မန္တလေး ၄ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ထိ မီးလောင်မှု ၂၁၅ ကြိမ်ဖြစ်ပွားပြီး ရှစ်ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဗဟိုမီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်မှုများကြောင့် အိမ်ခြေ ၂၅၈ လုံး၊ သေဆုံးသူ ရှစ်ဦး၊ ဒဏ်ရာရသူ ကိုးဦး၊ မီးဘေးဒုက္ခသည် ၂၈၇ ဦး၊ တိရစ္ဆာန်ကောင်ရေ ၄၉၅၀ ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးအားဖြင့် ငွေကျပ် ၄၃၁၇ သိန်းကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
"မန္တလေးမှာက မီးလောင်မှုဖြစ်ရင် လျှစ်စစ်ကြောင့်ရယ် မီးဖိုကနေတစ်ဆင့် မီးလောင်မှုတွေအဖြစ်များတယ် ဒါတွေပပျောက်သွားအောင် မန္တလေးတိုင်းမှာ ဟောပြောမှုတွေ၊ အသိပညာပေးမှုတွေ စဉ်ဆက်မပျက် လုပ်ဆောင်နေရတယ်" ဟုမန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် မီးလောင်မှုကြောင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာလကုန်ထိ မီးလောင်မှု ၂၀၂ ကြိမ်ဖြစ်ပွားပြီး ဆုံးရှုံးမှုတန်ဖိုးအားဖြင့် ငွေကျပ် ၂၉၃၆ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် မီးလောင်မှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၁၈ နှစ်တွင် မီးလောင်မှုအကြိမ်ရေ ၁၃ ကြိမ်ပိုခဲ့သည်။
မန္တလေးတိုင်းဒေသကြီးတွင် မီးသတ်တပ်ဖွဲ့ဝင် သန္ဓေအရာထမ်း၊ အမှုထမ်း ၁၀၂၇ ဦးနှင့် အရန်တပ်ဖွဲ့ဝင် ၃၆၀၁၁ ဦး ရှိပြီး မီးလောင်မှု အပါအဝင် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှုနှင့် မတော်တဆ ထိခိုက်မှုများအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလည်း ပြုလုပ်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ဗဟိုမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။
သူရိန်လင်း