သတင်းဆောင်းပါး - ကောင်းမွန်
“ကမ္ဘာပေါ်၌ အကောင်းဆုံး၊ အလှပဆုံးအရာများကို မမြင်တွေ့နိုင်၊ မထိတွေ့နိုင်ပေ။ ယင်းတို့ကို နှလုံးသား၌သာ ခံစားနိုင်သည်။” (ဟယ်လင်ကယ်လာ)
ကျွန်ုပ်တို့သည် မိမိတို့ထံရှိထားပြီးအရည်အချင်း၊ ပစ္စည်း ဥစ္စာတို့နှင့်ပတ်သက်၍ ကောင်းစွာတန်ဖိုး ထားရမှန်း မသိဘဲ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်သည်။ ဤသဘော တရားကို ဟယ်လင်ကယ်လာ ဆိုသူ ကမ္ဘာကျော် အမျိုး သမီးတစ်ဦးက ၎င်း၏ “သုံးရက်လောက်မျှ မြင်ခွင့်ရမည်ဆိုလျှင်” ဟူသည့် ဆောင်းပါးလေးဖြင့် မီးမောင်းထိုးပြထားခဲ့သည်။
ကမ္ဘာ့နိုင်ငံအများအပြားသို့ လှည့်လည်သွားလာ
ဟယ်လင်ကယ်လာ၏ ငယ်စဉ်ဘ၀နှင့်ပတ်သက်၍ အခြေခံပညာအထက်တန်း၊ တိတိကျကျဆိုလျှင် ဒသမတန်း ကျောင်းသုံးအင်္ဂလိပ်စာအုပ်၌ ပြဋ္ဌာန်းခဲ့သည်။ ဟယ်လင်ကယ်လာကို ၁၈၈၀ ပြည့်နှစ် ဇွန်လ ၂၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု အယ်လာဘားမား ပြည်နယ်၌ မွေးဖွားခဲ့သည်။ ဟယ်လင်ကယ်လာသည်အသက်နှစ်နှစ်ခန့်အရွယ်တွင် အပြင်းအထန်ဖျားနာပြီးနောက် မျက်စိမမြင်၊ နားမကြားသည့်ဘဝသို့ရောက်ခဲ့ရသည်။ သို့ရာတွင် မိဘနှစ်ပါး၏ စိတ်ရှည်သည်းခံမှု၊ အားပေးကူညီမှု၊ ၁၈၈၇ ခုနှစ်တွင် အင်းန်ဆူလီဗန် ဆိုသူဆရာမ၏ စိတ်ရှည်သည်းခံစွာ ပံ့ပိုးကူညီမှုတို့ဖြင့် ဟယ်လင်ကယ်လာသည် နောင်တစ်ချိန်တွင် နာမည်ကျော် ဟားဗတ်တက္ကသိုလ်ရှိ ရက်ဒ်ကလစ်ဖ် ကောလိပ်မှဘွဲ့ရတစ်ဦးအဖြစ်သို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့နိုင်ငံအများအပြားသို့ လှည့်လည်သွားလာ၍ သူ၏ ဘ၀ ဇာတ်ကြောင်းကို ဟောပြောမှုပြုလုပ်ခဲ့သည့် ကမ္ဘာ ကျော်အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။
ငယ်စဉ်ကပင် မျက်စိမမြင်၊ နားမကြားဖြစ်ခဲ့ရသည့်အလျောက် ဟယ်လင်ကယ်လာ၏ ဘ၀ တစ်လျှောက်လုံး “အမြင်”အာရုံဆိုသည်မှာ တစ်ပါးသူများ၏ မျက်နှာရှိကောက်ကြောင်းများကို လက်ချောင်းထိပ်များဖြင့်စမ်းသပ်ထိတွေ့မှုမှတစ်ဆင့် နားလည်မှုသာ ဖြစ်သည်။ အလားတူ နားမကြား ရသည့်အလျောက် လူတို့၏ ရယ်မောသံ၊ ဝမ်းနည်းမှုနှင့် အခြားသောခံစားမှုအဖုံဖုံကိုလည်း စမ်းသပ်ထိတွေ့ခြင်းဖြင့်သာ နားလည်ခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဟယ်လင်ကယ်လာအနေဖြင့် ၎င်း၏ဘ၀၌ အတမ်းတဆုံးအရာအဖြစ် အမြင်အာရုံကိုတစ်ခဏတာမျှ ရရှိလိုခြင်းမှာလည်း အဆန်းတကြယ်မဟုတ်ဟု ဆိုနိုင်သည်။
အကယ်၍ စာဖတ်သူတို့အနေဖြင့် ဟယ်လင်ကယ်လာကဲ့သို့ ငယ်စဉ်ကတည်းက မျက်စိမမြင်၊ နား မကြားရဘဲ တစ်ချိန်ချိန်တွင် သုံးရက်တာမျှ အမြင်အာရုံရမည်ဆိုလျှင် မည်သည့်အရာများကို ဦးစားပေး ကြည့်ရှုလိုပါသနည်းဟု မေးမြန်းခံရပါက အလွယ်တကူ ဖြေဆိုနိုင်မည် မဟုတ်ပေ။ အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ဟယ်လင်ကယ်လာက ၎င်း၏ ဆောင်းပါး၌ အောက်ပါအတိုင်း အဖြေပေး သွားခဲ့သည်။
“လူတို့ အရွယ်ရောက်စအချိန်တွင် ရက်အနည်းငယ်မျှ မျက်စိမမြင်၊ နားမကြားဖြစ်မည်ဆိုလျှင် အဆိုး ထဲက အကောင်းကိစ္စတစ်ရပ်ဖြစ်လိမ့်မည်ဟု ကျွန်ုပ်အနေဖြင့် မကြာခဏ တွေးတောမိတတ်သည်။ အကြောင်းမှာ မျက်မမြင်ဘဝသို့ ရောက်သည့်အခါမှသာ အမြင်အာရုံအပေါ် ပိုမိုတန်ဖိုးထားတတ်လိမ့် မည်။ နားမကြားသည့်အခြေအနေသို့ ရောက်သည့်အခါမှသာ အသံကို ကြားရခြင်းအတွက် ပျော်ရွှင်မှု တန်ဖိုးကို ပိုမိုနားလည်လိမ့်မည်ဟုမှတ်ယူမိသည်။ ကျွန်ုပ်သည် အမြင်အာရုံကောင်းသည့် သူငယ်ချင်း များကို ၎င်းတို့မြင်တွေ့ရသည့် အရာများနှင့်ပတ်သက်၍ ရံဖန်ရံခါ စမ်းသပ်မှုပြုလုပ်လေ့ရှိသည်။
နားမလည်နိုင်အောင် မြင်မိ
မကြာသေးမီက နံနက်စောစောအချိန်တွင် ကျွန်ုပ်တို့နေအိမ်နှင့် မလှမ်းမကမ်း တောအုပ်ငယ်ကိုဖြတ်၍ လမ်းလျှောက်ပြီးပြန်လာသည့် သူငယ်ချင်းတစ်ဦးကိုလမ်းတစ်လျှောက် ၎င်းမြင်တွေ့ခဲ့ရသည့်အရာ များနှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ သူငယ်ချင်းက ထွေထွေထူးထူး မမြင်မိကြောင်း အဖြေပေးသွား ခဲ့သည်။ “တောအုပ်ငယ်တစ်ခုအတွင်း အချိန်တစ်နာရီမျှ လမ်းလျှောက်ခဲ့ရာတွင် မည်သည့်မှတ်သား ဖွယ်ရာ ကိုမျှ မတွေ့မိ”ဟူသော အဖြေနှင့်ပတ်သက်၍ နားမလည်နိုင်အောင်ဖြစ်မိရသည်။ မျက်မမြင် တစ်ဦးဖြစ်သူ ကျွန်ုပ်သည် ယင်းကဲ့သို့ လမ်းလျှောက်သည့်အခါ ထိတွေ့ရုံမျှဖြင့် စိတ်ဝင်စား ဖွယ်အရာ များစွာကို မှတ်သားလေ့ရှိတတ်သည်။ သစ်ရွက်တစ်ရွက်၏ နူးညံ့သော ဟန်ချက်ညီမှု၊ ဝက်သစ်ချပင် ၏ ချောမွေ့သောအခွံ (သို့မဟုတ်) ကြမ်းတမ်းပြီးအမွေးထူသည့် ထင်းရှူးပင်၏အခွံတို့ကို ထိတွေ့ ခံစားနိုင်သည်။ နွေဦးပေါက်တွင် သစ်ပင်၏အကိုင်းအခက်များကို ထိတွေ့ရင်း ဆောင်းခိုရာမှ နိုးထလာသည့် အဖူးအငုံလေးများအား စမ်းသပ်မိမည်လားဟု မျှော်လင့်မိတတ်သည်။ တစ်ခါ တစ်ရံ ကံအားလျော်စွာ သစ်ပင်လေးများပေါ်တွင် သာယာဖွယ်တေးသီချင်းကို ခွန်းဆိုနေတတ်သည့် ငှက်ငယ်တို့၏ အသံရိုက်ခတ်မှုကို ခံစားရတတ်ပါသည်။
ကျွန်ုပ်သည် အဆိုပါအခြင်းအရာများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုခြင်းကြောင့် ရံဖန်ရံခါ နှလုံးပွင့် ထွက်အောင် ငိုကြွေးလုမတတ် ခံစားမိသည်။ ယင်းအရာများကိုထိတွေ့ရရုံဖြင့် ကျေနပ်အားရမိသည့် အလျောက် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရနိုင်မည်ဆိုပါက မည်မျှပီတိဖြစ်မိမည်မှာ မှန်းဆ၍ပင် မရအောင်ဖြစ်သည်။ အကယ်၍များ ကံကြမ္မာက မျက်နှာသာပေး၍ ကျွန်ုပ်အနေဖြင့် သုံးရက်တာမျှ အမြင်အာရုံရရှိမည်၊ မြင်တွေ့ခွင့်ရမည်ဆိုလျှင် မည်သို့သောအရာများကို ဦးစားပေးကြည့်ရှုမိမည် ဆိုသည့်အချက်ကိုလည်း ရံဖန်ရံခါ တွေးတောမိတတ်ပါသည်။
အကယ်၍သာ ယင်းကဲ့သို့ သုံးရက်တာမျှ အမြင်အာရုံကို ရနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် ယင်းအချိန် ကိုသုံးပိုင်းခွဲ၍ အသုံးချသွားမည်ဖြစ်သည်။ ပထမဦးဆုံးနေ့တွင် ကျွန်ုပ်အနေဖြင့် မျက်စိမမြင်၊ နားမကြားရလင့်ကစား ဘဝတွင် နေချင့်စဖွယ်ဖြစ်အောင် ဝိုင်းဝန်းကူညီပံ့ပိုး စောင့်ရှောက်ပေးသူများ၏ မျက်နှာများကို တစ်၀ကြီး ကြည့်မိမည်ဖြစ်သည်။ လူတို့၏ အတွင်းစိတ်ကို ထိုးဖောက်ကြည့်ရှုနိုင်သည့်၊ ပြတင်းတံခါးဖြစ်သည့် မျက်စိမှနေ၍ သူငယ်ချင်းတစ်ဦး၏ နှလုံးသားသို့ မည်သို့ထိုးဖောက်ကြည့် ရမည်ဆိုသည်ကို မကြာခဏ တွေးတောမိသည်။ ကျွန်ုပ်၏ ဘဝတစ်လျှောက်လုံး “အမြင်” အာရုံ ဆိုသည်မှာ မျက်နှာ၏ ကောက်ကြောင်းများကို လက်ချောင်းထိပ်များဖြင့် စမ်းသပ်ထိတွေ့ခြင်းသာ ဖြစ်သည်။ အလားတူနားမကြားရသည့်အလျောက် လူတို့၏ ရယ်မောသံ၊ ဝမ်းနည်းမှုနှင့် အခြားသော ခံစားမှုအဖုံဖုံကို ထိတွေ့ခြင်းဖြင့်သာ နားလည်ခဲ့ရခြင်းဖြစ်သည်။ ကျွန်ုပ်အနေဖြင့်သူငယ်ချင်းများကို ယင်းတို့၏ မျက်နှာများအား ထိတွေ့ခံစားခြင်းဖြင့်သာ နားလည်ခဲ့ရခြင်းဖြစ်သည်။
အတွင်းစိတ်ကို ထိုးဖောက်ကြည့်ရှု
မျက်စိအာရုံကောင်း၍ မြင်နိုင်တွေ့နိုင်သူတစ်ဦးအတွက် အခြားသူတစ်ဦး၏ ခံစားရမှုကို ဖော်ပြချက်တို့ အပေါ် ကြည့်ရှုရုံဖြင့် ယင်းတို့၏ အခြေခံအရည်အသွေးများအား လျင်မြန်စွာ နားလည် သဘောပေါက်နိုင်မည်ဆိုပါက များစွာအားရဖွယ်ကောင်းလိမ့်မည်ကို ကျွန်ုပ်အနေဖြင့် တွေးတော ကြည့်မိသည်။ သို့ရာတွင် လူတို့သည် ၎င်းတို့၏ အမြင်အာရုံအား မိတ်ဆွေသူငယ်ချင်းတစ်ဦး၏ အတွင်း စိတ်ကို ထိုးဖောက်ကြည့်ရှုရန် အစဉ်အသုံးပြုလေ့ရှိပါသလား။ များသောအားဖြင့် လူတို့သည် အခြားသူတစ်ဦး ၏ ပြင်ပပုံပန်းသ္ဌာန်ကို တစ်ခဏတာ တွေ့မြင်ပြီးနောက်မေ့မေ့ပျောက်ပျောက် ရှိတတ်ကြသည် မဟုတ်ပါလား။
ဥပမာအားဖြင့် စာဖတ်သူတို့အနေဖြင့် ခင်မင်ရင်းနှီးသည့် မိတ်ဆွေသူငယ်ချင်း ငါးယောက်တို့၏ မျက်နှာပေါက်ပုံပန်းသ္ဌာန်ကို တိကျစွာ ဖော်ပြနိုင်ပါသလား။ စမ်းသပ်မှုအနေဖြင့် ကျွန်ုပ်သည် အမျိုးသားအချို့အား ၎င်းတို့၏ ဇနီးသည်များ၏ မျက်လုံးအရောင်နှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ တွင် ရံဖန်ရံခါ ဝေခွဲမရသလိုမျိုးနှင့်ကောင်းစွာမသိကြောင်း ဝန်ခံပြောကြားမှုများနှင့်လည်း ကြုံတွေ့ရ ဖူးပါသည်။
အတွင်းသ္ဌာန်ရှိ အလှတရား
ငယ်စဉ်ကတည်းက အမြင်အာရုံ ကင်းမဲ့ခဲ့သည့်ကျွန်ုပ်အနေဖြင့် သုံးရက်တာ အမြင်အာရုံရမည် ဆိုလျှင်ပထမဦးဆုံးနေ့မှာ ဧကန်အလုပ်များမည့်နေ့ပင်ဖြစ်သည်။ ဦးစွာ အခင်ဆုံးသူငယ်ချင်းများကို ဖိတ်ခေါ်၍ ၎င်းတို့၏မျက်နှာများကို ကောင်းစွာကြည့်ရှုမိမည်ဖြစ်သည်။ ယင်းတို့၏ အတွင်းသ္ဌာန်ရှိ အလှတရားကို စိတ်တွင်ကောင်းစွာစွဲနေစေရန် မှတ်သားထားမည် ဖြစ်သည်။ မျက်လုံးကို အနား ပေးသည့်အနေဖြင့် ကလေးငယ်တစ်ဦး၏ မျက်နှာကိုကြည့်ရှုမည်ဖြစ်သည်။ သို့မှသာ ဘဝတွင် ရင်ဆိုင်ရမည့် ပဋိပက္ခများနှင့်ပတ်သက်၍ အသိတရားကိုမကြုံတွေ့မီ အပြစ်ကင်းမဲ့သည့် အလှ တရား၏ မျက်နှာကိုတွေ့မြင်ခွင့်ရနိုင်မည်ဖြစ်သည်။
အလားတူ ကျွန်ုပ်၏ ဘဝတစ်လျှောက်လုံးတွင်တစ်ပါးသူများက ဖတ်ရှုပေးခဲ့သည့် လူ့ဘ၀၏ သိမ်မွေ့နက်ရှိုင်းမှုများကို ဖော်ထုတ်ပြသခဲ့သည့် စာအုပ်များကိ ကြည့်ရှုလိုသေးသည်။ ထို့အပြင် ကျွန်ုပ်ကို အမြဲတစေ အဖော်ပြုခဲ့သည့် ခွေးလေး “စကော့တီ”နှင့် “ဂရိတ်ဒိန်း” လမ်းပြခွေးကြီးတို့၏ သစ္စာရှိပြီး ယုံကြည်အားကိုးနိုင်သည့်မျက်လုံးများကိုလည်း ကြည့်ရှုလိုသေးသည်။
သဘာ၀၏အလှတရား၌ ယစ်မူးဦးမည်
ယင်းနေ့ နေ့လယ်ပိုင်းတွင် တောအုပ်ငယ်အတွင်း လမ်းလျှောက်၍ သဘာ၀၏ အလှတရား၌ ယစ်မူးဦး မည်ဖြစ်သည်။ ပြီးလျှင် နေဝင်ချိန်၌ လှပသော အရောင်မျိုးစုံကို တစ်၀ကြီးကြည့်ရှုမည်ဖြစ်သည်။ ပထမဦးဆုံးနေ့ညဘက်တွင်တော့ စိတ်လှုပ်ရှားလွန်း၍ ကောင်းစွာအိပ်ပျော်နိုင်မည်ဟု မထင်မိပေ။
ဒုတိယနေ့ နံနက်တွင်တော့ အရုဏ်တက်အိပ်ရာ ထချိန်တွင် ညပိုင်း၏ ဆန်းကြယ်မှုများမှ နေ့ပိုင်းသို့ အသွင်ပြောင်းလဲမှုများကို ကြည့်ရှုခံစားမည်ဖြစ်သည်။ အိပ်စက်အနားယူနေသည့် ကမ္ဘာမြေကြီးအား အိပ်ရာ မှလှုပ်နှိုးမည့် နေမင်းကြီး၏ ခံ့ညားဖွယ်ကောင်းသည့်အလင်းရောင်များကို တအံ့တဩ ကြည့်ရှုမိမည်ဖြစ်သည်။ ယင်းနေ့တွင် ကမ္ဘာမြေကြီး၏ အတိတ်နှင့် လက်ရှိကာလ အခြေအနေ တို့အပေါ် လျင်မြန်စွာ လေ့လာကြည့်ရှုမည်ဖြစ်သည်။ လူသားတို့၏ တိုးတက်ဖြစ်ပေါ်မှုအစဉ်ကို လေ့လာကြည့်ရှုလိုသည့်အလျောက် ပြတိုက်များသို့သွားရောက်လေ့လာမည်ဖြစ်သည်။ သဘာ၀ ပတ်ဝန်းကျင်ကို နောက်ခံထား၍ လူသားမျိုးနွယ်များ၊ တိရစ္ဆာန်မျိုး နွယ်များ၏ ဖြစ်ပေါ်တိုးတက်မှု၊ တိရစ္ဆာန်လောကကိုစိုးမိုးခဲ့သည့် ဒိုင်နိုဆောများ၊ ရေခဲခေတ် ဆင်ကြီးများ၏ ရုပ်ကြွင်းများကို ပြသထားသည့် ကမ္ဘာမြေကြီး၏ သမိုင်းကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုမည်ဖြစ်သည်။
ယင်းနောက်တွင် အနုပညာပြတိုက်တစ်ခုသို့ သွားရောက်ကြည့်ရှုမည်ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် ရှေးဟောင်း နိုင်းမြစ်ဝှမ်းဒေသမှ နတ်ဘုရားများ၊ နတ်ဘုရားမများ၏ ရုပ်တုများကို ယခင်က လက်ဖြင့် သာ ထိတွေ့စမ်းသပ်ခဲ့ဖူးပါသည်။ အေသင်မှ စစ်သူရဲကောင်းများ၏ ဟန်ချက်ညီညီလှုပ်ရှားမှုတို့ကို လည်း မှန်းဆခံစားခဲ့ဖူးသည်။ ဟိုးမား၏ မုတ်ဆိတ်မွေးထူလပျစ်နှင့် ကွေးညွတ်နေသည့် အသွင်အပြင် များနှင့်လည်း ရင်းနှီးခဲ့ဖူးပါသည်။ ဟိုးမားသည်လည်း အမြင်အာရုံ ကင်းမဲ့မှုကို နားလည်သိရှိသူ တစ်ဦးပင်ဖြစ်သည် မဟုတ်လော။
အတွေ့အကြုံမှတစ်ဆင့် လေ့လာ
ဒုတိယနေ့တွင် ယင်းအနုပညာတို့မှတစ်ဆင့်လူသား၏ စိတ်သ္ဌာန်ကို လေ့လာကြည့်ရှုနိုင်ရန် အား ထုတ်မည်ဖြစ်သည်။ ယခင်က ကျွန်ုပ်လေ့လာသိရှိခဲ့သည်မှာ လက်ဖြင့်ကိုင်တွယ်စမ်းသပ်ခဲ့မှုများမှ သာဖြစ်၍ ယင်းတို့ကို ကိုယ်တိုင်မျက်မြင် လေ့လာခွင့်ရရှိတော့မည်ဖြစ်သည်။ ခံ့ညားလှပသည့် ကမ္ဘာမြေကြီး၏ ပန်းချီကားကို မျက်မြင်လေ့လာခွင့်ရမည်ဆိုက များစွာဝမ်းမြောက်စရာပင် ဖြစ်သည်။ အနုပညာကို နက်ရှိုင်း စစ်မှန်စွာ ခံစားနိုင်ရန်အတွက် မျက်လုံးကို လေ့ကျင့်သင်ကြားပေးရမည်ဟု အနုပညာရှင်များက ပြောကြားခဲ့ဖူးသည်။ ပန်းချီကားများ၏ ကောက်ကြောင်း၊ ကိုယ်ဟန်အနေအထား၊ ပုံသ္ဌာန်နှင့် အရောင်အသွေးတို့၏ တန်ဖိုးကို အတွေ့အကြုံမှတစ်ဆင့် လေ့လာရမည်ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် အမြင်အာရုံကိုသာ ရရှိနိုင်မည်ဆိုလျှင်ယင်းကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာ ဘာသာရပ် တစ်ခုအပေါ် ပျော်ရွှင်ဝမ်းမြောက်စွာ လေ့လာမိမည်ဖြစ်သည်။
ဒုတိယနေ့၏ ညနေခင်းပိုင်းတွင် ကဇာတ်ရုံသို့မဟုတ် ရုပ်ရှင်ရုံတစ်ခုသို့ သွားရောက်အချိန်ဖြုန်း မည်ဖြစ်သည်။ ရှိတ်စပီးယား၏ “ဟမ်းလက်” ဇာတ်ကောင်၏ ဆွဲဆောင်မှုရှိသည့် အသွင်သ္ဌာန်ကို ကျေနပ်အားရဖွယ် လေ့လာကြည့်ရှုမည်ဖြစ်သည်။ ဂီတနှင့်ဟန်ချက်ညီ လှုပ်ရှားမှုများ၏ အလှအပများ ကိုယခင်က ကန့်သတ်ခွင့်ပြုထားသည့်အတိုင်းအတာ တစ်ခုအထိ လက်ဖြင့်သာ ထိတွေ့ခံစားခဲ့ဖူးပါ သည်။ “ပက်ဗ်လိုဗာ”၏ ခံ့ညားလှပမှုကို ခန့်မှန်းရှုမြင်မိမည်ဖြစ်သည်။ ယခင်က တေးဂီတ၏ ရိုက်ခတ် ချက်များကိုကြမ်းပြင်အား ရိုက်ခတ်ပြီး ပဲ့တင်ထွက်လာခြင်းမှသာ ခံစားခဲ့ရပါသည်။
ဂီတနှင့်ဟန်ချက်ညီစွာ လှုပ်ရှားမှုများကို ကမ္ဘာပေါ်ရှိ နှစ်သက်ဖွယ်ရာ မြင်ကွင်းများအနက် တစ်ခုအဖြစ်ကောင်းစွာခန့်မှန်းမိသည်။ ယခင်က ကျွန်ုပ်သည်ယင်းတို့ကို ကျောက်ပြား၌ ထွင်းထုထားရှိမှုများအပေါ်မှသာ စမ်းသပ်ခန့်မှန်းခဲ့ရဖူးပါသည်။ လှုပ်ရှားမှုမရှိသည့်ခံ့ညားမှုတို့ကပင် လှပနေသည်ဟု မှတ်ယူရပါက ယင်းခံ့ညားမှုတို့ကို အမှန်တကယ်လှုပ်ရှားနေသည့်အတိုင်း လေ့လာခွင့်ရမည်ဆိုပါက များစွာစိတ်လှုပ်ရှားမိမည်မှာ ဧကန်မုချပင် ဖြစ်သည်။
မရပ်မနား သက်ဝင်လှုပ်ရှားနေသည့် လောကကြီး
တတိယနေ့ သို့မဟုတ် နောက်ဆုံးနေ့၏ နံနက်ခင်းတွင်လည်း နေ့သစ်၏အလှအပများကို ဖော်ထုတ် ပေးမည့် အရုဏ်တက်ချိန်ကို ထပ်မံနှုတ်ခွန်းဆက်မည်ဖြစ်သည်။ မရပ်မနား သက်ဝင်လှုပ်ရှားနေသည့် လောကကြီး၌ လူတို့၏ လှုပ်ရှားသွားလာမှုများကို ယင်းနေ့တွင် တစ်၀ကြီး လေ့လာကြည့်ရှု သွားမည်ဖြစ်သည်။ ယင်းတို့ကိုလေ့လာရေးအတွက် ကျွန်ုပ်၏ ရည်မှန်းချက်မှာ မြို့ပြ လူနေမှုဘဝပင် ဖြစ်သည်။
ရှေးဦးစွာ ပျားပန်းခပ်တမျှ လူစည်ကားရာ လမ်းထောင့်တစ်ခုသို့သွားရောက်၍ လူတို့၏ လှုပ်ရှား သွားလာမှုများကို လေ့လာမည်ဖြစ်သည်။ ယင်းတို့၏ လှုပ်ရှားမှုများကို လေ့လာခြင်းဖြင့် နေ့စဉ် သွားလာ လှုပ်ရှားမှုများကို နားလည်စေရန် ကြိုးပမ်းသွား မည်ဖြစ်သည်။ ၎င်းတို့၏အပြုံးများကို တွေ့မြင်ရပါက ကျွန်ုပ်အနေဖြင့် ၎င်းတို့နှင့်ထပ်တူပျော်လိမ့်မည်ဟုထင်မှတ်မိသည်။ ယင်းတို့၏ ခံစားရမှုကို တွေ့မြင်ရပါက စာနာမိမည်ဖြစ်သည်။ လေးနက်သည့် ဆုံးဖြတ်ချက်ကို တွေ့ရှိရပါက ဂုဏ်ယူမိမည်ဖြစ်သည်။ ထို့နောက် နယူးယောက်မြို့၏ လူစည်ကားရာဖစ်သ် အဗင်းနျူးလမ်းမကြီး တစ်လျှောက် လျှောက်သွားမည်ဖြစ်သည်။ တစ်စုံတစ်ခုအပေါ် အလေးပေးကြည့်ရှုခြင်းမျိုး မဟုတ်ဘဲ အရောင်အသွေး စုံလင်သည့် မြင်ကွင်းကို လေ့လာသွားမည်ဖြစ်သည်။ အရောင်အသွေးစုံလင်သည့် အဝတ်အစားများဖြင့် မနားမနေသွားလာနေမည့် အမျိုးသမီးများ၏ လှုပ်ရှားသွားလာမှုမှာ မည်သည့် အခါမျှ ငြီးငွေ့ဖွယ် မဟုတ်သည့် နှစ်လိုဖွယ်မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ အကယ်၍များ ကျွန်ုပ် အနေဖြင့် အမြင်အာရုံ ရမည်ဆိုပါက အများသူငါတို့အကြား စုံလင်သည့် အရောင်အသွေး၏ ခမ်းနားမှုအပေါ် အာရုံမထားနိုင်ဘဲ အခြားသော အမျိုးသမီးများ နည်းတူ ဟန်ပန်ပုံစံတို့အပေါ်တွင်သာ ပိုမိုအလေးပေး ကောင်း အလေးပေးမိလိမ့်မည် ဖြစ်သည်။
ထို့နောက်တွင် နယူးယောက်မြို့ကြီးကို လှည့်ပတ်ကြည့်ရှုသွားမည်ဖြစ်သည်။ ဆင်းရဲသားရပ်ကွက်များ မှနေ၍ စက်ရုံများဆီသို့လည်းကောင်း၊ ကလေးသူငယ်များ ဆော့ကစားသည့် ပန်းခြံများသို့ လည်းကောင်း နေရာအနှံ့သွားလည်မည်ဖြစ်သည်။ နိုင်ငံရပ်ခြားသို့ သွားရောက်၍ ၎င်းတို့၏နေအိမ်၌ နေထိုင်ပြီး လေ့လာလည်ပတ်မှုမျိုး ပြုလုပ်သည့်အနေဖြင့် နိုင်ငံခြားသားများ နေထိုင်ရာ ရပ်ကွက် သို့လည်း သွားရောက်လည်ပတ်မည် ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် မျက်လုံးအစုံကို အစဉ်ဖွင့်၍ ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုတို့၏ မြင်ကွင်းအားလုံးအပေါ် လေ့လာပြီး နှိုက်နှိုက်ချွတ်ချွတ်မေးမြန်းကာ လူတို့၏ လုပ်ကိုင်လှုပ်ရှား နေထိုင်မှုများအပေါ် ပိုမိုနားလည်မှုရှိစေရန် ကြိုးပမ်း သွားမည်ဖြစ်သည်။
လူသားတို့၏ နှလုံးသားရှိ ဟာသတေးဂီတ
ကျွန်ုပ်၏ သုံးရက်တာ အမြင်အာရုံသည် မကြာမီအချိန်တွင် ကုန်ဆုံးတော့မည်ဆိုပါက ကျန်ရှိတော့ သည့်နာရီအနည်းငယ်အတွင်း အလေးထားလုပ်ဆောင်လိုသည့်အရာများစွာ ရှိလိမ့်မည်ဖြစ်သည်။ နောက်ဆုံး နေ့ရက်၏ ညနေပိုင်းလေးတွင် ကဇာတ်ရုံသို့ သွားရောက်၍ အထူးပျော်ရွှင်မြူးထူးဖွယ် ပြဇာတ်တစ်ခုကို ကြည့်ရှုလိုသည်။ သို့မှသာ လူသားတို့၏ နှလုံးသားရှိ ဟာသတေးဂီတကို နှစ်သက်ခံစားနိုင်မည်ဖြစ်သည်။ အမှန်စင်စစ် သုံးရက်တာ အချိန်တိုလေးအတွင်း မြင်တွေ့လိုသည့် အရာအားလုံးကို မြင်တွေ့နိုင်မည် မဟုတ်ပေ။ အမြင်အာရုံ ကင်းမဲ့ချိန်မှ အတိုင်းအတာ မည်မျှအထိ မတွေ့မမြင်ခဲ့သည်ကို နားလည်သဘောပေါက်လိမ့်မည်ဖြစ်သည်။
စာဖတ်သူတို့အနေဖြင့် ငယ်စဉ်က အမြင်အာရုံပျောက်ဆုံးခဲ့ပြီးနောက် သုံးရက်တာမျှ အမြင် အာရုံရမည်ဆိုပါက အထက်ဖော်ပြပါ အစီအစဉ်များအတိုင်း ဆောင်ရွက်လိုမှ ဆောင်ရွက်မည်ဖြစ် သည်။ သို့ရာ တွင်ယင်းကဲ့သို့အခြေအနေမျိုးနှင့် ကြုံတွေ့ရမည်ဆိုပါက စာဖတ်သူအနေဖြင့် အမြင်အာရုံကို ယခင်နှင့်မတူအောင်ဧကန်အသုံးချလိမ့်မည်ဖြစ်သည်။ တွေ့မြင်ခွင့်ရသည့်အတိုင်း အတာအတွင်း ရောက်ရှိလာသည့်အရာမှန်သမျှကို မလွတ်တမ်း အသေအချာ မှတ်သားကြည့်ရှု လိမ့်မည်ဖြစ်သည်။ ယင်းသို့ဆိုပါက မိမိတို့၏ ရှေ့မှောက်တွင်လှပသည့် လောကသစ်တစ်ရပ် ရှိနေသည်ကို မုချ မြင်တွေ့လိမ့်မည်ဖြစ်သည်။
ငယ်စဉ်ကတည်းက အမြင်အာရုံ ကွယ်ပျောက်ခဲ့သူတစ်ဦးဖြစ်သည့် ကျွန်ုပ်အနေဖြင့် အကြံပြု လိုသည်မှာ စာဖတ်သူတို့အနေဖြင့် အမြင်အာရုံကို နောက်တစ်နေ့တွင် ဆုံးရှုံးသွားမည့်အလား အပြည့်အဝအသုံးချကြည့်ပါ။ အကြားအာရုံ၊ အရသာအာရုံစသည့် အခြားသော အာရုံမှန်သမျှကိုလည်း အလားတူ အသုံးချကြည့်ပါ။ နောက်တစ်နေ့တွင် အကြားအာရုံ ကွယ်ပျောက်သွားမည့်အလား တေးဂီတသံများ၊ ကျေးငှက်တို့၏ တေးသီချင်းသီဆိုမှုများ၊ သံစုံတီးဝိုင်း တစ်ခု၏ တီးခတ်မှုများကို နားထောင်ကြည့်ပါ။ အထိအတွေ့အာရုံကို နောက်တစ်နေ့တွင် ဆုံးရှုံးမည့်အလား အရာခပ်သိမ်းကို ထိတွေ့ခံစားကြည့်ပါ။ အနံ့ခံအာရုံ၊ အရသာအာရုံတို့ကို ထပ်မံခံစားရနိုင်ခြင်း မရှိမည့်အလား ပန်းရနံ့တို့ကို မွှေးကြည့်ပါ။ စားသောက်သည့်အရာတို့ကို တစ်လုပ်ချင်းစီ အသေအချာ ခံစား၍ စားသောက်ကြည့်ပါ။ အာရုံမှန်သမျှကို အကောင်းဆုံးအသုံးချကြည့်ပါ။ သဘာဝတရားကပေးအပ် သည့် ထိတွေ့ဆက်သွယ်မှုမှန်သမျှမှတစ်ဆင့် လောကကြီးမှ ဖော်ထုတ်ပေးအပ်လာသည့် အလှတရားနှင့် ကျေနပ်ဖွယ်ရာ တို့၏ ရှုထောင့်အစုံကို နှစ်သက်ခံစားကြည့်ပါ။ သို့ရာတွင် အားလုံး သော အာရုံများအနက် အမြင်အာရုံသည် နှစ်သက်ဖွယ်အကောင်းဆုံးဟု ကျွန်ုပ်အနေဖြင့် အခိုင်အမာ ယုံကြည်မိတော့သည်။