ဆူးငှက်
သမိုင်းဝင်ရုပ်တုတဲ့။ ရုပ်တုလို့ပြောတဲ့အခါ ကြေးနဲ့သွန်းလောင်းတဲ့ကြေးရုပ်သာမက အင်္ဂတေရုပ်၊ ပလာစတာရုပ်၊ သစ်သားပန်းပုအထိလည်း အကျုံးဝင်ပါတယ်။ မြန်မာပြည်ကထင်ရှားတဲ့ ‘ဂုဏ်ပြုအပ်သော၊ အထိမ်းအမှတ်ပြုအပ်သော’ နယ်ပယ်အသီးသီးကပုဂ္ဂိုလ်ကြီးများရဲ့ ပုံတူရုပ်တုတွေ သွန်းလုပ်ကြတယ်ဆိုတဲ့အကြောင်းပါ။ ဒီလိုရုပ်တုသွန်းလောင်းကြခြင်းဟာလည်း ‘လွတ်လပ်ပွင့်လင်းခြင်း’ ရဲ့ အသီးအပွင့်တစ်ခုလို့လည်း ပြောလို့ရပါတယ်။
မြန်မာပြည်သမိုင်းမှာဘယ်လောက်အရေးပါခဲ့သည်ဖြစ်စေ
ဘာလို့လဲဆိုတော့ ကုန်လွန်ခဲ့တဲ့ တစ်ပါတီအစိုးရခေတ်တုန်းက လူတစ်ဦးဦးရဲ့ ကြေးရုပ်တုတစ်ခုသွန်းလောင်းပြုလုပ်ဖို့ဆိုတဲ့ကိစ္စဟာ အလွန်ခက်ခဲလှပါ တယ်။ ဝန်ကြီးဌာနတစ်ခုကဦးစီးပြီး နိုင်ငံတော်အဆင့်အနေနဲ့ ‘သမိုင်းဝင်ရုပ်တုများစိစစ်ရေးကော်မတီ’ ဆိုတာရှိခဲ့ပါတယ်။ ဒီကော်မတီက မြို့တစ်မြို့၊ အဖွဲ့အစည်းတစ်ခုခုက ကြေးရုပ်ပြုလုပ်မယ့်ပုဂ္ဂိုလ်ဟာ ပြုလုပ်သင့်ပြုလုပ်ထိုက်တဲ့ပုဂ္ဂိုလ်ဟုတ်ရဲ့လား၊ သမိုင်းဝင်ဆိုတာရောဟုတ်ရဲ့လားဆိုတာပါ။ ဒါဆိုရှင်းသွားပါပြီ။ တစ်ပါတီစနစ်၊ အာဏာရှင်စနစ်မို့ အာဏာလက်ကိုင်ရှိထားတဲ့ နံပါတ် (၁)ပုဂ္ဂိုလ်၊ နံပါတ် (၂)ပုဂ္ဂိုလ်...စသည်ဖြင့်ဒီပုဂ္ဂိုလ်တွေနဲ့ ပုဂ္ဂိုလ်ရေးအရ အဆင်မပြေတဲ့၊ မတည့်တဲ့ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို ကော်မတီအနေနဲ့ အကင်းပါးစွာ၊ အရိပ်ပြအကောင်ထင်စွာ၊ တစ်ထွာပြတစ်လံမြင်ပြီး အကြောင်းအမျိုးမျိုးပြကာ ခွင့်ပြုမိန့်မပေးခဲ့ပါဘူး။ တစ်ခါ အာဏာကိုချုပ်ကိုင်ထားတဲ့ပါတီနဲ့ သဘောထားချင်းမတိုက်ဆိုင်တဲ့ ဆန့်ကျင်တဲ့ပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ အယူအဆကို ကိုယ်စားပြုသူမှန်သမျှလည်း မြန်မာပြည်သမိုင်းမှာ ဘယ်လောက်အရေးပါခဲ့သည်ဖြစ်စေ ကြေးရုပ်သွန်းလောင်းမှု ခွင့်မပြုခဲ့ပါဘူး။
စစ်မှန်တဲ့မျိုးချစ်စိတ်ရှိရဲ့လား
လွတ်လွတ်ကင်းကင်း။ ဟိုးရှေးရှေးပဝေသဏီက ပဒေသရာဇ်နိုင်ငံတော်ရဲ့ ဧကရာဇ်တွေ၊ စစ်သူကြီးတွေ၊ ဝန်ကြီးတွေ၊ စာဆိုကြီးတွေရဲ့ရုပ်တုတွေပဲ ကိုယ့်မြို့၊ကိုယ့်ရွာဂုဏ်နဲ့လိုက်လျောစွာသွန်းလောင်း စိုက်ထူကြရအောင်ဆိုတော့လည်း ဒီဘုရင်၊ ဒီပုဂ္ဂိုလ်ဟာစစ်မှန်တဲ့ မျိုးချစ်စိတ်ရှိရဲ့လား၊ ပြည်ပအားကိုးပုဆိန်ရိုးလား၊ အမျိုးဘာသာသာသနာကို စောင့်ရှောက်သူဟုတ်ရဲ့လား၊ အုပ်စိုးသူကိုတော်လှန်တဲ့ သူပုန်ခေါင်းဆောင်များဖြစ်နေမလားစတဲ့စတဲ့ ဆင်ခြေပေါင်း များစွာနဲ့ ပယ်ချတာချည်းပါပဲ။ လွတ်လွတ်ကင်းကင်း မဟာဗန္ဓုလလိုရုပ်တုမှပင် ထားချင်တိုင်းထား၊ စိုက်ထူချင်တိုင်းစိုက်ထူလို့မရပါဘူး။ အဲဒီမြို့နဲ့ မဟာဗန္ဓုလနဲ့ ဘာပတ်သက်လို့လဲ၊ ဘာသမိုင်းကြောင်းအဆက်အစပ်ရှိလို့လဲ... စသည်ဖြင့် မေးခွန်းပေါင်းများစွာနဲ့ နှောင့်နှေး ကြန့်ကြာပြီးလုပ်ငန်းမအောင်မမြင်ဖြစ်စေခဲ့တာချည်းပါ။
သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ဂုဏ်ဒြပ်နဲ့လျော်ညီတဲ
အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဖခင်ကြီးအဖြစ်တော့ အားနာပါးနာနဲ့ အသိအမှတ်ပြုပြီး ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် လိမ္မာပါးနပ်စွာနဲ့တပ်မတော်ရဲ့ဖခင်က သူမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းပါလို့ တရားဝင်ပြောကြားခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုမျိုးကိုတော့ ‘မူ’ အားဖြင့် လေ့လာ ခွင့်ပြုထားတာတော့ ရှိခဲ့ပါတယ်။ သို့သော်ငြား ကြေးရုပ်တုပြုလုပ်မယ့် ကော်မတီအဖွဲ့အစည်းနဲ့ အဲဒီအဖွဲအစည်းများပါဝင်တဲ့ ပုဂ္ဂိုလ်များရဲ့ နောက်ခံသမိုင်းကိုလည်း ပြန်လည်စိစစ်ပြီး ‘သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဂုဏ်ဒြပ်နဲ့လျော်ညီတဲ့ကြေးရုပ်တု’ ဖြစ်ရဲ့လား ဆိုတဲ့ပေတံနဲ့ ပြန်လည်စိစစ်ပြန်ပါသေးတယ်။ ဒီလုပ်ရပ်ကိုလည်း ‘မူ’ အားဖြင့်တော့ လက်ခံနိုင်စရာရှိပါတယ်။ ပြန်လည်ဖြုတ်သိမ်း၊ မပျက်မစီးမရှိမချင်း ဒီရုပ်တုကြီးကလူမြင်ကွင်းမှာရှိနေမှာမဟုတ်ပါလား။ အချိုးမကျတဲ့အရုပ်၊ စံမမီတဲ့အရုပ်၊ သမိုင်းဆိုင်ရာအချက်အလက်(ဝတ်စုံ၊ အဆောင်အယောင် စသည်ဖြင့်)နဲ့ မကိုက်ညီတဲ့အရုပ်၊ သေးနုပ်တဲ့အရုပ်မဖြစ်စေဖို့ ပညာရှင်များအမြင်နဲ့ စိစစ်ဆုံးဖြတ်တာမျိုးဆိုရင် မှန်ကန်တဲ့လုပ်ရပ်ပါပဲ။
ပညာရှင်အမြင်နဲ့ စိစစ်အကဲဖြတ်တာမျိုး
တကယ်တမ်းစိစစ်ကြစို့ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ စစ်ဝတ်စုံ၊ အဆောင်အယောင်သာမက စီးတဲ့မြင်းရဲ့ချပ်ဝတ်တန်ဆာ၊ မြင်းရဲ့အချိုးအစားကအစ စိစစ်ကြရတာပါ။ ဘာလို့လဲဆိုတော့ မြင်းဟာ မြန်မာပြည်ပေါက်မြင်းမဟုတ်ဘဲ အနောက်နိုင်ငံကမြင်းတွေ အချိုးအစားဖြစ်တတ်လို့ပါပဲ။ မြင်းရဲ့ဟန်ကလည်းအရေးကြီးပြန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးသွားနေတဲ့မြင်း၊ ရပ်ရင်းက သွားခါနီး လက်မြှောက်ဟန်ပြတဲ့ မြင်းမျိုးပဲဖြစ်မှာပေါ့။ စစ်ပွဲထဲမှာတိုက်ဖို့ခိုက်ဖို့ ပတတ်ရပ်၊ ခုန်ပေါက်၊ ပြေးလွှား၊ တွန်းတိုက်၊ ဟီသံပေး၊ ခွာရှပ်နေတဲ့ မြင်းမျိုးတော့ ဟုတ်ဟန်မတူပါဘူး။ နောက် အယူအဆတွေအရလုပ်ကြံခံရသူ၊ စစ်ပွဲမှာကျဆုံးသူ၊ သက်တမ်းအရပဲကွယ်လွန်သူဆိုတဲ့ အဓိပ္ပာယ် ဖော်òန်းမှုတွေနဲ့ မြင်းရဲ့ ရှေ့လက် အနေအထားကိုပြောင်းလဲထုလုပ်ရတယ်ဆိုတာမျိုးလည်း ရှိပါသေးတယ်။ ဘာပဲပြောပြော ‘ပညာရှင်’ အမြင်နဲ့ စိစစ်အကဲဖြတ်တာမျိုး ကတော့ လုပ်သင့်လုပ်ထိုက်ပါတယ်။
ပညာသားပါသောရုပ်တုများ သွန်းလောင်းကာ
ဟော... အခုတော့ လွတ်လပ်ပွင့်လင်းမှု အသီး အပွင့်အဖြစ် ဂုဏ်ပြုအပ်သောတိုင်းပြည်နဲ့ လူမျိုးဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးများရဲ့ ကြေးရုပ်ကြီးတွေ အများအပြားသွန်းလောင်းလာကြပါပြီ။ စိုက်ထူလာကြပါပြီ။ တကယ်တော့ ကြေးရုပ်ဖြစ်စေ၊ မည်သည့်ပစ္စည်းနှင့်ထုလုပ်သည့် ရုပ်တုဖြစ်စေ ပထမအခြေခံအကျဆုံးအချက်အလက်ကတော့ ‘တကယ်ပဲဂုဏ်ပြုသင့် ဂုဏ်ပြု ထိုက်ပါသလော’ဆိုတဲ့ မေးခွန်းပါပဲ။ လူတစ်ဦး တစ်ယောက်၊ တစ်စုတစ်ဖွဲ့က တတ်နိုင်လို့ပဲဟုဆိုပြီး မြို့လယ်ကောင်မြေကွက်လပ်ကြီးကိုဝယ်ယူ၊ သူတို့အစုအဖွဲ့၏ ခေါင်းဆောင်ကို ကြေးရုပ်တုကြီး ငွေကြေးအကုန်အကျခံ သွန်းလောင်းစိုက်ထူ၊ ဖဲကြိုးဖြတ်အခမ်းအနားဖွင့်၊ ကြော်ငြာနည်းမျိုးနဲ့ ‘ဂုဏ်ပြုကြလော့၊ ချီးကျူးကြလော့’ လို့ လုပ်လို့မရပါဘူး။ လုပ်မယ်ဆိုရင်လည်းတိုင်းပြည်နဲ့ လူမျိုးဂုဏ်ကို အိုးမဲသုတ်မယ့် လုပ်ရပ်မို့လည်း လက်မခံရပါဘူး။
မည်သို့ပင်ဆိုစေကာမူ အတ္တ၊ မာန်မာန၊ ကိုယ်ကျိုး စီးပွားနဲ့ ပညာမဲ့ခြင်းအပေါ် အခြေခံပြီး ‘ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူ’ ဆိုတဲ့ ဆုံးဖြတ်မှုမျိုး မပြုလုပ်ကြဖို့အရေးကြီးပါတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီခေတ်ကြီး မှာ ‘အသိပညာ’ ဟာအလွန်အရေးကြီးပါတယ်။ စိစစ်မှု၊ ကန့်သတ်မှု၊ တားဆီးမှုဆိုတာတွေဟာ ‘အသိပညာ’ပါပဲ။ မလိုအပ်သော၊ မလိုအပ်သေးသော ‘ရုပ်တုနဲ့ဂုဏ်ပြုမှု’ များမရှိသင့်သလို၊ လိုအပ်သောဂုဏ်ပြုမှုကို ပညာသားပါသော ရုပ်တုများသွန်းလောင်းကာ ထိုက်သင့်တဲ့ဂုဏ်ပြုမှုတွေ မမေ့မလျော့လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။
သမိုင်းဝင်ရုပ်တုများ စိစစ်ရေးကော်မတီ
အထူးသဖြင့် ဒီကနေ့ လွတ်လပ်ရေးဖခင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုကြေး၊ အင်္ဂတေ၊ ပလာစတာ၊ ဆီလီကွန် ၊ ကျောက်ဆစ်စသည်ဖြင့် ရုပ်တုပုံစံအရွယ်အစားမျိုးစုံထုလုပ်ကာ မြို့ရွာအနှံ့မှာ စိုက်ထူဂုဏ်ပြုနေကြပါတယ်။ ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်သူအဖြစ် ဂုဏ်ပြုခြင်းက မင်္ဂလာ တစ်ပါးပါပဲ။ ဒါပေမယ့် ဂုဏ်ပြုထိုက်သူရဲ့ ဂုဏ်ဒြပ်နဲ့လျော်ညီတဲ့ ရုပ်တုဟုတ်ပါရဲ့လား၊ ပီပြင်ခံ့ထည်ရုံမက အနုပညာမြောက်ပါရဲ့လား။ ထိုမျှမက အဆောင်အယောင် အဝတ်အစား သမိုင်းအချက်အလက်တွေမှန်ကန်ပါရဲ့လား၊ မျှတသင့်လျော်တဲ့ စရိတ်စကနှင့်ညီမျှတဲ့ ရုပ်တုအရည်အသွေးဟုတ်ပါရဲ့လား ဆိုတာ တွေ အထူးလိုအပ်နေပါပြီ။
ဒါကြောင့် အများနဲ့ သက်ဆိုင်တဲ့နေရာတွေ မှာ ရုပ်တုတွေ ထားရှိမယ်ဆိုရင် ‘ဂုဏ်ပြုသင့်၊ဂုဏ်ပြုထိုက်သူ’ဟုတ်ရဲ့လား။ ဟုတ်လို့ ခွင့်ပြုမယ်ဆိုရင်လည်း ပီပြင်မှု၊ ခံ့ညားမှု၊ သမိုင်းအချက်အလက် မှန်ကန်မှုများနှင့် အတူအနုပညာမြောက်မှုများအထိ ပညာရှင်အသီးသီးပါဝင်သော ‘သမိုင်းဝင်ရုပ်တုများစိစစ်ရေးကော်မတီ’ ဆိုတာလိုအပ်လျက်ရှိပါကြောင်း။
ကြေးမုံ