မူဆယ် ၄ ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် နယ်မြေလုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂ ရက် ညနေ ၅ နာရီတွင် မူဆယ်မြို့တွင်းမှ ဆိုင်ကယ်မျိုးစုံ ခိုးယူခဲ့သော တရားခံအား ခိုးယူဆိုင်ကယ် ၆ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူဆယ်ခရိုင်၊ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးညွှန့်၏ ညွှန်ကြားချက်နှင့်အညီ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအောင်ကျော်ဦး နှင့် မူဆယ်မြို့မရဲစခန်း မှူးသန်းဇော်ဦးတို့မှ ကြီးကြပ်ကွက်ကဲမှုဖြင့် မူဆယ်ခရိုင်/မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ မူးခင်းကျဆင်းရေးအတွက် လှည်းကင်း၊ရပ်ကင်း၊ ဝပ်ကင်းများနှင့် မြို့ပေါ် ရပ်ကွက်များအတွင်း အရှိန်အဟုန်တိုးမြှင့်ဆောင်ရွကလျက်ရှိရာ ဇန်နဝါရီ ၂ ရက် ညနေ ၅ နာရီခန့်တွင် မူဆယ်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ရဲအုပ်စိုင်းရှုအောင်နှင့်အဖွဲ့သည် မူဆယ်မြို့ကောင်းမှုတုံရပ်ကွက်၊ လင်းထွန်း သစ်သီးပွဲရုံလမ်းကြားတွင် SCoopy(အနက်ရောင်)ဆိုင်ကယ်နှင့် မင်္သကာတွေ့ရှိသူ လနူး(ခ)ဘရိတ်ကီးအား ခေါ်ယူစစ်ဆေးရာမှ မူဆယ်မြို့မရဲစခန်းတွင် (ပ)၅/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၈/၁၁၄(ဆိုင်ကယ်) အမှုမှ သက်သေခံ ဆိုင်ကယ်ဖြစ် လနူးနှင့်အဖွဲ့(စုံစမ်းဆဲ)တို့မှ မူဆယ်မြို့ဈေးရပ်ကွက် လမ်းဘေးတွင်ရပ်တန့် ထားသည့် အဆိုပါဆိုင်ကယ်အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဆက်လက်၍ ခိုးမှုကျူးလွန်သူ လနူ(ခ)ဘရိတ်ကီးအား ခိုးမှုဖြင့် ဖမ်းဆီး၍ ထပ်မံစစ်ဆေးခဲ့ရာ မူဆယ်မြို့ပေါ်အတွင်းမှ ခိုးယူခဲ့သော ဆိုင်ကယ်မျိုးစုံ(၆)စီးအား ထပ်မံဖော်ထုတ် သိမ်းဆည်းရမိခဲ့ပြီး မူဆယ်မြို့မရဲစခန်းမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်းသိရှိရသည်။

အလားတူ နယ်ထိန်းခေါင်းဆောင် ရဲအုပ်စိုင်းရှုအောင်နှင့်အဖွဲ့သည် ဒီဇင်ဘာလအတွင်းခိုးမှု ကျူးလွန်သူ တရားခံ(အမျိုးသား) ငါးဦးနှင့်(အမျိုးသမီး) ၂ ဦးတို့အား ခိုးရာပါဆိုင်ကယ် စီးရေ ၂၀ နှင့် အဝတ်အထည်မျိုးစုံ (ကာလတန်ဖိုး သိန်း ၆၀ ခန့်)တို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် မှုခင်းကျဆင်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်နယ်မြေလုံခြုံရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း မူဆယ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးသန်းဇော်ဦးက ပြောကြားခဲ့ပါသည်။

ဗန်ရိုးထန်(ပြန်/ဆက်)