ခြူးစန္ဒီနွေး
အမျိုးသမီးတွေအပေါ် ဖိနှိပ်ကန့်သတ်မှုတွေများတယ်လို့ ဝေဖန်ခံနေရတဲ့ ဆော်ဒီအာရေဗျမှာ အမျိုးသမီးတွေ မျှော်လင့်တကြီး စောင့်မျှော်နေတဲ့အရာတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ အုပ်ထိန်းသူဥပဒေကို ဖယ်ရှားပေးဖို့ပါပဲ။
မျှော်လင့်ချက်ကြီးတစ်ခု
ရှေးရိုးစွဲတွေ ကြီးစိုးတဲ့ဘုရင့်နိုင်ငံတစ်နိုင်ငံမှာ အုပ်ထိန်းသူဥပဒေကို ဖယ်ရှားပေးဖို့ဆိုတာ အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်ကြီးတစ်ခုပါပဲ။ မကြာသေးခင် အချိန်တုန်းကတော့ မီဒီယာတွေမှာ အစိုးရဟာ အမျိုးသမီးအခွင့်အရေးအတွက် ဘယ်လိုမျိုး သိသာထင်ရှားတဲ့အချက်က ပြုပြင်ပြောင်းလဲပေးရင် ကောင်းမလဲဆိုတာကို စဉ်းစားနေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဆော်ဒီအမျိုးသမီးတွေအတွက် အုပ်ထိန်းသူ ဥပဒေဆိုတာကြီးက အကန့်အသတ်တွေ များလွန်းပါတယ်။ အုပ်ထိန်းသူဥပဒေ အရ အမျိုးသမီးတစ်ဦးဟာ လက်ထပ်ခွင့်၊ ကျောင်းအပ်ခွင့်၊ ပတ်စ်ပို့လျှောက်ထားခွင့်နဲ့ နိုင်ငံရပ်ခြား ခရီးသွားတဲ့အခါ အမျိုးသားအုပ်ထိန်းသူရဲ့ သဘော တူခွင့်ပြုချက်မရဘဲ လုပ်ကိုင်နိုင်ခွင့်မရှိပါဘူး။
ခရီးရှည်ကြီး
ဆော်ဒီနိုင်ငံရဲ့နာမည်ကြီး ရုပ်သံအစီအစဉ် တင်ဆက်သူဖြစ်တဲ့ မူနာအက်ဘူဆူလေမန်က တော့ အုပ်ထိန်းသူဥပေဒနဲ့ပတ်သက်ပြီး အစီရင်ခံစာထွက်လာတဲ့အခါ အပြုံးတွေနဲ့အတူ နိုးထလာခဲ့ တယ်လို့ပြောပါတယ်။ “ဒါဟာခရီးရှည်ကြီးတစ်ခုပါပဲ။ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ပြောင်းလဲမှုတွေ မကြာခင်ဖြစ်လာတော့မှာပါလို့ ကျွန်မတို့ကို သူ ပြောခဲ့တာပါ။ အဲဒီမကြာခင်ဆိုတာ အခုအချိန်ကို ပြောတာထင်တယ်”လို့ ဆူလေမန်က ပြောပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာ မက်ဘင်ဆယ်မန်ဟာ ပြုပြင်ပြောင်းလဲမှုတွေ တသီကြီးပြုလုပ်ခဲ့ပြီး တိုင်းပြည်ကို အစွန်းမရောက်တဲ့ နိုင်ငံဖြစ်အောင်လုပ်မယ်ဆိုတဲ့ အိမ်ရှေ့မင်းသားရဲ့ စကားကိုရည်ညွှန်းပြီး ဆူလေမန်က ပြောခဲ့တာပါ။
အယုံအကြည်မဲ့စေခဲ့
လွန်ခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာ အိမ်ရှေ့ မင်းသားဟာ အမျိုးသမီးတွေအပေါ် ကန့်သတ်ချက် တွေကို လျှော့ပေါ့ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ သူ့ကတိအတိုင်း ဆောင်ရွက်ရာမှာတော့ အမျိုးသမီးတွေ ကားမောင်းခွင့်ရလာတဲ့အပြင် အားကစားပွဲတွေမှာ တက်ရောက်ခွင့်လည်း ရလာပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေဟာ ဒီလောက်နဲ့ တင်ရပ်သွားပြီး ဆော်ဒီအမျိုးသမီးတွေရဲ့ စိတ်ထဲမှာလည်း အယုံအကြည်မဲ့လာစေခဲ့ပါတယ်။ ယခုလ အတွင်းမှာတော့ အသက် ၁၈ နှစ်နဲ့အထက် အမျိုး သမီးတွေအပေါ် အုပ်ထိန်းသူဥပဒေကို ဖယ်ရှားသင့်မသင့် အစိုးရအဖွဲ့အတွင်းကော်မတီဖွဲ့ပြီး စစ်ဆေးနေတယ်လို့ ဆော်ဒီနိုင်ငံရဲ့ ထိပ်တန်းသတင်းစာတစ်ခုဖြစ်တဲ့ အော်ခက်ဇ် တင်းစာမှာ ဖော်ပြထားပါတယ်။
ခြေလှမ်းကျဲကျဲနဲ့ လျှောက်လှမ်းနေ
ဝါရှင်တန်မှာရှိတဲ့ ဆော်ဒီသံရုံးက ပြောရေးဆိုခွင့်ရှိသူကတော့ ဒီသတင်းကို အတည်မပြုခဲ့ပါဘူး။ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်ပေးဖို့ဆိုတာ ဆော်ဒီအိမ်ရှေ့မင်းသား ကြေညာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေထဲက အဓိကအချက်ပါပဲလို့ အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အစိုးရဟာ အခုအချိန်မှာ ဆော်ဒီဥပဒေတွေရဲ့ထိရောက်မှုကို တွက်ချက်နေပါတယ်။ ဆော်ဒီမှာ အမျိုးသား အမျိုးသမီး အခွင့်အရေး တန်းတူရဖို့အတွက် ခြေလှမ်းကျဲကျဲနဲ့ လျှောက်လှမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။ အုပ်ထိန်းသူ ဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး အမျိုးသမီးတွေကို မျှော်လင့်ချက် ပေးခဲ့တာ ဆော်ဒီအိမ်ရှေ့မင်းသားပါပဲ။ သူဟာ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းမှာ ဥပဒေတွေကို ပြုပြင် ပြောင်းလဲလိုတယ်လို့ ပြောခဲ့ပါတယ်။
၁၉၆၀ ပြည့်နှစ်ဝန်းကျင်တွေမှာ အမျိုးသမီးတွေဟာ အမျိုးသားအုပ်ထိန်းသူနဲ့အတူ ခရီးမသွား ကြပါဘူး။ ဒါပေမယ့် အဲဒီအချက်ဟာ အခုအခါမှာတော့ အရေးကြီးတဲ့အချက် ဖြစ်နေပါတယ်။ ဒီကန့်သတ်ချက်ကိုဖယ်ရှားပြီး ယဉ်ကျေးမှုနဲ့ မိသားစု ဆွေမျိုးတွေကို ထိခိုက်မှုမရှိစေဘဲ ပြုပြင်ပြောင်းလဲမှု တွေကို စဉ်းစားသွားရမှာပဲဖြစ်တယ်လို့ အိမ်ရှေ့ မင်းသားက ပြောခဲ့ပါတယ်။
အုပ်ထိန်းသူဥပဒေဆိုတာ
ဆော်ဒီမှာ မိန်းကလေးတစ်ဦး မွေးလာပြီဆိုရင် ဖခင်ဖြစ်သူက တရားဝင်အုပ်ထိန်းသူဖြစ်သလို အိမ်ထောင်ကျသွားရင်လည်း ခင်ပွန်းသည်ဖြစ်သူက တရားဝင် အုပ်ထိန်းသူဖြစ်လာပါတယ်။ ခင်ပွန်းသည် ဆုံးပါးသွားခဲ့ရင်တော့ အုပ်ထိန်းခွင့်ဟာသားဖြစ်သူထံ ရောက်သွားပြီး သားမရှိသူဆိုရင်တော့ ဆွေမျိုးထဲက အမျိုးသားတစ်ဦးဆီ အုပ်ထိန်းခွင့်ရွှေ့သွားပါတယ်။ အုပ်ထိန်းသူရဲ့ဆန္ဒကို ဆန့်ကျင်ခဲ့ရင် အဲဒီအမျိုးသမီးကို ဖမ်းဆီးနိုင်တဲ့အထိ အရေးယူမှုတွေပြု လုပ်လို့ရပါတယ်။ အဲဒီအုပ်ထိန်းသူဥပဒေပြုပြင် ပြောင်းလဲရေးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မီဒီယာမှာ ဆွေးနွေးပြောဆိုမှုတွေ အများကြီးပါပဲ။ လူမှုကွန်ရက် အသုံးပြုကြတဲ့ တချို့အမျိုးသမီးတွေကတော့ ပြုပြင်ပြောင်းလဲရေးအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပြီး တချို့သော အမျိုးသမီးတွေကတော့ ဒါဟာလူစိတ်ဝင်စားအောင် ထွင်လုံးတစ်ခုသာဖြစ်တယ်လို့ ပြောကြပါတယ်။ တချို့သော တွစ်တာအသုံးပြုသူ ရှေးရိုးစွဲ အမျိုးသားတွေကတော့ ဒီပြုပြင်ပြောင်းလဲမှုကို ရှုတ်ချကြပါတယ်။ ဒီအရွေ့ဟာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ရတာဖြစ်ပြီး တိုင်းပြည်ကို အကျင့်ပျက်မှုတွေ ဖြစ်လာစေနိုင်တယ်လို့ တွစ်တာ ပေါ်မှာရေးသားကြပါတယ်။
ကန့်သတ်ချက်တွေကို စိန်ခေါ်ဖို့ဖြစ်လာ
အမျိုးသမီးအခွင့်အရေးအတွက် နှစ်ပေါင်းများ စွာကြာအောင် ဆောင်ရွက်ပေးနေသူ ဆူအက်အယ် ရှက်မရီတော့ အုပ်ထိန်းသူဥပဒေကို အစိုးရက ဖယ်ရှားပေးဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းကြောင့် အစိုးရကို ချီးမွမ်းစကားဆိုခဲ့ပါတယ်။ ဆော်ဒီလူမှုကဏ္ဍမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ နှစ်ပေါင်းများစွာကြာအောင် ကန့်သတ်ချက်စည်းမျဉ်းတွေအောက်မှာ ရှိနေခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့အခါမှာတော့ ဆိုရှယ်မီဒီယာတွေဟာ အမျိုးသမီးတွေ ကိုယ်တိုင်ဒီကန့်သတ်ချက်တွေကို စိန်ခေါ်ဖို့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ တချို့သော အမျိုးသမီးတွေဟာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီးတော့ အုပ်ထိန်းသူဥပဒေကို စိန်ခေါ် ကြပါတယ်။ ဒါပေမယ့် တိုင်းပြည်အတွင်းမှာ နေထိုင်နေကြတဲ့ အမျိုးသမီးတွေအတွက်ကတော့ လူမှုကွန် ရက်မီဒီယာအကြောင်းပြောရင်ကိုပဲ အန္တရာယ်ကြီး လှပါပြီ။
မျှော်လင့်ချက်တွေ တစ်ဖန်ရှင်သန်
အယ်ရှာမာရီလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးကတော့ လူမှုကွန်ရက်မီဒီယာပေါ်ကနေ တိုင်းပြည်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ဝေဖန်ခဲ့တဲ့အတွက် ထောင်ချခံရပါတယ်။ ဆော်ဒီအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေပေမယ့် လူ့အခွင့်အရေး အုပ်စုတွေကတော့ အမျိုးသမီး အခွင့်အရေးအတွက် ခရီးရှည်ကြီးသွားဖို့ လိုသေးတယ်လို့ ဝေဖန်ခဲ့ပါတယ်။ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ နေရာမှာ ထင်ရှားတဲ့သူတွေဟာ ဖမ်းဆီးခံရပါတယ်။ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှား သူဖြစ်တဲ့ အိုမိုင်မာအယ်နက်ဂျား နယ်နှင်ဒဏ်ပေးခံရလို့ အီတလီမှာ နေထိုင်နေပါတယ်။ အိုမိုင်မာကတော့ အခုဆော်ဒီနိုင်ငံအတွင်းမှာ အုပ်ထိန်းသူ ဥပဒေပြုပြင်ရေးနဲ့ပတ်သက်ပြီး အသံတွေထွက်လာတော့ သူ့ရဲ့မျှော်လင့်ချက်တွေ တစ်ဖန်ရှင်သန်လာတယ်လို့ ပြောပါတယ်။
ပြန်လည်သုံးသပ်ဖို့လို
ကလေးထောက်ပံ့ရေး၊ အချုပ်ဥပဒေနဲ့ ကွာရှင်းမှုဥပဒေတို့မှာတော့ အမျိုးသားတွေကို အခွင့်အရေး ပေးဆဲပါပဲလို့ အိုမိုင်မာကထောက်ပြခဲ့ပါတယ်။ အဲဒီအချက်တွေဟာ အုပ်ထိန်းသူဥပဒေရဲ့ အောက်မှာမရှိပါဘူး။ တခြားသော ကန့်သတ်ချက်တွေပါလို့ ပြောပြခဲ့ပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ ညီမျှမှုဆီကို လျှောက်လှမ်းမယ်ဆိုရင် ပထမဦးဆုံး ပြန်လည်သုံးသပ်ရမှာက အုပ်ထိန်းသူဥပဒေကိုပါပဲလို့ အိုမိုင်မာက ပြောပါတယ်။ အိုမိုင်မာကတော့ သာတူညီမျှ အခွင့်အရေး မရသရွေ့ တောင်းဆိုမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်။
ကိုးကား-နယူးယောက်တိုင်းမ်