ဒေါက်တာခင်မောင်အေး(ဇီဝိတ)

H1N1 ရာသီတုပ်ကွေးရောဂါသည် ဇူလိုင်လ ၁၁ ရက်အထိ ပိုးတွေ့သူ ၂၀၇ ဦးအနက် သေဆုံးသူ ၄၁ ဦး (၂၀ ရာခိုင်နှုန်း) ရှိပြီး ယမန်နှစ်ကထက်သေဆုံးမှုများကာ မိုးရာသီအပြီး ဆောင်းရာသီ ဝင်ချိန်အကူးအပြောင်း ကာလ၌လည်း သေသေချာချာ ကာကွယ်ကြရန် လိုအပ်ပါသည်။

ရောဂါကာကွယ်ရန်အတွက် တုပ်ကွေးကာကွယ်ဆေးသည် အဓိကမဟုတ်ပါ။ အပြင်မှ ပြန်လာတိုင်း လမ်းတစ် လျှောက်မိမိလက်ဖြင့် မျက်နှာနှင့် နှာခေါင်းကို မကိုင်မိစေဘဲ အိမ်ရောက် ရောက်ချင်း စနစ်တကျ လက်ဆေးခြင်းသည်သာ အဓိက ဖြစ်သည်။ နှာခေါင်းစည်းမှာ အမြဲမသုံးနိုင်ပါ။

ရောဂါပြန့်ပွားကူးစက်ပုံ
တုပ်ကွေးရောဂါပိုးသည် ရောဂါဖြစ်သူ၏ နှာခေါင်း၊ လည်ချောင်း၊ အသက်ရှူလမ်းကြောင်းတွင်ရှိပြီး လူနာ အသက်ရှူသွင်း၊ ရှူထုတ်သည့် လေအရှိန်နှင့် ပိုးပါဝင်သော တံတွေးမှုန်လေးများသည် ထိုသူ၏ ပတ်ဝန်းကျင် ၅ ပေခွဲမှ ၇ ပေခွဲအထိ လေထဲသို့ ပျံ့လွင့်သွားနိုင်ပါသည်။ ထိုပိုးပါ တံတွေးမှုန်လေးများမှာ လူနာပတ်ပတ်လည်ရှိ မျက်နှာပြင် အားလုံး၊ အိပ်ရာခင်း၊ ခုတင်၊ လိုက်ကာ၊ ကြမ်းပြင်၊ ဖုန်မှုန့်၊ လူနာကိုယ်ပေါ် အားလုံးပျံ့နှံ့ ရောက်ရှိနေတတ်ပါသည်။ ဘတ်စ်ကားစီးပါက လက်ကိုင်၊ ခုံ၊ မှန်၊ လေထဲစသည်ဖြင့် ကားတစ်စီးလုံး ပျံ့နှံ့နေပါသည်။ ဓာတ်လှေကား ခလုတ်များ၊ လူနာ၏ နှပ်၊ တံတွေးပေ ကိုင်သွားသော အရာများအားလုံးမှ လည်း ကူးစက်နိုင်ပါသည်။

ချောင်းဆိုး၊ နှာချေပါက ၎င်းပိုးသည် ပိုဝေးဝေးသို့ ပျံ့နှံ့နိုင်ပါသည်။ ယင်းအချိန် ပိုးအကောင်ရေများစွာ၊ ပိုများစွာ လူနာထံမှ ထွက်ရှိပါသည်။ တုပ်ကွေးဖြစ်သူသည် ဖျား၊ နာ၊ ကိုက်ခဲ၊ နှာစေး၊ နှာချေ၊ ချောင်းဆိုးပါသည်။

ထိုသို့ ရောဂါပိုးများ ပျံ့နှံ့နေသော နေရာများကို ထိမိ၊ ကိုင်မိပါက မိမိလက်တွင် ထိုပိုးများ ပေကျံလာပြီး ထိုလက်ဖြင့် မိမိမျက်နှာ၊ နှာခေါင်းတို့ကိုကိုင်မိပါက မိမိအားကူးစက်မည် ဖြစ်သည်။ အပြင်က ပြန်လာပြီး ထိုလက်ဖြင့် မိမိအိမ်မှ ပစ္စည်းများကို ကိုင်တွယ်ပါက ထိုပစ္စည်းများမှ မိမိတစ်အိမ် သားလုံးထံသို့ ကူးစက်သွားနိုင်ပါသည်။

ကာကွယ်ပုံ
ကူးစက်ပုံသိပါက ကာကွယ်ပုံကိုလည်း အလွယ်တကူ သဘောပေါက်နိုင်ပါသည်။

ရောဂါဖြစ်သူများ၊ ရောဂါဖြစ်သူမှအဓိက ကူးစက်နိုင် သဖြင့် ဖျားနာ၊ နှာစေး၊ ချောင်းဆိုးနေသော ကလေးများ ကျောင်းမတက်ပါစေနှင့်။ လူကြီးများ အလုပ်မဆင်းပါနှင့်။ အပြင်မထွက်ပါနှင့်၊ အိမ်မှာနေပြီး စနစ်တကျ ဆရာဝန်နှင့် ဆေးကုသပါ။ ကူးစက်မှု အများကြီးလျော့သွားနိုင်ပါသည်။

လူနာအား နှာခေါင်းစည်း တပ်ပေးထားသင့်သည်။ အသက် ရှူသွင်း၊ ရှူထုတ် ပိုးမပြန့်နိုင်ပါ။ နှာခေါင်းစည်း စိုလာက လဲပေးပါ။ မီးရှို့ပစ်ပါက ပိုကောင်းပါသည်။ နှာချေ၊ ချောင်းဆိုးပါက လက်ကိုင်ပဝါ အုပ်ဆိုးခိုင်းပါ။ ရောဂါပိုး ပြန့်ပွားမှုကို အများကြီး အကာအကွယ်ပေးနိုင်ပါသည်။

လူနာထားသော အခန်းလေဝင်လေထွက် ကောင်းပါ စေ၊ နေရောင် ဝင်ပါစေ။ နေရောင်ခြည်က ပိုးများကို သေစေ နိုင်ပါသည်။ လူနာပြုစုသူများ နှာခေါင်းစည်း စည်းနိုင်ပါက စည်းပါ။ လူနာကိုင်ပြီးတိုင်း လက်ကိုစနစ်တကျဆေးရန် ပိုအရေးကြီးပါသည်။

အသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများ၊ ကလေးငယ်များ တုပ်ကွေးဖြစ်ပွားလျှင် အသက်ဆုံးရှုံး နိုင်ခြေများသဖြင့် တုပ်ကွေး ကာကွယ်ဆေးကြိုထိုးနိုင်ပါက ဆရာဝန်နှင့် တိုင်ပင်၍ မိုးမရွာခင်ကတည်းက ကြိုထိုးထားပါ၊ တုပ်ကွေးရောဂါ ဖြစ်ပွားချိန်ကာလ၌ လူစုလူဝေးများသော ဈေး၊ ကုန်တိုက်၊ ရုပ်ရှင်ရုံ၊ ဆေးရုံ၊ ကျောင်း စသည့်နေရာများကို ရှောင်ပါ။ ဘတ်စ်ကား၊ ရထားစီးခြင်း ရှောင်ပါ။ ရောဂါဖြစ်သူများ နှာချေ၊ ချောင်းဆိုးပါက မိမိနား မလာပါစေနှင့်။ ကိုယ်ခံအား ကျစေသော၊ အအေးမိခြင်း၊ ရေအချိန်မတော် ချိုးခြင်းတို့ကို ရှောင်ပါ။ အာဟာရ ပြည့်ဝအောင်စားပါ။ ရေများများ သောက်ပါ။

အပြင်မထွက်မဖြစ် ထွက်ရသူများ၊ တုပ်ကွေးရောဂါ ဘယ်လောက်ဖြစ်ဖြစ် အလုပ်လုပ်နေကြရမည့်သူများ၊ အပြင်သွား ရမည့် ဈေး၊ ကုန်တိုက်သွားရမည့် ဘတ်စ်ကားစီးရမည့်သူများ အပြင်ထွက်ပါက နှာခေါင်းစည်း တပ်နိုင်က တပ်ပါ။ လုပ်ငန်းခွင်တွင် လက်ဆေး၍ ရသမျှ ဆေးပါ။ တတ်နိုင်သမျှ ဝတ္ထုပစ္စည်း များ၏ မျက်နှာပြင်အရာများကို မကိုင်မိ၊ မထိမိပါစေနှင့်။ ဘတ်စ်ကားလက်ကိုင်ကို ကိုင်ပြီးပါက မိမိမျက်နှာ၊ အဝတ် အထည်၊ ဘာမှမထိမိ၊ မကိုင်မိဘဲ (အိမ်ရောက်သည်ထိ ဘာမှ မထိစေဘဲ) စနစ်တကျ လက်အရင်ဆေးပါ။ လက်ဆေးရည်၊ Hand Gel ၊ အရက်ပြန် သုံးနိုင်ကသုံး၍ လက်ကိုသန့်စင်ပါ။

စနစ်တကျ လက်ဆေးခြင်း
ပိုးပါ တံတွေး၊ နှာရည်တို့ ကပ်ပါလာသော လက်များကို စနစ်တကျ ဆေးခြင်းသည် အဓိကအကျဆုံး ကာကွယ်မှု ဖြစ်ပါသည်။ လက်ဆေးရာတွင် စနစ်တကျမဆေးပါက မိမိလက်မှ တစ်အိမ်သားလုံးကို ကူးစက်ရောဂါ ဖြစ်စေနိုင်ပါသည်။

လက်ဆေးရေဘေစင်
ဆေးရုံသုံး လက်ဆေးဘေစင်များကို ယခုဆေးရုံ အများစုတွင် သုံးနေသော အိမ်သုံးရိုးရိုး ရေဘုံဘိုင်ခေါင်းများ ကဲ့သို့ မသုံးသင့်ပါ။

ညစ်ပေနေသော လက်ဖြင့် ထိုအိမ်သုံး ဘုံဘိုင်ခေါင်းများကို လှည့်ဖွင့် လက်ဆေးပြီးနောက် ထိုညစ်ပေနေသော ဘုံဘိုင်ခေါင်း များကို ထပ်ကိုင်ပိတ်ရ၍ သန့်စင်ပြီး လက်၊ ဘုံဘိုင်ခေါင်းမှ ရောဂါပိုးများ ပြန်ကပ်ပါလာ နိုင်ပါသည်။

အခြား လက်ဆေးသူများအား ထပ်ဆင့်ကူးစက်စေသော ဘုံဘိုင်ခေါင်းများ ဖြစ်သွားစေနိုင်ပါသည်။

နောက်ရေထွက် နှုတ်ခမ်းတိုနေသဖြင့် ဆေးပြီးသား လက်သည် ဘေစင်နံရံနှင့် ထိတွေ့ ညစ်ပေနိုင်ပါသည်။

ခွဲစိတ်ခန်းသုံး လက်ကိုင်ရှည် ဘုံဘိုင်ခေါင်း၊ လက်ရှေ့ ဖြတ်ရုံဖြင့် အဖွင့်အပိတ်လုပ်သော Infrared Sensor သုံး ဘုံဘိုင်ခေါင်းများ၊ ခြေထောက်ဖြင့် ပိတ်ဖွင့်နိုင်သော ဘုံဘိုင်ခေါင်းများမှာ ထိုကူးစက်မှုကို အကာအကွယ် ပေးနိုင်သော်လည်း ဈေးကြီးပြီး ဝယ်ရမလွယ်ပေ။

ယခုခေတ် အလွယ်တကူ ဝယ်ယူနိုင်သော နှုတ်သီးရှည် ဘုံဘိုင်ခေါင်း (တရုတ်လုပ်-၂၀ဝဝကျပ်ခန့်ကျ)ကို အသုံးချ နိုင်ပါသည်။

အဖွင့်အပိတ် လက်ကိုင်များမှာ တို၍ လက်ကိုင်အလုံးကို PCV ပလတ်စတစ် ရေပိုက်အပြာ၊ အချင်း ၁/၂ လက်မ၊ ၁ ပေ အရှည်စွပ်၍သော်လည်းကောင်း၊ လက်ကိုင်အပြားကို ၃/၄ လက်မအချင်းရှိ အလူမီနီယံပိုက် ၁ ပေ၊ ထိပ်ကိုထုပြား၍ စွပ်ပြီး လက်ကိုင်ကို ရှည်စေကာ မညစ်ပေသော တံတောင်ဆစ်ဖြင့် ဖွင့်ပိတ်ခြင်းဖြင့် လက်ကိုင်မှ ကူးစက်ခြင်းကို ကာကွယ်နိုင်ပါသည်။

ရေဘုံဘိုင် နှုတ်သီးရှည်၍ သင့်တံတောင်ဆစ်အထိ လက်ကို အောက်စိုက်ပြီး သေသေချာချာ ဘေစင်ဘေး မထိဘဲ ရေဆေးနိုင်ပါသည်။ တန်ဖိုးနည်း (ကျပ် ၁၅၀ဝ မှ ၃၀ဝဝ ) မိမိဘာသာ တပ်ဆင်နိုင်သော ခြေနင်း ဘုံဘိုင်များ သုံးနိုင်က ထိုအန္တရာယ်များ ကင်းပါသည်။ တန်ဖိုးရှိရေ ကုန်ကျမှု နည်းစေပါသည်။

မိမိ၏ ညစ်ပေနေသောလက်ဖြင့် ဘုံဘိုင်ခေါင်းကို ထိကိုင်စရာ မလိုတော့ပါ။

လက်ဆေးဆပ်ပြာ
ဆပ်ပြာတုံးများမှာ- Gram Negative Bacteria ပိုးများ ပေါက်ပွားနိုင်ပြီး ဖုန်မှုန့်များ ကပ်ငြိနိုင်၍ ဆပ်ပြာရည် ဘူးများ မရှိမှ သုံးသင့်ပါသည်။ ယနေ့ခေတ်စားနေသော ပိုးသတ်ဆေးပါ ဆပ်ပြာများကိုလည်း အကျိုးအပြစ် သေချာစွာ မသိရသေးပါ။ သုံးလိုက သုံးနိုင်ပါသည်။

ယခု အလွယ်တကူ ဝယ်ယူနိုင်သော ဖိအားသုံးဘုံဘိုင်ပါ ဆပ်ပြာရည်ဘူးများကို သုံးသင့်ပါသည်။ ထိုဘုံဘိုင်ခေါင်းကို မိမိတံတောင်ဆစ်၊ လက်ဖျံဖြင့် ဖိညှစ်၍ဆပ်ပြာရည် ထွက်စေပြီး လက်ဆေးနိုင်ပါသည်။ ရောဂါပိုး ကပ်ငြိနေသောလက်ဖြင့် မကိုင်ပါနှင့်။

ဆပ်ပြာရည်မရှိက ဆပ်ပြာတုံးနှင့် ရေခွက်ကိုသုံးပြီး လက်ဆေးနိုင်ပါသည်။

လက်ဆေးနည်း
မည်သည့်ဆပ်ပြာရည် သုံးသုံး၊ လက်နှစ်ဖက်လုံး၏ နေရာအနှံ့ကို ပြောင်စင်အောင် မဆေးပါက ထိုမဆေး မိသော နေရာများတွင် ရောဂါပိုးများ ကျန်ရှိပြီး အခြားသူများကို ရောဂါကူးစက် နိုင်ပါသည်။

များသောအားဖြင့် ကျန်းမာရေး ဝန်ထမ်းများသည် လက်ဆေးခြင်း၏ အရေးကြီးပုံကို မသိရှိဘဲ ပေါ့ပေါ့ဆဆ လက်ဆေး နေကြပါသည်။ အထူးသဖြင့် ၎င်းတို့၏ ပိုသန်သော လက်၏လက်မ၊ လက်ညှိုးနှင့် လက်ချောင်း လေးများကြား၊ လက်ကောက်ဝတ်တို့ကို မဆေးမိဘဲကျန်လေ့ရှိပါသည်။

လက်ဆေးရေ
ဆပ်ပြာဖြင့် ဆေးပြီးသည့်လက်များကို အတတ်နိုင်ဆုံး သန့်ရှင်းသောရေဖြင့် ဆေးသင့်ပါသည်။ မဟုတ်ပါက ထိုရေမှ ရောဂါပိုးများ ထပ်ကပ်ငြိနိုင်ပါသည်။

ယနေ့ ဆေးရုံများ၏ ခွဲခန်းသုံး လက်ဆေးရေမှာ လုံးဝပိုးမသတ်ထားသော ဂျိုးဖြူရေများသာဖြစ်၍ ခွဲခန်းဝင် ဆရာဝန်၊ သူနာပြုများ၏ ပိုးသတ်ဆေး Chlohexidine  ဖြင့်သာ ဆေးပြီး လက်များ၏ သန့်စင်မှုမှာ စဉ်းစားစရာ ဖြစ်နေပါသည်။

လက်အခြောက်ခံခြင်း
လက်ကိုသေချာစွာ ဆေးပြီးပါက လက်အခြောက်ခံရာတွင် လည်း အရေးကြီးပါသည်။

ပုံမှန်သုံးနေကျ အဝတ်၊ လက်သုတ်ပဝါများမှာ ရေစို၊ ထိုင်းမှိုင်းမှိုပိုးပေါက်ပွားနိုင်၍ လက်သုတ်ရာတွင် မသုံးသင့်ပါ။

ယနေ့ ခေတ်စားနေသော ဟိုတယ်သုံး လေပူမှုတ် လက်အခြောက်ခံစက်များမှာလည်း ဆေးရုံတွင် မသုံးသင့်ပါ။ ထိုစက်များမှာ ဆူညံပြီး စက္ကန့် ၃၀ သာ လေပူမှုတ်ပေး၍ လက်မခြောက်ခင် ထွက်သွားလေ့ရှိကာ မိမိအဝတ်ဖြင့် ခြောက် အောင် သုတ်လေ့ရှိသည်။ တစ်ခါသုံး စက္ကူလက်သုတ်ပဝါများသာ သုံးသင့်ပါသည်။

အမှိုက်ပုံး
လက်ကိုစင်အောင် ဆပ်ပြာဖြင့် ဆေး၊ တစ်ခါသုံး စက္ကူဖြင့် ခြောက်အောင်သုတ်ပြီး ခြေထောက်နှိပ် ခလုတ်သုံးဖွင့်၊ အဖုံးပါ အမှိုက်ပုံးထဲသို့ စက္ကူကို ပစ်ပါ။ ရိုးရိုးအမှိုက်ပုံးအဖုံးကို လက်နှင့်မပြီးပစ်က လက်ပြန်ပေ နိုင်ပါသည်။

ယခုခေတ် က္ဘာတစ်ခုလုံးပျံ့နှံ့၍ လူအများသေကျေ စေသော ကြက်ငှက်တုပ်ကွေးရောဂါ၊ H1N1 တုပ်ကွေး ရောဂါ၊ SAR ရောဂါများသည် လူနာ၏ နှပ်၊ သလိပ်၊ ချောင်းဆိုး၊ တံတွေးမှုန်လေးများမှတစ်ဆင့်၊ ကိုင်မိသူ လက်များမှတစ်ဆင့် ကူးစက်ပြန့်ပွားတတ်သဖြင့် စနစ်တကျလက်ဆေးရုံဖြင့် အလွယ်တကူ ကာကွယ်နိုင် ပါသည်။

လက်ဆေးရုံဖြင့် ကာကွယ်နိုင်သော်လည်း စနစ်မကျပါက မိမိ၏ တုပ်ကွေးပိုးပေလက်မှ - ရေဘုံဘိုင်ခေါင်း၊ ဆပ်ပြာခွက်၊ လက်သုတ်ပဝါ၊ အမှိုက်ပုံးအဖုံးတို့ကို ပိုးပေစေပြီး ထိုမှတစ်ဆင့် အခြားသူများ၊ အထူးသဖြင့် မိမိအိမ်သားများကို ကူးစက်စေ နိုင်ပါသည်။

ထို့ကြောင့် ဆရာဝန်၊ သူနာပြုအပါအဝင် ဆေးဝန်ထမ်း များ အားလုံး၊ ကျောင်းဆရာ၊ ဆရာမများသည် စနစ်တကျ လက်ဆေးခြင်းကို လိုက်နာကြပြီး အခြားကလေးသူငယ်၊ ကျောင်းသား၊ ပြည်သူလူထု အားလုံးကိုလည်း တိုက်တွန်းရပါမည်။ ရောဂါကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည် ဆိုသကဲသို့ စနစ်တကျ လက်ဆေးတတ်ရန်၊ ပညာပေး သင်ကြားပေးကြရန် တာဝန်ရှိပါသည်။ အားလုံး ကျန်းမာ ချမ်းသာ ကူးစက်ရောဂါများ ကင်းဝေးကြပါစေ။      ။