကို နိုင်ငံတော်အစိုးရက အကောင်အထည် ဖော်လျက်ရှိတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်တွေမှာ တက်တက်ကြွကြွပါဝင်သွားဖို့ တိုက်တွန်းခဲ့တယ်။ “အလိုတူအလိုပါ” မဖြစ်အောင် ဆင်ခြင်ရမှာ ဖြစ်တယ်။ ဒါကြောင့်လည်း လူငယ်တွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြောင်း တင်ပြခဲ့တယ်။ အမှန်တော့ မြန်မာစကားဟာ အလွန်ထိရောက်လှပါတယ်။ “ဂတိ” နဲ့ “အဂတိ” ဒီစကားနှစ်လုံးဟာ ဆန့်ကျင်ဘက်တွေဖြစ်တယ်။ “ဂတိ” ကို တန်ဖိုးထားရမယ်၊ အသိအမှတ်ပြုရမယ်၊ “အဂတိ” ကို ရှောင်ရမယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လာရင် တချို့က “ငါးကြီးတွေကိုကြော်” ဖို့ တိုက်တွန်းနေကြတယ်။ ငါးကြီးတွေသာကြော်ရင် ငါးလတ်တွေ၊ ငါးအသေးတွေကိုတော့ လွှတ်ပေးရမှာလား။ ကျွန်တော့်သဘောကတော့ ငါးတွေအားလုံးကို ကြော်ရမှာဖြစ်တယ်။ မဟုတ်ရင် အဂတိ လိုက်စားမှုရဲ့ ပမာဏအပေါ် အခြေခံပြီး အရေးယူတာမျိုးဟာ မဖြစ်သင့်တဲ့ အရာသာဖြစ်တယ်။ တကယ်တော့ (Zero-tolerance) လုံးဝလက်မခံတဲ့ သဘောထားရှိဖို့လိုတယ်။ သည်းခံတဲ့၊ ခွင့်လွှတ်တဲ့စိတ်နဲ့စရင် ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။
အဂတိလိုက်စားမှုဟာ တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းတစ်ခုချင်းအတွက်သာမက တစ်နိုင်ငံလုံးရဲ့ ဖွံ့ ဖြိုး တိုးတက်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံက ၂၀၃၀ ပြည့်နှစ်အထိ အကျုံးဝင်တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုစီမံချက်ကို သဘောတူလက်ခံခဲ့ပြီး ရည်မှန်းချက် ၁၇ ချက်ကို ဖော်ထုတ်ခဲ့ပါတယ်။ ရည်မှန်းချက်အမှတ် (၁၆) မှာ ငြိမ်းချမ်းတဲ့၊ တရားဥပဒေစိုးမိုးတဲ့၊ ခိုင်မာကျစ်လျစ်တဲ့ အဖွဲ့အစည်းများနဲ့ စုစည်းထားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ထုတ်ဖို့ လက်ခံခဲ့တယ်။ ရည်ရွယ်ချက်တစ်ရပ်အနေနဲ့ အဂတိမျိုးစုံကို ထိထိရောက်ရောက် သိသိသာသာ လျော့ကျအောင် ဆောင်ရွက်ဖို့ သဘော တူခဲ့ကြတယ်။ အဂတိလိုက်စားမှုကြောင့် ပြည်သူတွေ အထူးသဖြင့် အခြေခံလူတန်းစားတွေရဲ့ ဘဝကို ထိခိုက်နိုင်ပါတယ်။
အခုချိန်မှာ အဂတိလိုက်စားမှုလုပ်ငန်းတွေကို ထင်သာမြင်သာဖြစ်အောင် ဆောင်ရွက်နေတာကို ဝမ်းသာစွာတွေ့ရတယ်။ အခုလို ဆောင်ရွက်ရာမှာ အောက်ခြေကစတင်ဖို့ လိုအပ်တယ်။ လူငယ်များရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တာဝန်ဟာ ကြီးမားလှပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းဖြစ်တာမို့ အင်အားကြီးပါတယ်။ လူငယ်တွေဟာလည်း အဂတိလိုက်စားမှုကို နေ့စဉ်ကြုံတွေ့နေရတယ်။ ခံစားနေရတယ်။ ပါဝင်နေကြတယ်။ အနာဂတ်ကာလမှာ ခေါင်းဆောင်ဖြစ်မယ့် သူတွေဖြစ်တာမို့ ငယ်စဉ်ကတည်းက ရိုးသားတည်ကြည်ဖြောင့်မတ်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို တစ်ဦးချင်းတစ်ယောက်ချင်း မြှင့်တင်ဖို့ ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်။
အဂတိလိုက်စားမှုကင်းသော နိုင်ငံတစ်နိုင်ငံဖြစ်ရေး
နိဂုံးချုပ်အနေနဲ့ သင်တန်းတက်ရောက်လာတဲ့သူတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါကတော့ “မြန်မာလူငယ်များ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး” အသင်းတစ်ခု တည်ထောင်ပြီး စိတ်ဝင်စားတဲ့၊ ပါဝင်ပတ်သက်ချင်တဲ့ လူငယ်တိုင်းကို ဒီအသင်းကြီးမှာ ပါဝင်စေချင်ပါတယ်။ ဒီအသင်းကြီးအနေနဲ့ အဂတိလိုက်စားမှုကို နေရာတိုင်းမှာ တိုက်ဖျက်ရုံမက၊ ကိုယ်ကိုယ်တိုင်လည်း ပါဝင်မှုမရှိအောင်၊ မကျင့်သုံးအောင် ကတိပြုဖို့ လိုအပ်ပါတယ်။ ဒီအသင်းကြီးကို ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ လုပ်ငန်းခွင်တွေမှာ ဖွဲ့စည်းပြီး ပညာပေး သင်တန်းတွေ၊ ဦးဆောင်မှုလုပ်ငန်းတွေ ဖော်ထုတ်သွားသင့်တယ်။ လူငယ်များရဲ့ အသံတွေကို ကျယ်ကျယ်လောင်လောင်ကြားအောင် ဖော်ထုတ်သွားရမှာ ဖြစ်တယ်။ လူငယ်တွေရဲ့ ပါဝင်ပတ်သက်မှုကိုလည်း ပုံစံအမျိုးမျိုးနဲ့ တိုက်တွန်းသွားဖို့ လိုအပ်ပါတယ်။
ကျွန်တော့်ကို သင်တန်းမှာ လာရောက်ပို့ချဖို့ ဖိတ်ကြားတဲ့ ဥက္ကဋ္ဌကြီး ဦးအောင်ကြည်ကိုလည်း ကျေးဇူးတင်မိပါတယ်။ ဟောပြောနေစဉ် တက်ရောက်ခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင်တွေ ကိုလည်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော်ဟာ လူငယ်တွေကို ယုံကြည်တယ်။ အားကိုးတယ်။ လူငယ်တွေရဲ့ တက်ကြွမှု၊ လူငယ်တွေရဲ့ အင်အားကိုအခြေခံပြီး တိုင်းပြည်ကို တွန်းရွှေ့ဖို့ လိုအပ်ပါတယ်။ ကိုယ့်နိုင်ငံမှာ အဂတိလိုက်စားမှုကင်းလွတ်တဲ့ နိုင်ငံတစ်ခုဖြစ်အောင် အားလုံးဝိုင်းဝန်းပြီး ကြိုးစားသွားရမှာသာ ဖြစ်ပါတယ်။
ပါမောက္ခ၊ ဒေါက်တာ အောင်ထွန်းသက်