၂၆ ဇူလိုင်

 


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ လန်ဒန်မြို့တော်ဝန်ဟောင်းလည်းဖြစ်တဲ့ ဘောရစ်ဂျွန်ဆင်ဟာ အခုဆိုရင်တော့ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ဂျွန်ဆင်ဟာ မဲအရေအတွက် ၉၂၁၅၃ မဲ ရရှိခဲ့ပြီးတော့ သူရဲ့ ပြိုင်ဘက်ဖြစ်တဲ့  ဂျရယ်မီဟန့်ကတော့ ၄၆၆၅၆ မဲသာ ရရှိခဲ့ပါတယ်။

 

စိတ်ဝင်စားမှု အများဆုံးအကြောင်းအရာ

 

ဝန်ကြီးချုပ်အသစ်တစ်ဦးအနေနဲ့  တိုင်းပြည် အတွက် လုပ်နိုင်တာအားလုံးကို လုပ်ကိုင်ပေးသွားမယ်။ နောက်ပြီး အခုအချိန်ဟာ  ဘရီးဇစ်အရေး ဆောင်ရွက်ရမယ့်အချိန်ပဲလို့ သူအနိုင်ရရှိပြီဆိုတာ ကိုသိတာနဲ့ ပရိသတ်ကို   ပြောကြားသွားခဲ့ပါတယ်။    ပါလီမန်အပြင်ဘက်မှာတော့      ဥရောပသမဂ္ဂကနေ နုတ်ထွက်ဖို့ထောက်ခံသူတွေနဲ့ ဥရောပသမဂ္ဂအဖွဲ့ကြီးကို လိုလားသူတွေ စုဝေးနေခဲ့ကြပြီး အလံတွေ ဝှေ့ယမ်းပြီး ကြွေးကြော်ခဲ့ကြပါတယ်။

 

အချိန်ကာလကြာမြင့်လာပေမယ့်  ဥရောပသမဂ္ဂကနေ     ဗြိတိန်  နုတ်ထွက်မယ့်အရေးဟာ  ဗြိတိန်တစ်လွှားမှာ     လူစိတ်ဝင်စားမှုအများဆုံး အကြောင်းအရာ  ဖြစ်နေတုန်းပါပဲ။  ဂျွန်ဆင်ဟာ ပါတီအဖွဲ့ဝင်ပေါင်း    ၁၆၀ဝ၀ဝ  ရဲ့    သဘောကျ နှစ်ခြိုက်မှု အခံရဆုံးသူလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း  ဂျွန်ဆင်အာဏာရလာခြင်းနဲ့အတူ  သှူကို မနှစ်မြို့နိုင်တဲ့လူတွေ  ရာထူးကနေနုတ်ထွက်သွား တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

 

ဒေါသကို နှိုးဆွပေးသလို

 

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး  ဖိလစ်ဟာမွန်ဟာ ဘောရစ်ဂျွန်ဆင်သာ  ဝန်ကြီးချုပ်ဖြစ်ရင်  ရာထူးကနေ    နုတ်ထွက်မယ်လို့  တရားဝင်ကြေညာခဲ့သူ လည်းဖြစ်ပါတယ်။    ဘာလို့လဲဆိုတော့     သူဟာစာချုပ်မပါဘဲ ဥရောပသမဂ္ဂကနေ နုတ်ထွက်မယ့် အရေးကို သဘောမတူနိုင်လို့ပါပဲ။  ဘောရစ်ဂျွန် ဆင်ကတော့ စာချုပ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အောက်တိုဘာ ၃၁ ရက်ကျရင်တော့ ဥရောပသမဂ္ဂ ကနေ ဗြိတိန်ကိုရအောင် နုတ်ထွက်မယ်လို့ ကတိပြုထားပါတယ်။ ဒီလိုစာချုပ်မပါဘဲ နုတ်ထွက်မယ်လို့  ပြောလိုက်တာဟာဆိုရင် ကွန်ဆာဗေးတစ်ပါတီက ဥရောပသမဂ္ဂကို လိုလားတဲ့ အမတ်တွေရဲ့ ဒေါသကို နှိုးဆွပေးလိုက်သလိုပါပဲ။

 

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ထရီဆာမေ ကတော့ မစ္စတာဂျွန်ဆင်ကို တွစ်တာကနေတစ်ဆင့် ဂုဏ်ပြုစကားပြောခဲ့ပါတယ်။  အခုဆိုရင် ဘရီးဇစ် အတွက် အတူအလုပ်လုပ်လို့ရသွားပြီ။   ဂျရယ်မီ ကော်ဘိုင်ကိုလည်း    အစိုးရအဖွဲ့ရဲ့ ဝေးဝေးမှာ ထားသွားဖို့လည်း ပြောခဲ့ပါတယ်။ နောက်ပြီးတော့ ထရီဆာမေဟာ ဂျွန်ဆင်ကိုအပြည့်အဝထောက်ခံ သွားမယ်လို့လည်း  ပြောခဲ့ပါတယ်။  လေဘာပါတီ ခေါင်းဆောင် ဂျရယ်မီကော်ဘိုင်ကတော့ ဘောရစ် ဂျွန်ဆင်ဟာ ကွန်ဆာဗေးတစ်ပါတီအတွင်းမှာ     ထောက်ခံသူ ၁၀ဝ၀ဝ၀ ခန့် လျော့နည်းပြီးတော့မှ အနိုင်ရလာသူပါလို့ ပြောကြားခဲ့ပါတယ်။

 

အန္တရာယ်တွေ ရှိလာနိုင်

 

နောက်ပြီး ဂျွန်ဆင်ရဲ့   စာချုပ်မရှိဘဲ   ဥရောပသမဂ္ဂကနေ  နုတ်ထွက်မယ့်   အစီအစဉ်ကြောင့်  အလုပ်နေရာ        လျှော့ချမှုတွေ၊ ဈေးကြီးမြင့်လာမှုတွေ၊ ဗြိတိန်ရဲ့ အမျိုးသား ကျန်းမာရေးဝန်ဆောင်မှုမှာ အန္တရာယ်တွေရှိလာ နိုင်တယ်ဆိုပြီး  ပြောခဲ့ပါတယ်။ နောက်ပြီးဘယ်သူက ဝန်ကြီးချုပ်ဖြစ်လာမှာလဲဆိုတာကို အထွေထွေ ရွေးကောက်ပွဲကနေတစ်ဆင့်    ပြည်သူတွေကပဲ    တိုင်းပြည်ရဲ့  အနာဂတ်ကို  ဆုံးဖြတ်သင့်တယ်လို့ ကော်ဘိုင်ကပြောခဲ့ပါတယ်။

 

ဥရောပသမဂ္ဂအဖွဲ့ကြီးရဲ့  ဘရီးဇစ်  ညှိနှိုင်းရေးမှူး  မိုက်ကယ်ဘာနီရာကတော့  ဝန်ကြီးချုပ် အသစ်နဲ့    တွဲပြီးလုပ်ငန်းတွေ    ဆက်လုပ်ဆောင်သွားဖို့ မျှော်လင့်နေတယ်လို့ ပြောခဲ့ပါတယ်။     အမေရိကန်သမ္မတ        ဒေါ်နယ်ထရမ့်ကလည်း ဘောရစ်ဂျွန်ဆင်  ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာတာကို  ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။  ဘောရစ် ဂျွန်ဆင်ဟာကိစ္စကြီးတွေ  ဆောင်ရွက်နိုင်မယ့်  သူလို့လည်း   ပြောခဲ့ပါတယ်။   ဇူလိုင်  ၂၅  ရက် မှာတော့  ဘောရစ်ဂျွန်ဆင်ရဲ့  အစိုးရအဖွဲ့သစ်ဟာ ပထမဆုံးအကြိမ် တွေ့ဆုံကြမှာဖြစ်ပြီး      ဗြိတိန် ဝန်ကြီးချုပ်ဟာလည်း   အောက်လွှတ်တော်မှာ မိန့်ခွန်းပြောရမှာပါ။

 

ဖြေရှင်းစရာတွေရှိ

 

ဒိုမနစ်ရက်ဘ်နဲ့   ပရီတီပက်တဲလ်  တို့ဟာ အစိုးရအဖွဲ့အတွင်း     ပြန်ပါလာပြီး     နိုင်ငံခြားရေးဝန်ကြီးနဲ့     ပြည်ထဲရေးဝန်ကြီးတို့ အသီးသီးစီ ဖြစ်လာပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ် ဂျွန်ဆင်မှာ ဖြေရှင်းစရာဆိုလို့ ဥရောပသမဂ္ဂကနေ  ဗြိတိန်နုတ်ထွက်ရေးကိစ္စ   တစ်ခုတည်းတင်ရှိတာ မဟုတ်ပါဘူး။ ပြည်တွင်းရော ပြည်ပမှာပါ ဖြေရှင်းစရာတွေရှိနေပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသ အထူးသဖြင့် ပင်လယ်ကွေ့ဒေသမှာ    ပင်လယ်ရေကြောင်း   လုံခြုံရေးနဲ့   ပတ်သက်ပြီး    သှူမှာဖြေရှင်းစရာတွေ အများကြီး ရှိနေပါသေးတယ်။  အခုဆိုရင်  ဗြိတိန်အလံလွှင့်ထူ ထားတေဲ့ ရေနံတင်သင်္ဘောကို  အီရန်က သိမ်းယူ ထားပါတယ်။    ဒါဟာ    ပြည်တွင်းမှာ    နိုင်ငံရေး အပြောင်းအလဲတွေ၊ ဥရောပသမဂ္ဂကနေ နုတ်ထွက်ရေး ရုန်းကန်ရမှုတွေပြည့်နေတဲ့ ဗြိတိန်နိုင်ငံကို တစ်ဖက်ကနေ ထိုးနှက်လိုက်သလိုပါပဲ။

 

မဟာမိတ်တွေကို ခြိမ်းခြောက်


အီရန်ကတော့  ဘောရစ်ဂျွန်ဆင်ရဲ့   အစိုးရသစ်ဟာ  အရှေ့အလယ်ပိုင်းဒေသက  ပြဿနာတွေမှာ  မပါဝင်လောက်ဘူးလို့ ယူဆပြီး အလောင်းအစားတစ်ခု လုပ်လိုက်တာပါပဲ။ ဘာလို့လဲဆိုရင် ဗြိတိန်နိုင်ငံအတွင်းမှာကိုပဲ ဖြေရှင်းစရာ  နိုင်ငံရေးကိစ္စတွေ    ရှိနေသေးလို့ပါ။     ပင်လယ်ကွေ့ဒေသ တင်းမာမှုတွေ ဖြစ်ပေါ်လာရတဲ့  အကြောင်းကတော့ အမေရိကန်က ၂၀၁၈ ခုနှစ်မှာ အီရန်နျူကလီးယား စာချုပ်ကနေ နုတ်ထွက်ပြီး အီရန်အပေါ် ပိတ်ဆို့မှု တွေ လုပ်ခဲ့တာက စတာပါပဲ။

 

အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့  မဟာမိတ်တွေကို  ခြိမ်းခြောက်ခဲ့ပါတယ်။ ဗြိတိန်ဆိုတာကလည်း အမေရိကန်ရဲ့ အဓိကမဟာ မိတ်နိုင်ငံပါပဲ။    ယခုလအစောပိုင်းမှာပဲ   ဗြိတိန်  တော်ဝင်ရေတပ်ဟာ ဆီးရီးယားကို ရေနံတင်ပို့နေတယ်လို့  ယူဆရတဲ့  အီရန်ရေနံတင်  သင်္ဘောကို သိမ်းယူခဲ့ပါတယ်။ ဒါကိုပြန်လည်တုံ့ပြန်တဲ့အနေနဲ့ အီရန်ဟာ ဗြိတိန်အလံလွှင့်ထူထားတဲ့သင်္ဘောကို ပြန်လည်သိမ်းယူခဲ့တာပါ။

 

ဆီးရီးယားကို တပ်တွေပို့မှာလား

 

နောက်ပြီး ဘောရစ်ဂျွန်ဆင်အနေနဲ့   ဗြိတိန်တပ်တွေ  ဆီးရီးယားမှာ တိုးပြီးချထားဖို့    အမေရိကန်က   တောင်းဆိုတာမျိုးနဲ့လည်း ကြုံတွေ့ကောင်း ကြုံတွေ့နိုင်ပါတယ်။ အမေရိကန်ဟာ ဆီးရီးယားမှာ အပြည်ပြည်ဆိုင်ရာတပ်ဖွဲ့ ဖန်တီးချင်ပါတယ်။ ဒါမှသာ   ဆီးရီးယားက    အမေရိကန်တပ်တွေ  လျှော့ချနိုင်မှာပါ။

 

သမ္မတ ဒေါ်နယ်ထရမ့်  ကိုယ်တိုင်ကလည်း ဆီးရီးယားက  အမေရိကန်တပ်တွေကို  လျှော့ချမယ်လို့ ကြေညာထားခဲ့ပြီးသားပါ။  ဗြိတိန်သံတမန်  ဂျိမ်းဂျက်ဖာရီကတော့  တူရကီနဲ့  အမေရိကန်က ကျောထောက်   နောက်ခံပြုထားတဲ့    ဆီးရီးယား  ဒီမိုကရက်တစ် တပ်ဦးတို့ကြားမှာ ကြားခံနယ်မြေ တစ်ခုထူထောင်ဖို့ တူရကီနဲ့  ညှိနှိုင်းမှုတွေ ပြုလုပ် နေပါတယ်။ ဆီးရီးယားကို ဗြိတိန်တပ်တွေထပ်ပို့ မပို့ ဆုံးဖြတ်ရမယ့် ကိစ္စဟာလည်း  ဗြိတိန်ဝန်ကြီးချုပ်သစ် ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုပါပဲ။

 

ဘရီးဇစ်အရေး  စိုးရိမ်ရမှုတွေကြောင့် စီးပွားရေးကျဆင်းမှုတွေ ဖြစ်ပေါ်ပြီးတဲ့ နောက်ပိုင်း ဗြိတိန်ဟာ    အမေရိကန်နဲ့ရော၊ တူရကီနဲ့ပါဝေး မသွားချင်ပါဘူး။ တူရကီက ရုရှားကအက်စ် ၄၀ဝ   ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူပြီးတဲ့ နောက်ပိုင်း တူရကီနဲ့ အမေရိကန်တို့ကြား တင်းမာ မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

 

ဝန်ကြီးချုပ်သစ်၏ တာဝန်

 

နောက်ပြီးတော့      ပြီးခဲ့တဲ့သီတင်းပတ်ကပဲ လုံခြုံရေးဆိုင်ရာကိစ္စတွေ    လုပ်စရာရှိတာကြောင့်  ကိုင်ရိုမြို့ကို ပျံသန်းမယ့် ဗြိတိန်လေကြောင်းလိုင်းကိုလည်း ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း အီဂျစ်ဘက်က စိုးရိမ်မှုတွေရှိနေပါတယ်။

 

လေကြောင်းလိုင်းပြေးဆွဲမှု  ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး တူရကီမှာလည်း မေးခွန်းတွေ အပြည့်နဲ့ပါပဲ။  တူရကီရဲ့မေးခွန်းတွေကို  ပြန်လည်ဖြေရှင်းဖို့ကလည်း  ဗြိတိန်ဝန်ကြီးချုပ်အသစ်ရဲ့ တာဝန်ပါပဲ။ အခုအခါမှာတော့ နိုင်ငံရေးအပြောင်း အလဲတွေနဲ့အတူ ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ် အသစ်ဟာလည်း  ဘောရစ်ဂျွန်ဆင် ဖြစ်လာခဲ့ပါတယ်။ သူကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတွေကတော့ ဘရီးဇစ်အရေးတင်မကပါဘူး။ အရှေ့အလယ်ပိုင်း ဒေသမူဝါဒတွေနဲ့ပတ်သက်ပြီး လျစ်လျူရှုထားလို့ မရတာလည်း အမှန်ပါပဲ။       ။

 


ကိုးကား - ဆင်ဟွာ၊ ဂျေရုဆလင်တိုင်းမ်