နေပြည်တော် ၄ ဇန်နဝါရီ
ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းပင်လယ်ကွေ့ တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း"ပါဘက်" (Pabuk)သည် ထိုင်းနိုင်ငံ၊ နခွန်စီသမာရက် မြို့ (Nakhon Si Thammarat)၏ အရှေ့တောင်ဘက် (၈၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ အရှေ့တောင်ဘက် မိုင်(၂၀၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးဇလဌာနမှ သိရသည်။
အဆိုပါ အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk)သည် မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တွင် မြောက်လတ္တီကျု (၈.ဝ)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၁၀၁.၃)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက် လေဖိအား (၉၉၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀) နှုန်း ဖြစ်သည်။
နောက်(၁၈)နာရီအတွင်း အဆိုပါ အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ ကုန်းတွင်းသို့ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်ဘက်ရှိ နခွန်စီသမာရက်မြို့ (ထိုင်း နိုင်ငံ)အနီးမှ ယနေ့ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်ပြီး ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင် သည်ဟု ခန့်မှန်းရသည်။
အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk)၏ အရှိန်ကြောင့် ယနေ့နေ့လယ်မှ နောက် (၇၂) နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာ များတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်သည်။
ယင်းကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလဌာနမှ အကြံပြုထားသည်။
MDN