၂၃  ဇူလိုင်

 

စည်းကမ်းဟူသည် ဆင်းရဲချမ်းသာမရွေး လိုက်နာကျင့်သုံးအပ်သော ကိစ္စဖြစ်သည်။ စည်းကမ်းလိုက်နာခြင်း၊ မလိုက်နာခြင်းသည် မိမိတို့၏ အသိစိတ်ဓာတ်ရှိ၊ မရှိအပေါ်တွင် မူတည်သည်။ စည်းကမ်းလိုက်နာတတ်သော သူသည် မည်မျှပင်ဆင်းရဲနွမ်းပါးသော်လည်း ဂုဏ်ကျက်သရေရှိသော နိုင်ငံကြီးသားတစ်ယောက် ဖြစ်ပေလိမ့်မည်။ စည်းကမ်းမလိုက်နာသူသည်မည်မျှပင် ချမ်းသာကြွယ်ဝစေကာမူ ဂုဏ်သိက္ခာမရှိသော အဆင့်အတန်း နိမ့်သူသာ ဖြစ်ပေလိမ့်မည်။

 

ထို့ကြောင့် စည်းကမ်းသည် ဆင်းရဲချမ်းသာနှင့်မသက်ဆိုင်၊ ပင်ကိုအသိစိတ်ဓာတ်နှင့်သာ သက်ဆိုင်သည်။ စည်းကမ်းသည် လူတိုင်းလူတိုင်းနှင့်သက်ဆိုင်သည်။ လူ့စည်းကမ်း၊ အိမ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ကျောင်းစည်းကမ်း၊ မြို့စည်းကမ်း၊ နိုင်ငံစည်းကမ်း စသည့်စည်းကမ်းအားလုံးတို့သည် လူတိုင်း လူတိုင်းနှင့်သက်ဆိုင်သည်။ သူစည်းကမ်းမရှိလျှင်ငါစည်းကမ်းမရှိ၊ ငါစည်းကမ်းဖောက်လျှင် သူစည်းကမ်းဖောက်မည်ဟု ခံယူထားလျှင် ဘယ်သောအခါမျှ စည်းကမ်းရှိသော လူ့အသိုင်းအဝိုင်း ဖြစ်လာလိမ့်မည်မဟုတ်ချေ။

 

စည်းကမ်းဟူသည် လူတစ်ဦးချင်း၊ လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက် လူတိုင်းလိုက်နာ စောင့်ထိန်းအပ်သည့် ကျင့်ဝတ်ဖြစ်သည်။ မကြာသေးမီက ရန်ကုန်မြို့တွင် ဂျပန်နိုင်ငံမှ ဆောက်လုပ်လှူဒါန်းပေးသော အလွန်ကောင်းမွန်လှပသည့် တံတားအသစ်လက်ရန်းပေါ်တွင် လူတို့၏ အဝတ်အထည်များကို လျှော်ဖွပ်လှမ်းထားသည့်မြင်ကွင်းမှာ စည်းကမ်းမရှိသော ပတ်ဝန်းကျင်နှင့် ထိန်းသိမ်းကြပ်မတ်မှု အားနည်းခြင်းကိုဖော်ပြသည့် အကျည်းတန်သော မြင်ကွင်းတစ်ခုဖြစ်သည်။

 

မြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းကို ထုတ်ဖော်ပြသမည်ဆိုပါက ရန်ကုန်မြို့ကို စံနမူနာပြဖြစ်အောင် ပြသရမည်ဖြစ်သည်။ စည်းကမ်းရှိသော ရန်ကုန်မြို့ဖြစ်မှသာ နိုင်ငံတကာမှ အထင်ကြီးလေးစားမည်ဖြစ်သည်။ စည်းကမ်းလိုက်နာခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ အများ ပြည်သူသုံး ပလက်ဖောင်းများက သက်သေပြနေသည်။ ပြည်သူများ စည်းကမ်းမလိုက်နာ၍ မော်တော်ယာဉ်များ စည်းကမ်းမလိုက်နာခြင်းလော၊ မော်တော်ယာဉ်များ စည်းကမ်းမလိုက်နာ၍ ပြည်သူများ စည်းကမ်းမလိုက်နာခြင်းလော ဝေခွဲမရဖြစ်ရသည်။ အမှန်တကယ်တွင် ကိုယ်စီကိုယ်စီ စည်းကမ်းလိုက်နာပါမှ စည်းကမ်းရှိသောမြင်ကွင်းဖြစ်မည်။

 

စည်းကမ်းသည် ကျင့်ကြံလိုက်နာအားထုတ်ရမည့် အလုပ်ဖြစ်သည်။ စည်းကမ်းသည် လူတို့အား ချုပ်ချယ်ခြင်းမဟုတ်၊ လူ့ပတ်ဝန်းကျင် ကောင်းမွန်တင့်တယ်ရေးအတွက် ပြဋ္ဌာန်းချက်ဖြစ်သည်။ စည်းကမ်းရှိလျှင် နိုင်ငံတိုးတက်ကောင်းမွန်ပြီး စည်းကမ်းမရှိလျှင် နိုင်ငံဖရိုဖရဲဖြစ်၍ အခြားနိုင်ငံများ၏ အထင်သေး အမြင်သေးခံရနိုင်သည်။ ယုတ်စွအဆုံး နိုင်ငံပျက်စီးယိုယွင်းသည်အထိဖြစ်နိုင်၍ စည်းကမ်းဖောက်လျှင် ထီးနန်းပျောက်မည်ဟု ဥပမာပေးထားခြင်းဖြစ်သည်။

 

စည်းကမ်းသည် ကူးစက်တတ်သည့်သဘောရှိသည်။ ရေများ ရေနိုင်၊ မီးများ မီးနိုင်ဆိုသကဲ့သို့ စည်းကမ်းဖောက်မှုများလာလျှင် စည်းကမ်းထိန်းမှုပြုလုပ်နိုင်တော့မည် မဟုတ်သည်ကို ယနေ့မြင်ကွင်းများက သက်သေပြနေသည်။ စည်းကမ်းကို လူတို့၏ပင်ကိုအသိစိတ်ဖြင့် ပြုပြင်နိုင်ပြီး စည်းကမ်းလိုက်နာစေရန် သက်ဆိုင်ရာတို့က တိတိကျကျ ထိန်းသိမ်း ကြပ်မတ်ရန် လိုအပ်သည်။

 

ယနေ့ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အတော်များများ စည်းကမ်းမဲ့နေ သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ စည်းကမ်းမဲ့မှုများလျှင် ကျွန်ုပ်တို့ပတ်ဝန်းကျင်၊ ကျွန်ုပ်တို့နိုင်ငံ ဂုဏ်သိက္ခာမြင့်မားရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေနိုင်၍ အသိတရားဖြင့် သတိထား၍ သတ်မှတ်ထားသော စည်းကမ်းများကို အားလုံးလိုက်နာကြရမည်ဖြစ်ပါသတည်း။ ။

 

ကြေးမုံ