၂၈  ဇူလိုင်


လူရယ်လို့ဖြစ်လာရင် နေ့စဉ်ဘဝမှာ အကောင်းအဆိုးဒွန်တွဲမှုတွေကို အမြဲလိုလိုရင်ဆိုင်နေရမှာပါ။ တစ်နေ့တာရဲ့ အချိန်အတိုင်းအတာအတွင်းမှာ စိတ်ချမ်းမြေ့စရာတွေ ကြုံရနိုင်သလို စိတ်အနှောင့်အယှက်ဖြစ်စရာ စိတ်ထိခိုက်စရာတွေကိုလည်း ကြုံရနိုင်ပါတယ်။ စိတ်ချမ်းမြေ့စရာကိစ္စကတော့ စိတ်ပျော်ရွှင်မှုကိုတောင် ရစေသေးလို့ ကိစ္စမရှိပေမယ့် စိတ်ထိခိုက်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာကြုံတဲ့ အခါ စိတ်မထားတတ်ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေက အများကြီးပါ။ 


စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို အကောင်းဆုံးကျော်လွှားခြင်း


စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ အရင်ဆုံးလုပ်ရမှာက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာက ဘာလဲဆိုတဲ့ အကြောင်းအရင်းအတိအကျကို ရှာဖို့ပါ။ စိတ်အနှောင့်အယှက်ဖြစ်စေနေတာက လူလား၊ အခြေအနေတစ်ရပ်ရပ်လား၊ လုပ်ငန်းစဉ်တစ်ခုခုကလားဆိုတာပါ။ ဒီအဆင့်အဖြေထွက်လာပြီဆိုရင်တော့ ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့နည်းလမ်းကို စဉ်းစားရမှာပါ။ ထိပ်တိုက်ရင်ဆိုင်မလား၊ ဒီအတိုင်း ထားလိုက်မှာလား။ ဘာကိုရွေးသင့်လဲဆိုတာကတော့ အနေအထားအလိုက် ပြောင်းလဲနိုင်ပါတယ်။


တစ်ခါတလေမှာ ထိပ်တိုက်ဖြေရှင်းလိုက်မှုက ကောင်းပေမယ့် တစ်ခါတလေမှာ ဒီအတိုင်းလေး ကျော်သွားလိုက်တာကလည်း အဆင်ပြေပါတယ်။ အဓိကထားစဉ်းစားရမှာက ကိုယ့်ရဲ့ စိတ်အခြေအနေကိုပါ။ ထိခိုက်မှုကကြီးမယ်၊ အကျိုးလည်းမရှိလောက်ဘူးဆိုရင်တော့ နောက်တစ်ကြိမ်ထပ်ဖြစ်မလာဖို့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ထိခိုက်စေတဲ့ လူ၊ ဒါမှမဟုတ် အခြေအနေတစ်ရပ်ရပ်နဲ့ ခပ်ကင်းကင်းနေလိုက်တာ အကောင်းဆုံးပါ။ မဖြေရှင်းဘဲထားလို့ ကိုယ့်ကို ထိခိုက်လာနိုင်တယ်ဆိုရင်တော့ ထိပ်တိုက်သာရင်ဆိုင် ဖြေရှင်းလိုက်ပါ။ ရင်ဆိုင်ဖြေရှင်းပြီးရင် နောက်ထပ်လုပ်ရမယ့် ကိစ္စတစ်ခုကတော့ မေ့ပစ်လိုက်ဖို့ပါ။ စိတ်ထိခိုက်စေတဲ့ အကြောင်းအရင်း၊ အခြေအနေ၊ လူတို့နဲ့ ခပ်ကင်းကင်းနေနိုင်လေလေ စိတ်ထိခိုက်နိုင်ခြေက နည်းလာလေလေပါ။


တကယ်လို့ စိတ်ထိခိုက်စေတဲ့အရာက ကိုယ့်ရဲ့ အရင်းနှီးဆုံးသူတစ်ဦးဦးဖြစ်နေမယ်၊ မိသားစုဝင်တစ်ဦးဦး ဖြစ်နေမယ်ဆိုရင်တော့ စဉ်းစားရမှာက ခွင့်လွှတ်ပေးမလားဆိုတာပါ။ ဒီနေရာမှာ ခွင့်လွှတ်ပေးတာက ကောင်းတယ်ဆိုပေမယ့် ဖြစ်လာမယ့် အကျိုးဆက်တစ်ခုက သူ့ကို နောက်တစ်ကြိမ် ယုံကြည်ဖို့ ခက်သွားနိုင်တာပါ။ ဒီအနေအထားက အသစ်အသစ်သောပြဿနာတွေကို ဖန်တီးဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီတော့အကောင်းဆုံးဖြစ်စေမယ့်နည်းလမ်းက နောက်တစ်ကြိမ် ခံစားရမှုကင်းစေဖို့ဆိုရင် ခွင့်လွှတ်ပေးလိုက်ပြီး အရမ်းစိတ်မနှစ်ထားတော့ဖို့ပါ။ အရာရာကို သတိနဲ့ဆက်ဆံပြောဆိုတော့ပေါ့။ ဒီလိုအခြေအနေမှာ စိတ်သက်သာအောင် လုပ်ဆောင်လို့ရတဲ့ နောက်ထပ်နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ကိုယ့်အရင်းနှီးဆုံး၊ အယုံကြည်ရဆုံးသူကို ရင်ဖွင့်တိုင်ပင်ပါ။ တစ်ခါတလေ တစ်ယောက်တည်း ခံစားနေရတာထက် ရင်ဖွင့်ပြောပြမှုက စိတ်ကို သက်သာရာရစေပါတယ်။


ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်ခြင်း


တကယ်တော့ပြန်ဆန်းစစ်ကြည့်ရင် ကိုယ့်အတွက်တာဝန်အရှိဆုံးသူ ကကိုယ်တိုင်ပါ။ ဒီတော့ ကိုယ့်ကို ထိခိုက်စေတဲ့ အခြေအနေကနေရုန်းထွက်ဖို့ ကိုယ်တိုင်ကြိုးစားရမှာပါ။ စိတ်ညစ်စေတဲ့အရာတွေကို တစ်ချိန်လုံးပိုက်မထားပါနဲ့။ ဒီတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင် တရားထိုင်တာမျိုးဖြစ်ဖြစ်၊ သီချင်းနားထောင်တာမျိုးဖြစ်ဖြစ်၊ စိတ်လက်အပန်းပြေစေမယ့် ဝါသနာပါရာတစ်ခုခုကို လုပ်တာဖြစ်ဖြစ် လုပ်ပေးပါ။ နောက်တစ်ခုက စာဖတ်တာမျိုးပေါ့။ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ခွင့်လွှတ်ပေးလိုက်ပါ။ ခွင့်လွှတ်ပေးမှုက စိတ်သက်သာရာရစေဖို့ အကောင်းဆုံးသောနည်းလမ်းပါ။


ရေးသားသူ - Aye Thi Mon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”