ဒေါက်တာမော်

အသက် ၂၀ ကျော် တက္ကသိုလ်ကျောင်းသား အားကစား သမားလေး “တယ်ရီဖောက်စ်” (Terry Fox) သည် ၁၉၇၇ ခုနှစ်တွင် Osteosarcoma ဟူသော အရိုးကင်ဆာ ဖြစ်ခဲ့ရသည်။ ထိုခေတ်ကုထုံးအရ ကင်ဆာ ဖြစ်သောခြေထောက်ကို ဒူးအထက်မှ ဖြတ်လိုက်ရသည်။ Chemotherapy ဟူသော ဆေးသွင်းကုသမှု တွေကိုလည်း ခံယူခဲ့ရသည်။

ဆေးသွင်းကုသမှုခံယူသော ၁၆ လအတွင်း ဆေးရုံမှာ သူကဲ့သို့ လာရောက် ကုသမှုခံယူသော ကင်ဆာရောဂါ ရှင်တွေ ဝေဒနာခံစားနေရသည်များ၊ တဖြုတ်ဖြုတြွေကာ သေဆုံးကြရသည်များကို တွေ့တိုင်း သူတို့အတွက် တစ်ခုခု လုပ်ပေးချင်ခဲ့သည်။ များသောအားဖြင့်ကိုယ်တိုင် ကင်ဆာရောဂါသည် ဖြစ်သူများသည် မိမိမျက်စိ ရှေ့မှာ မိမိကဲ့သို့ ကင်ဆာရောဂါသည်များ ဝေဒနာခံစားနေရပြီး တဖြုတ်ဖြုတ် သေနေကြသည်ကိုတွေ့ပါက စိတ်ဓာတ်တွေကျနိုင်ပေသည်။ သို့သော် “တယ်ရီ” မှာကား ထိုဘဝတူ လူသားများကို ကူညီချင်စိတ်များ ပြင်းပြစွာ ဖြစ်ခဲ့သည်။

သူခြေထောက်ဖြတ်စဉ်က ခြေထောက်ဖြတ်ပြီး Chemotherapy ဖြင့် ကုသလျှင် အသက်ရှင်နှုန်း ၅၀ ရာ ခိုင်နှုန်း ရှိနိုင်သည်။ ထိုထက် လွန်ခဲ့သော နှစ်နှစ်ခန့်က ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ဤသည်မှာ ကင်ဆာ သုတေသနများ၏ အကျိုးကြောင့် ကုထုံးအသစ်များကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်သာ ဖြစ်သည်ဟု သူ့ဆရာဝန် ပြောခဲ့သည်ကို နားထဲက မထွက်နိုင်တော့ချေ။ သူဆေးကုရင်း ဆေးရုံ၊ ဆေးခန်း၊ ဆေးဌာနတွေကို အရောက်များသဖြင့် ကင်ဆာ သုတေသနတွေအတွက်ရသော ဘတ်ဂျက်များမှာ အလွန်နည်းသည်ကို သိရသောအခါ အားမလိုအားမရ ယူကျုံးမရဖြစ်ခဲ့သည်။ “ဘတ်ဂျက်တွေ များများရှိခဲ့ရင် ဒီနေ့ငါဖြစ်နေတဲ့ ကင်ဆာရောဂါကို ဒီထက်ကောင်းအောင်ကုနိုင်မှာ” ဟုလည်း တွေးမိခဲ့သည်။ နောင်တစ်ခေတ်မှာ ကင်ဆာ ရောဂါကို ပိုကောင်းသော နည်းလမ်းများဖြင့် ကာကွယ်ရန်၊ ကုသရန် ထိုသို့သော သုတေသနများကို တိုးချဲ့ လုပ်ဆောင်နိုင်စေရန် သူဆက်လက်အသက်ရှင်ရမည့် ခဏတာမှာ အလှူငွေရှာဖို့ (Fund raising) အတွက် အားထုတ်တော့သည်။

ခြေတုတစ်ဖက်တပ်ထားသော “တယ်ရီ” သည် အားကစားသမားဖြစ်တဲ့အလျောက် သူနေသော ကနေဒါနိုင်ငံ အရှေ့ဘက် အတ္တလန်တိတ်သမုဒ္ဒရာ ကမ်းခြေမှ အနောက်ဘက် ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေ အထိ ကီလိုမီတာ ၈၀ဝဝ (မိုင် ၅၀ဝဝ) မာရသွန်ပြေးရင်း အလှူငွေရှာရန် စွန့်စွန့်စားစား ဆုံးဖြတ်လိုက်လေသည်။ ခြေတု တစ်ဖက်နဲ့ပြေးရန် အပင်ပန်းအဆင်းရဲခံပြီး လေ့ကျင့်ခဲ့သည်။ ခြေတုဘက်ကိုညှာပြီး ပြေးရသဖြင့် ခြေတုသာမက ခြေကောင်းပါ ဒဏ်ရာတွေရကာ အညိုအမည်းတွေစွဲပြီး အလွန်နာကျင်ခဲ့ရသည်။ ရည်ရွယ်ချက်ကြီးပြီး စိတ်ဓာတ်ပြင်းသူ အားကစားသမားလေးမို့သာ ထိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ခြင်း ဖြစ်သည်။ သူပြေးမည့် မာရသွန်ကို “မျှော်လင့်ချက်အတွက် မာရသွန်” (Marathon of Hope) ဟု အမည်ပေး ထားသည်။ ပန်းတိုင်ရောက်အောင် နောက်ဆုံး တွားသွားလျှင်သွားရပါစေ အောင်မြင်အောင်လုပ်မည်ဟုလည်း ကနေဒီယမ်ကင်ဆာအဖွဲ့ (Canadian Cancer Society) ကို ကတိပေးထားသည်။ ဆေးပညာ ကုသမှု တွေကြောင့် နည်းနည်းပိုရှည်လာသော အသက်၊ ပိုရလာသောအချိန်တွေကို တန်ဖိုးရှိစွာသုံးပြီး လူ့လောက မှာနေရတာ တန်ဖိုးရှိကြောင်း ငါသက်သေပြမယ်ဟုလည်း ကြွေးကြော်လိုက်လေသည်။

1

Marathon of Hope ကို ၁၉၈၀ ပြည့်နှစ် ဧပြီလ ၁၂ ရက်နေ့မှာ ကနေဒါအရှေ့ဘက်ကမ်း စိန့်ဂျွန် (St John’s) မြို့၌ သူ့ခြေတုကို အတ္တလန်တိတ်သမုဒ္ဒရာ ရေမှာနှစ်ပြီး စတင်ခဲ့သည်။ အတ္တလန်တိတ်သမုဒ္ဒရာ ရေကို ရေနှစ်ဘူးတွင် ထည့်သည်။ တစ်ဘူးကို အမှတ်တရ သိမ်းထားမှာဖြစ်ပြီး အခြားတစ်ဘူးကိုကား ကနေဒါ အနောက်ဘက်ကမ်းရောက်လျှင် ပစိဖိတ်သမုဒ္ဒရာကြီးထဲကို သွန်ချရန်ဖြစ်သည်။

အစပထမမှာတော့ အလှူငွေ ဒေါ်လာတစ်သန်းရရန် ရည်ရွယ်ခဲ့သော်လည်း ထိုအချိန်က ကနေဒါမှာ နေထိုင်သူ လူဦးရေ ၂၄ သန်းအားလုံး တစ်ဦးလျှင် တစ်ဒေါ်လာလှူပါက ကင်ဆာသုတေသနအတွက် ဒေါ်လာ ၂၄ သန်း အလှူငွေရမည်ဟု တိုးမြှင့်မျှော်မှန်းခဲ့ပါသည်။ မာရသွန် စသည့်နေ့မှာပင် မိုးရွာ၊ လေပြင်းပြီး နှင်းမုန်တိုင်းများနှင့် ကြုံတွေ့ရသဖြင့် ခက်ခဲခဲ့သည်။ “တယ်ရီ” သည် မည်မျှပင်အေးစေကာမူ သူ့ခြေတုပေါ်လွင်စေရန် ဘောင်းဘီ တိုလေးနှင့်သာ ပြေးသည်။ သို့မှသာ လူအများ စိတ်ဝင်စားကာ လှူကြမည် မဟုတ်ပါလား။

ခြေထောက်နာသောဒဏ်၊ ကျန်းမာရေးဒဏ်အပြင်ရာ သီဥတုဒဏ်၊ အစပိုင်းမှာ မှန်းသလောက် အလှူငွေမရ သဖြင့် အားလျော့သောဒဏ်၊ လူမညီ၍ စိတ်ညစ်ရသော ဒဏ် စသည့် အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ခဲ့ရသည်။ ဥပမာ ကျူးဘက် (Quebec) မြို့မှာဆိုလျှင် ပြင်သစ်လို မပြောတတ်သော “တယ်ရီ” တို့အုပ်စုကို ဘာလုပ်နေမှန်း မသိဘဲ ကားလမ်းပေါ်မှာ ပြေးနေသဖြင့် ကားသမားများက လမ်းရှုပ်သည် ဟုဆိုကာ လမ်းပေါ်က မောင်းချခြင်းခံခဲ့ရသည်။

ဇူလိုင်လတွင် ကနေဒါအမျိုးသားနေ့ (Canada Day) အတွက် ရက်အနည်းငယ် နားသည်မှအပ သူ၏ ၂၂ နှစ်မြောက် မွေးနေ့မှာပင် မနားဘဲ နေ့စဉ်နေ့တိုင်း တစ်နေ့လျှင် ၄၂ ကီလိုမီတာ (full marathon)  ပြေးလာလိုက်သည်မှာ ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့ ၁၄၃ ရက်မြောက်နေ့ ကီလိုမီတာ ၅၃၇၃ (မိုင် ၃၀ဝဝ) ကျော် ရောက်သည့်နေ့မှာကား ကင်ဆာက အဆုတ်ကို ပျံ့နေပြီဖြစ်သဖြင့် အသက်ရှူကျပ်ကာ ဆေးရုံ ရောက်သွားခဲ့ရရှာသည်။ မိုင် ၃၀ဝဝ ကျော်ဆိုသည်မှာ ကော့သောင်းမှ ပူတာအိုအထိပြေးပြီး ပူတာအိုကနေ ကော့သောင်းအထိ ပြန်ပြေးလာသည်ထက်ပင် ပိုနေပါသေးသည်။ နေမကောင်းလျက်ကြီး ခြေတုတစ်ဖက်နဲ့ မဖြစ်နိုင်စရာပါ။

မပြေးနိုင်တော့ဘဲ သေလုမြောပါး ဝေဒနာခံစား နေရသည့်သားကို မိဘတွေက ဆေးရုံမှာ လာတွေ့ကြ သောအခါ ဖခင်က “ဒါမတရားဘူးလို့ ငါတို့ထင်တယ်၊ လုံးဝမတရားဘူး” ဟု ယူကျုံးမရ ပြောရှာသည်။ “တယ်ရီ”  ပြန်ပြောလိုက်သည်မှာ “ကျွန်တော်ကတော့ ဒါမတရားဘူးလို့ မမြင်ပါဘူး။ ကင်ဆာရောဂါဆိုတာ ဒီလိုပဲ။ ကင်ဆာရောဂါဖြစ်တာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားလူတွေလည်း ဖြစ်နေတာ။ ကျွန်တော်ကလည်း ထူးမခြားနား လူသားထဲက လူသားမို့ ကျွန်တော်လည်း ကင်ဆာဖြစ်နိုင်တာပဲ။ ဖြစ်လာတဲ့ ကင်ဆာရောဂါကို အခြေပြုပြီး လူတွေကို ကင်ဆာသုတေသနမှာ စိတ်ဝင်စားလာအောင်၊ နောင်တစ်ချိန်မှာ ကင်ဆာရောဂါတွေကို ပျောက်ကင်းအောင် ကုသနိုင်အောင်၊ မဖြစ်အောင်ကာကွယ်နိုင်အောင်၊ ကျွန်တော့်ကို အားကျအောင် လုပ်နိုင်တယ်လို့ပဲ မြင်ပါတယ်”တဲ့။

“တယ်ရီ” သေဆုံးသွားသော်လည်း “တယ်ရီ”၏ ကင်ဆာရောဂါအတွက် အလှူငွေရှာခြင်းလုပ်ငန်းမှာ မသေဆုံးသည့်အပြင် ယနေ့အထိ ကြီးထွားကျယ်ပြန့်နေပါ သည်။ ၁၉၈၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ “တယ်ရီ” သေဆုံးပြီးနောက်ပိုင်း ထိုနှစ် စက်တင်ဘာလတွင်ပင် ကနေဒါနိုင်ငံ၌ “နှစ်စဉ် တယ်ရီဖောက်(စ်)ပြေးပွဲ” (Annual Terry Fox Run) ဟူ၍ စတင်ကျင်းပခဲ့ရာ အပြည်ပြည်ဆိုင်ရာသို့ ပျံ့နှံ့သွားပြီး ၃၈ နှစ်အကြာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ စာရင်းအရဆိုလျှင် နိုင်ငံပေါင်း ၆၀ တွင် ကျင်းပနေပြီး အလှူငွေ ဒေါ်လာသန်းပေါင်း ၇၅၀ ရရှိနေပြီ ဖြစ်ပေသည်။

ငွေကြေးအတိုင်းအတာနဲ့ကြည့်လျှင် အများကြီးရသည်ဟု ထင်ကောင်းထင်နေပေမည်။ လက်တွေ့အကျိုး မှာကား ထိုအများကြီးထက်ပင် များပါသေးသည်။ ဆယ်စုနှစ် သုံးခုလောက်အတွင်း ကင်ဆာကုသရေးအတွက် သုတေသနပြု ရှာဖွေခဲ့သည့် ရလဒ်မှာကား ယခုခေတ် Osteosarcoma ဖြစ်လျှင် တိုးတက်လာသော ခွဲစိတ်ကုသနည်း (Limb – sparing or Limb- reconstructive surgery) များ၊ အာနိသင် ပိုကောင်းသော ဆေးဝါး (cheomotherapy) များကြောင့် ခြေထောက်ပင် ဖြတ်စရာမလိုဘဲ ၈၀ ရာခိုင်နှုန်းခန့်အထိ အသက်ရှင် နိုင်သည်ဟု ကနေဒါမှ ကင်ဆာအထူးကု ဒေါက်တာဂျေးဝန်ဒါ (Dr. Jay Wunder) က ထုတ်ဖော်ပြောခဲ့သည်။ ထိုကဲ့သို့ ကုထုံးများ တိုးတက်ကောင်းမွန်လာသည်မှာ “တယ်ရီဖောက်(စ်)” စတင်ခဲ့သော Marathon Of Hope  ၏ ကျေးဇူးကြောင့်ဟု သူခံယူပါသည် ဟူ၍လည်း ဖော်ပြခဲ့ပါသည်။

ကဲ.......မိတ်ဆွေ ယခုအထိ ဖတ်လာပြီးပြီဆိုလျှင်
    ကင်ဆာရောဂါသည် ကုသလို့မရသော ရောဂါမဟုတ်ကြောင်း၊
    ယနေ့ခေတ်မှာ ကုသနည်းများလည်း တိုးတက်လာပြီဟု ယုံကြည်သင့်ကြောင်း
    ခေတ်မီသိပ္ပံဆေးပညာများအရ စနစ်တကျ ကုသသင့်ကြောင်း
    ကမ္ဘာအရပ်ရပ်မှာ လူများများဖြင့် သုတေသနပြုထားသည့် သက်သေမျိုးမရှိသော ရပ်ရွာထဲက ကုထုံးတွေကို ယုံပြီး ပုံမအပ်လိုက်သင့်ကြောင်း စဉ်းစားမိကြပြီ ထင်ပါတယ်။

“ကင်ဆာ”ဟု ဆိုလိုက်ရုံဖြင့် “သေဒဏ်” ဟု မယူဆသင့်ပါ။ “အသက်ရှင်နှုန်း” ရှိပါသေးသည်။ အသက်ရှင်နှုန်းမှာ မည်သည့်ကင်ဆာ အမျိုးအစားဖြစ်ပြီး မည်မျှစောစီးစွာသိ၍ မည်သည့်ကုထုံးကိုသုံးပြီး မည်မျှ ကိုယ်ခံစွမ်းအားရှိသည်များအပေါ် များစွာမူတည်နေပါသဖြင့် သက်ဆိုင်ရာ ဆရာဝန်များနှင့် တိုင်ပင် ဆွေးနွေးသင့်ပါသည်။

ကင်ဆာမဖြစ်တဲ့ သူတွေမှာရော သေဒဏ်မရှိတော့ပေဘူးလား။
လူတိုင်း မွေးကတည်းက သေဒဏ်ပါလာတာပါ။ အချို့မှာ ကင်ဆာရောဂါရှိသူထက်ပင် စောစီးစွာ လောကကြီးကို စွန့်ခွာကြရတတ်သည် မဟုတ်ပါလား။

နောက်ထပ် ဘယ်တော့အထိပဲ အသက်ရှင်တော့မည်လို့ တစ်ခါမျှမတွေးမိလို့ မိမိ၊ သူတစ်ပါး ဘယ်ကောင်း ကျိုးမျှ မလုပ်လိုက်ရသူတို့သည် ကင်ဆာဖြစ်သော်လည်း သတိ၊ အသိတရားရှိသူတို့နှင့် နှိုင်းစာလျှင် လူဖြစ် အရှုံးကြီး ရှုံးရသူတို့ ဖြစ်သည်။

ထို့ကြောင့် ကင်ဆာဖြစ်သူများ စိတ်ဓာတ်ကျစရာ မလိုပါ။ နည်းမှန်လမ်းမှန် ကုသရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချရန်သာ လိုပါသည်။    ။