၁၉ ဒီဇင်ဘာ

 

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတကာ လုပ်ငန်းရှင်တို့က စောင့်မျှော်နေကြသော မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်ကို အတည်ပြု ပြဋ္ဌာန်းလိုက်ပြီဖြစ်ပါသည်။ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ရက်နေ့က ထိုကဲ့သို့ အတည်ပြုပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပါသည်။ ဤဥပဒေသစ် အတည်ပြု မပြဋ္ဌာန်းခင်က အသုံးပြုခဲ့သော ကုမ္ပဏီများ အက်ဥပဒေသည် ၁၉၄ဝ ပြည့်နှစ်ကတည်းက အတည်ပြုပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပါသည်။ အဆိုပါ ကုမ္ပဏီများ အက်ဥပဒေသည် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သည့်အပြင် သက်တမ်းအရလည်း နှစ်ပေါင်း ၇၇ နှစ်ရှိပြီ ဖြစ်၍ ပြင်ဆင်ပြောင်းလဲရန် ကိစ္စရပ်များစွာရှိနေသည်မှာ ယုံမှားသံသယရှိစရာ မရှိပါ။

 

ယခုအတည်ပြုပြဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၏ ထူးခြားချက် တစ်ရပ်သည် ပြည်တွင်းကုမ္ပဏီတို့၌ နိုင်ငံခြားသားတို့၏ ရင်းနှီးမြှုပ်နှံမှုကို ၃၅ ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ပြုထားခြင်း ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ နိုင်ငံခြားသားတို့၏ ရင်းနှီးမြှုပ်နှံမှုက ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သော်လည်း အဆိုပါ ပြည်တွင်းကုမ္ပဏီကို မြန်မာနိုင်ငံသားပိုင် လုပ်ငန်းအဖြစ် အသိအမှတ်ပြုထားခြင်း ဖြစ်ပါသည်။ ကုမ္ပဏီဥပဒေ ဟောင်း၌မူ နိုင်ငံခြားသားတို့၏ ရင်းနှီးမြှုပ်နှံမှု တစ်ရာခိုင်နှုန်းပါဝင်ရုံမျှဖြင့် အဆိုပါ ကုမ္ပဏီကို နိုင်ငံခြားသားပိုင် လုပ်ငန်းအဖြစ် သတ်မှတ်ပါသည်။ ဤသို့ဆိုပါက ပြည်တွင်းကုမ္ပဏီတို့၌ နိုင်ငံခြားသားတို့၏ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သော်လည်း မြန်မာနိုင်ငံသားပိုင်လုပ်ငန်း အဖြစ် ရပ်တည်ခွင့်ရရှိသောကြောင့် မည်သို့သော အကျိုးကျေးဇူးတို့ ရရှိမည်နည်း ဟု မေးခွန်းထုတ်စရာရှိပါသည်။

 

ပထမဦးဆုံးသော အကျိုးရလဒ်မှာ ပြည်တွင်းကုမ္ပဏီတို့သည် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေသစ်ကြောင့် နိုင်ငံခြားသားတို့က ထည့်ဝင် မည့် ရင်းနှီးမြှုပ်နှံမှုတို့ကို လက်ခံနိုင်တော့မည် ဖြစ်ပါသည်။ ပြည်တွင်း ပြည်ပ ပညာရှင်တို့၏ သုံးသပ်ချက်အရ ပြည်တွင်းကုမ္ပဏီတို့၏ အဓိကလိုအပ်ချက် တစ်ရပ်သည် ရင်းနှီးမြှုပ်နှံမှုဖြစ်ပါသည်။ ယခုအခါ အဆိုပါ လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည့် အနေအထားကို ပြည်တွင်းကုမ္ပဏီတို့က ရရှိခံစား နိုင်တော့မည်ဖြစ်ပါသည်။ ဤကဲ့သို့ ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြားသား တို့သည် သူတို့၏ ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ် ထိထိရောက်ရောက် ရရှိနိုင်ရေးအတွက် ပြည်တွင်းကုမ္ပဏီတို့က အသည်းအသန် လိုအပ် နေသော နည်းပညာသစ်တို့ကိုလည်း သယ်ဆောင်လာမည် ဖြစ်ပါသည်။ ထိုမျှမက ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းတို့အတွက် ဈေးကွက်ရရှိစေ ရန်ကိုလည်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတို့က ပြည်တွင်းကုမ္ပဏီတို့နှင့် အားတက်သရော ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ပါသည်။

 

ဤမြင်ကွင်း တစ်ရပ်လုံးသည် မြန်မာကုမ္ပဏီတို့က မျှော်လင့်နေသော မြင်ကွင်းဖြစ်သကဲ့ သို့ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်က ဖော်ဆောင်ပေးမည့် မြင်ကွင်းလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်၏ တခြားသောထူးခြားချက်မှာ အများပိုင်ကုမ္ပဏီတို့၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတို့က ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရှိသကဲ့သို့ ၄င်းတို့ ပိုင်ဆိုင်သော ရှယ်ယာတို့ကို ရန်ကုန်စတော့ဈေးကွက်၌ ရောင်းချ ပိုင်ခွင့်လည်း ရရှိမည်ဖြစ်ပါသည်။ ဤအချက်က မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖြစ်သကဲ့သို့ တစ်ခုတည်းလည်းဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းကို ပိုမို ခိုင်မာအားကောင်းစေမည် ဖြစ်ပါသည်။ ဤကဲ့သို့သော ကောင်းခြင်း မင်္ဂလာတို့နှင့် ပြည့်စုံသော မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်ကို ကြိုဆို ဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။