၁၅ ဒီဇင်ဘာ
ယဉ်ကျေးမှုအမွေအနှစ်သည် နိုင်ငံတစ်နိုင်ငံအတွက် အဖိုးအနဂ္ဃ ထိုက်တန်သော ရတနာတစ်ပါးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးကိုထိုနိုင်ငံ၏ ယဉ်ကျေးမှု၊ ထိုနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်တို့အပေါ်ထိန်းသိမ်းစောင့်ရှောက်နိုင်မှုဖြင့် အကဲဖြတ်ကြသည်။ ထို့ကြောင့်ယဉ်ကျေးမှုအမွေအနှစ်သည် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာတန်ဖိုးထားအပ်သည့်အရာ ဖြစ်သည်။
မြန်မာနိုင်ငံသည် ယဉ်ကျေးမှု အမွေအနှစ်များ ပေါများြွကယ်ဝသောနိုင်ငံဖြစ်သည်။ နှစ်ပေါင်းထောင်ချီ ရှည်လျားသော သမိုင်းကြောင်းတစ်လျှောက်မှ ဖြစ်တညြွ်ကင်းကျန်နေသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ အမြောက်အမြားရှိသည်။ အချို့ယဉ်ကျေးမှုအမွေအနှစ်များမှာ သဘာဝ ဘေးဒဏ်ကြောင့်လည်းကောင်း၊ လူတို့ဖျက်ဆီးမှုကြောင့်လည်းကောင်း ပျောက်ကွယ်ခဲ့ရသည်မှာ စိတ်မကောင်းဖွယ်ဖြစ်သည်။
အချို့ယဉ်ကျေးမှု အမွေအနှစ်များမှာ ယနေ့ထက်တိုင် မပျောက်မပျက် တည်ရှိနေသည်မှာ နိုင်ငံနှင့်လူမျိုးအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ထိုရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုခေတ်အဆက်ဆက်အစိုးရများက ထိန်းသိမ်းစောင့်ရှောက်မှု အားကောင်းခဲ့သည်များရှိသလိုအားနည်းခဲ့သည်တို့ကိုလည်း တွေ့ခဲ့ရပါသည်။ထိုယဉ်ကျေးမှု အမွေအနှစ်များမှာ နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ဒြပ်ဖြစ်သည့်အတွက် အစိုးရတွင် တာဝန်ရှိသည်သာမက ပြည်သူများအနေဖြင့် လည်းဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပါသည်။
ယနေ့မြန်မာနိုင်ငံတွင် ဒြပ်ရှိဝတ္ထုပစ္စည်း ရှေးဟောင်းအမွေအနှစ်များအထင်အရှား ကျန်ရှိနေပါသည်။ နှစ်ပေါင်းရာထောင် သက်တမ်းရှိသည့်စေတီဘုရားများ၊ သာသနိက အဆောက်အအုံများ၊ မြို့ပြနေရာနှင့်ြွကင်းကျန်ခဲ့သော ရုပ်ဝတ္ထုပစ္စည်းများမှာ မပျောက်မပျက် ကျန်နေပါသည်။ယင်းတို့တွင် မြန်မာနိုင်ငံ၏မြို့ပြအမွေအနှစ် အစောဆုံးတည်ထောင်ခဲ့သည့် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ မြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရ၍နိုင်ငံနှင့် လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်စေခဲ့သည်။
ကျန်ရှိနေသေးသော ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရှေးဟောင်းပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးသည် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးအတွက် လည်းကောင်း၊ မိမိတို့လူမျိုး၏ မြင့်မားသော ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံတကာ အဆင့်မီသည်ဟု လက်ခံခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုးဂုဏ်ကို မြှင့်တင်နိုင်ရန်အတွက် လည်းကောင်း၊ ပုဂံဒေသအားကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရပါက ကမ္ဘာ့အဆင့်အမြင့်ဆုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုကို ရရှိရန်အတွက် လည်းကောင်း ရည်ရွယ်ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းနေထိုင်ကြသော ကျေးရွာအချို့မှ ပြည်သူများက ၎င်းတို့၏ စားဝတ်နေရေးအတွက် ကန့်သတ်ခြင်းခံရမည်ကို စိုးရိမ်သဖြင့် ၎င်းတို့ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် အချက်သုံးချက် တင်ပြလာသည်ကို တွေ့ရသည်။ သက်ဆိုင်ရာဌာနကလည်း ဒေသခံပြည်သူများ၏ သဘောဆန္ဒကိုဥပဒေ စည်းမျဉ်းစည်းကမ်း မူဘောင်တို့နှင့်အညီ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရသည်။
ထိုအရေးကိစ္စသည် ဒေသခံပြည်သူတို့၏ အကျိုးစီးပွားမနစ်နာအောင် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီးဒေသခံပြည်သူတို့ကလည်းနိုင်ငံတော်၏ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ဆောင်ရွက်ဖွယ်ရာများအား ဆောင်ရွက်ရသည်ကို နားလည်သိရှိထားကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ ထူးခြားထင်ရှားသော ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသကြီးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေးအတွက်အမျိုးသားရေး တာဝန်၊ အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မျက်မှောက်ကာလတွင် ပြည်သူများအရေးကို ဦးစားပေးလျက်ရှိသည့် ကာလဖြစ်သည်နှင့်အညီ ပြည်သူများကလည်း နိုင်ငံတော်နှင့်အတူ အသိတရားရှိရှိ လက်တွဲဆောင်ရွက်ကြဖို့ လိုပေလိမ့်မည်။ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုသကဲ့သို့ မိမိတို့အကျိုးစီးပွားလည်း ထိုက်သင့်သလောက်ဖြစ်စေ၊ နိုင်ငံတော်၏ အကျိုးစီးပွားလည်းတိုးတက်မြင့်မားစေဟူသည့် အသိစိတ်ဓာတ်ရှိကြရမည်ဖြစ်သည်။