၂၂ ဇူလိုင်
ခဲဆိပ်သင့်ခြင်း (Lead Poisoning) ဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်တွင်းသို့ ခဲဓာတ်ဝင်ရောက်နေမှုပမာဏ များပြားနေခြင်းအား ခေါ်ဆိုခြင်းဖြစ်သည်။ လုပ်ငန်းခွင်အတွင်း၌ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိ်ုင်သည့် အန္တရာယ်များစွာရှိသည့်အနက်မှ ခဲဆိပ်သင့်အန္တရာယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အသက်အရွယ် ကျား/မ မရွေး ဖြစ်ပွားနိုင်ပါသည်။
ခဲဆိပ်သင့်စေနိုင်သော လုပ်ငန်းခွင်များ
ခဲဆိပ်သင့်အန္တရာယ်ကို ဖြစ်ပွားစေနိုင်သည့် လုပ်ငန်းများမှာ သတ္တုတွင်းတူးဖော်သည့် မိုင်းတွင်းလုပ်ငန်းများ၊ ရေနံချက်လုပ်ငန်းများ၊ ခဲသတ္တုအရည်ကျိုလုပ်ငန်းများ၊ ဘက်ထရီအိုး ထုတ်လုပ်ပြုပြင်သည့်လုပ်ငန်းများ၊ စဉ့်ထည်လုပ်ငန်းများ၊ အိမ်သုတ်ဆေးထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆေးမှုတ်ဆေးသုတ်လုပ်ငန်းများ၊ ကားဝပ်ရှော့များရှိ စက်ပြင်ဆေးမှုတ် စသည့်လုပ်ငန်းများဖြစ်သည်။
ခဲဓာတ်သည် လူ၏ခန္ဓာကိုယ်တွင်းသို့ အသက်ရှူ
လမ်းကြောင်းမှသော်လည်းကောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းမှသော်လည်းကောင်း ဝင်ရောက်နိုင်ပါသည်။ ခဲချော်ချေး ဘက်ထရီပလိပ်ပြားများကို ထုထောင်းရာမှ ထွက်လာသည့် ခဲမှုန်များ၊ ဘက်ထရီပလိပ်ပြား အဟောင်း များအား စဉ့်ရည်ဖျော်ရန်ထောင်းရာမှ ထွက်လာသည့် ခဲမှုန်များ၊ ဘက်ထရီအိုးအစိုများကို အားသွင်းပြုပြင်စဉ် ခဲကျိုရာမှထွက်လာသည့် ခဲငွေ့များ ရှူရှိုက်မိရာမှ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ ခဲဆိပ်များ ဝင်ရောက်သွားပါသည်။
ထို့အပြင် ခဲမှုန်များကပ်နေသည့် လုပ်ငန်းသုံးဝတ်စုံများကို မလဲမိသည့်အခါတွင်လည်း မိမိသာမက အတူနေ မိသားစုဝင်များပါ ရှူရှိုက်မိ၍လည်း ခဲဆိပ်သင့်နိုင်ပါသည်။ ခဲလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အစာမစားမီလက်ကို စင်ကြယ်စွာ ဆေးကြောခြင်းမပြုဘဲ အစာစားသုံးမိရာမှလည်း ခဲမှုန်များသည် အစာအိမ်နှင့် အူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ပြီးခဲဆိပ်သင့် စေပါသည်။
ခဲဆိပ်သင့်ပြီဆိုလျှင်
ကလေးငယ်များတွင် ခဲဆိပ်သင့်ခံရပါက အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိပါသည်။ အထူးသဖြင့် အသက်ခြောက်နှစ်အောက် ကလေးငယ်များတွင် ခဲဆိပ်သင့်ခံရပါက ခံနိုင်ရည်နည်းပါးကြသည်။ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။ ခဲမှုန်များ ကပ်နေသည့် လုပ်ငန်းခွင်သုံးဝတ်စုံများကို မလဲမိဘဲ ကလေးများအား ချီမိပါက ကလေးများသည် ခဲမှုန်များ ရှူရှိုက်မိ၍လည်း ခဲဆိပ်သင့်နိုင်ပါသည်။
ထို့အပြင် ဘက်ထရီလုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းခွင်အနီးတွင် ခဲကျိုရာမှ ထွက်လာသည့် ခဲငွေ့များ၊ ခဲရည်များ၊ ခဲသုတ်ပြီးသား ပလိပ်ပြားအဆွေးအပျက်များ ရှိနေတတ်ပါသည်။ အသက် ခြောက်နှစ်အောက် ကလေးများသည် ပါးစပ်ထဲသို့ လက်ထည့်တတ်သည့်အကျင့်ရှိသောကြောင့် မြေကြီးများ ကိုင်ပြီးလက်ကိုစင်ကြယ်အောင် မဆေးပေးမိပါက ခဲဆိပ်သင့်နိုင်ပါသည်။ သုတ်ဆေး၊ မှုတ်ဆေးနှင့် ရောင်စုံခြယ်သထားသည့် ကလေးကစားစရာများတွင်လည်း ခဲဓာတ်ပါဝင်မှုရှိပါသည်။ ဆေးသုတ်ထားသည့် ကစားစရာများ ဟောင်းနွမ်းသွားသည့်အခါ ဆေးဖတ်များ ကွာကျတတ်ပါသည်။ အဆိုပါ ဆေးဖတ်များသည် ချိုသောအရသာ ရှိသောကြောင့် ကလေးများ ဝါးစားမိ၍လည်း ခဲဆိပ်သင့် နိုင်ပါသည်။
ကလေးများ ခဲဆိပ်သင့်လက္ခဏာ ခံစားရပါက ဂနာမငြိမ် ဖြစ်လာတတ်သည်။ ကိုယ်ပူခြင်း၊ ဖျားခြင်းမရှိဘဲနှင့် အတက် ရောဂါရတတ်သည်။ ထို့အပြင် ရန်လိုခြင်း၊ စာသင်ကြားမှု ခက်ခဲခြင်း၊ အကြားအာရုံထိခိုက်ခြင်းတို့အပြင် သွေးအားနည်းခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ကိုယ်အပူချိန်တက်ခြင်းနှင့် ကျောက်ကပ်လုပ်ငန်းများ ထိခိုက်ခြင်းစသည့် လက္ခဏာများ ခံစားလာရပါသည်။
လူကြီးများတွင် ခဲဆိပ်သင့်ခြင်းခံစားလာရပါက ခံတွင်းပျက်ခြင်း၊ စားချင်သောက်ချင်စိတ်မရှိခြင်း၊ လုပ်ချင်ကိုင်ချင်စိတ် မရှိခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်နာခြင်းတို့ ခံစားလာရသည်။ ထို့အပြင် သွေးတိုးခြင်း၊ ကြွက်သားအဆစ်အမျက်များ နာကျင်ခြင်း၊ မှတ်သားရခက်ခဲခြင်းနှင့် အာရုံစိုက်ရန်ခက်ခဲခြင်း၊ ခေါင်းကိုက် ခြင်း၊ စိတ်အပြောင်းအလဲများခြင်း၊ အမျိုးသားများတွင် လိင်စိတ် လျော့နည်းသွားခြင်း၊ အမျိုးသမီးများတွင် ကိုယ်ဝန်ပျက်ကျတတ်ခြင်း၊ မြုံခြင်း၊ ဦးနှောက်ရောင်၍တက်ခြင်း စသည့်လက္ခဏာ များခံစားလာရ၍ နောက်ဆုံးတွင် သတိလစ်မေ့မြောကာ အသက်သေဆုံးခြင်းတို့ ဖြစ်ပေါ်လာပါသည်။
ခဲဆိပ်သင့်ခြင်းဖြစ်ပေါ်စေသော ပမာဏ
ယခုနောက်ပိုင်းတွင် မြန်မာပြည်အနှံ့အပြား၌ ခဲဆိပ်သင့် လူနာများ အများအပြားတွေ့ရှိလာရပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သှူကျန်းမာရေး ဦးစီးဌာနအနေဖြင့် လုပ်ငန်းခွင်အတွင်းမှ ခဲဆိပ်သင့်နိုင်သည့် လူများ၊ ခဲဆိပ်သင့်နိုင်သည့် နေရာများအား လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲရှိ ဓာတ်ခွဲခန်းတွင် သွေးအတွင်း ခဲဓာတ်ပါဝင်မှုကိုတိုင်းတာသည့် (Atomic Absorption Spectrometer – AAS) စက်၊ ရေအတွင်းခဲဓာတ် ပါဝင်မှုကို တိုင်းတာသည့် (Inductively Coupled Plasma Optical Emission Spectrometer – ICP-OES) စက်များနှင့် စမ်းသပ်စစ်ဆေးပေးလျက်ရှိသည်။ ထိုသို့စစ်ဆေးရာတွင် သွေးအတွင်း ခဲဓာတ်ပါဝင်နေမှုအား လူကြီးတစ်ယောက် အတွက် ၄၀ မိုက်ခရိုဂရမ်ပါဒတ်စီလေတာ (40 ug/dL) ၊ ကလေးတစ်ယောက်အတွက် ၁၀ မိုက်ခရိုဂရမ်ပါဒတ်စီလေတာ (10 ug/dL) ဟူ၍သတ်မှတ်ထားပါသည်။ အဆိုပါ ပမာဏထက် ခဲဓာတ်ပါဝင်မှု ပိုများနေပါက ခဲဆိပ်သင့်လူနာအဖြစ် သတ်မှတ်ပါသည်။
အကယ်၍ ခဲဆိပ်သင့်ဝေဒနာ ခံစားနေရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် အချိန်မီစောစီးစွာ ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ ဆေးရုံ၊ ဆေးခန်းများတွင် ခန္ဓာကိုယ်တွင်းရှိ စုနေသည့် ခဲဓာတ်များအား ဆီးမှတစ်ဆင့် ပြန်လည်စွန့်ထုတ် ပေးသည့်နည်းလမ်း၊ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း၌ ရှိနေသည့် ခဲဓာတ်များကို ပြုပြင်ထားသည့် မီးသွေးတစ်မျိုး နှင့်သွားပေါင်း၍ ဝမ်းသွားသည့်အခါ ခန္ဓာကိုယ်တွင်းမှ ထွက်သွားအောင် အကူအညီပေးသည့် (EDTA) ခေါ် ဓာတုဓာတ်တစ်မျိုးအား အသုံးပြုသည့် နည်းလမ်းတို့ဖြင့် ကုသပေးပါသည်။ သို့သော် အဆိုပါနည်းလမ်းများသည် ခဲဓာတ်ကြာရှည်စွာထိတွေ့မှုရှိခဲ့သည့် ခဲဆိပ်သင့်လူနာများ အတွက်မူ ပြန်ထုတ်ရန်ခက်ခဲမှုများ ရှိနိုင်ပါသည်။ ထို့ကြောင့် အကောင်းဆုံးနှင့် အန္တရာယ်အကင်းဆုံးနည်းလမ်းမှာ ခဲဆိပ်မသင့်အောင် ကြိုတင်၍သတိပြု နေထိုင်ခြင်းပင်ဖြစ်သည်။
ခဲဆိပ်သင့်ခြင်းကင်းဝေးအောင်
ခဲဆိပ်သင့်ခြင်းကင်းဝေးစေရန် အစာမစားမိလက်ကို စင်ကြယ်စွာဆေးကြောပါ။ စဉ့်အိုးထဲတွင် ကာလရှည်စွာ သိပ်ထားသောချဉ်ဖတ်၊ ငါးပိနှင့် ဖောက်ထားသောဝိုင်များအား မစားသောက်သင့်ပါ။ ခဲပါဝင်မှုများသော အလှကုန် ပစ္စည်းများအား သုံးစွဲခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ထို့အပြင် ခဲလုပ်ငန်းတွင် လုပ်ကိုင်နေသူများအနေဖြင့် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အစားအသောက်စားခြင်းတို့ မပြုလုပ်သင့်ပါ။ ခြေ၊ လက်၊ မျက်နှာတို့ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပြီးမှ စားသောက်ပါ။ လုပ်ငန်းခွင်သုံး တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများကို ဝတ်ဆင်၍ အလုပ်လုပ်ပါ။
ကလေးများကို ဆော့ကစားပြီးတိုင်း၊ အစာမစားမီနှင့် အိပ်ရာဝင်ခါနီးတိုင်းတို့တွင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ် အောင်ဆေးကြောပေးပါ။ ကလေးကစားစရာများကို မကြာခဏ ဆေးကြောဖုန်သုတ်ပေးပါ။ ဆေးသုတ်ထားသော ကစားစရာများကို ကလေးများ ပါးစပ်ထဲမထည့်မိစေရန် ဂရုပြုပါ။ အိမ်၊ ကျောင်းတို့၏ ကြမ်းပြင်၊ နံရံ၊ ပြတင်းပေါက် ပေါင်များကို မကြာခဏသန့်ရှင်းရေး ပြုလုပ်ပေးပါ။
ထိုကဲ့သို့ ခဲဆိပ်သင့်အန္တရာယ်ကို ဂရုပြု၍ ကာကွယ်နေထိုင်သွားမည်ဆိုပါက မိမိကိုယ်တိုင်သာမက မိသားစုနှင့် ပတ်ဝန်းကျင်အပါအဝင် လုပ်ငန်းခွင်အတွင်း အဆင်ပြေစွာ နေထိုင်နိုင်ပြီး ကျန်းမာပျော်ရွှင်သော ဘဝတစ်ခု တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ဖေနှင်းငွေ