၂ သြဂုတ်
တစ်ခါက တက္ကသိုလ်ပညာလောကတွင် သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများနှင့် စပ်လျဉ်း၍ သုတေသနစာအုပ်စာတမ်းပေါင်း မြောက်မြားစွာ ရေးသားပြုစုခဲ့ပြီး ပြည်တွင်းမှာသာမက ပြည်ပ၌ပါ ထင်ရှားကျော်ကြားခဲ့သည့် သုတေသီပညာရှင် ဆရာကြီးတစ်ဦး၏ သုတေသနနှင့် ပတ်သက်သော မှတ်သားဖွယ်၊ ဂရုပြုဖွယ် အဆိုအမိန့်တစ်ခုကို စာရေးသူ ယခုတလော တခုတ်တရ သတိရနေမိပါသည်။
“သုတေသနဖက်မှ တက္ကသိုလ်အသက်ရှည်မယ်။ သုတေသနဆိတ်သုဉ်းရင် တက္ကသိုလ်သေပြီ” တဲ့။
မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ
မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ -၂၀၁၉ (Myanmar Universities’ Research Conference – MURC 2019) ကို ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်နယ်မြေ (ကံ့ကော်မြေ)တွင် ၂၀၁၉ ခုနှစ် မေ ၂၄ ရက်မှ ၂၅ ရက် အထိ နှစ်ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ဤသုတေသန ညီလာခံသို့ စာရေးသူကိုယ်တိုင် တက်ရောက်လေ့လာခွင့် ရရှိခဲ့သည်။
မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသန ညီလာခံ- ၂၀၁၉ ၏ အဓိကဆောင်ပုဒ်မှာ “အရည်အသွေးရှိသော သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖြင့် နိုင်ငံတော်တည်ဆောက်ခြင်း” ဖြစ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသားပညာရေး မူဝါဒကော်မရှင်သည် ပညာရေးဆိုင်ရာ မူဝါဒလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပညာရေးနှင့်အတူ ဒွန်တွဲနေသော သုတေသနလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်မှုသည်လည်း နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူ ပြုနိုင်ပါသည်။
တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များတွင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ သုတေသနဆောင်ရွက်သည့် အလေ့အကျင့် တိုးတက်မြင့်မား လာစေရန် အထူးလိုအပ်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များ ကော်မတီကကြီးမှူး၍ တက္ကသိုလ်အားလုံး၊ အထူးပြုပညာရပ် နယ်ပယ်အားလုံးပါဝင်သည့် မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံတစ်ရပ်ကို ကျင်းပရန် လိုအပ်လာပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသန ညီလာခံ၂၀၁၉ ကို –
- မြန်မာနိုင်ငံ တက္ကသိုလ်အသီးသီးရှိ သုတေသီများ၏ သုတေသနစာတမ်းများကို ဖတ်ကြားတင်သွင်းခြင်းဖြင့် မိမိတို့ ရှာဖွေတွေ့ ရှိထားသော သုတေသနရလဒ်များကို အချင်းချင်း မျှဝေနိုင်ရန်၊
- မြန်မာနိုင်ငံတက္ကသိုလ်အသီးသီးရှိ သုတေသန ကော်မတီများအချင်းချင်း အတွေ့အကြုံ၊ အတွေးအမြင်၊ ပညာဗဟုသုတများ ဖလှယ်ခြင်းဖြင့် အရည်အသွေး ပိုမိုကောင်းမွန်သော အသုံးချသုတေသနများကို တိုးတက် ဆောင်ရွက်နိုင်ရန်၊
- မြန်မာနိုင်ငံတက္ကသိုလ်များတွင် စနစ်တကျ သုတေသန ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ပိုမိုတိုးတက်လာစေပြီး တက္ကသိုလ်၏ အဆင့်အတန်းမြင့်မားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် စသည့်ရည်ရွယ်ချက် များနှင့် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဖွင့်မိန့်ခွန်းမြွက်ကြားပြီး အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် ပါမောက္ခချုပ်များ၊ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုးတို့က ဖွင့်ပွဲအမှာစကား အသီးသီး ပြောကြားခဲ့ကြပါသည်။ Dr. Hanan Khalifa (Director, Cambridge Assessment English, University of Cambridge, U.K.) နှင့် Dr. John R. Groch (Public Affairs Officer, US Embassy, Yangon, Myanmar) တို့ကလည်း မိမိတို့၏ (Keynote Speech)အသီးသီးကို (Power Point Slide)များဖြင့် ဟောပြော တင်ပြခဲ့ကြပါသည်။
(၁) ဝိဇ္ဇာ/သိပ္ပံပညာရပ်ဆိုင်ရာအဖွဲ့ ၊
(၂) အင်ဂျင်နီယာနှင့် နည်းပညာရပ်များအဖွဲ့ ၊
(၃) ကွန်ပျူတာနည်းပညာရပ်များအဖွဲ့ ၊
(၄) စီးပွားရေးပညာရပ်များအဖွဲ့ ၊
(၅) ဆေးနှင့် ဆေးနှီးနွှယ်ပညာရပ်များအဖွဲ့ ၊
(၆) ဘာသာ၊ ယဉ်ကျေးမှုနှင့် အနုပညာရပ်များအဖွဲ့ ၊
(၇) သစ်တော၊စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရပ်များ အဖွဲ့ ၊
(၈) ဆရာတတ်ပညာအဖွဲ့တို့မှ သက်ဆိုင်ရာပညာရှင် သုတေသီ အသီးသီးက သုတေသနစာတမ်းစုစုပေါင်း ၁၆၂ စောင်ကို ဖတ်ကြားတင်သွင်းခဲ့ကြပါသည်။
သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသော ပညာရှင်များကလည်း မိမိတို့သိရှိလိုသောအချက်များနှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းခြင်း၊ ဝေဖန်ဆွေးနွေးခြင်း၊ စာတမ်းရှင်များက တလေးတစား ပြန်လည်ဖြေကြားခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။
မေ၂၅ ရက် (ညီလာခံဒုတိယနေ့) တွင် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်တက္ကသိုလ်နယ်မြေဝိဇ္ဇာခန်းမ (Arts Hall)) ၌ သုတေသနစကားဝိုင်းတစ်ခုကိုလည်း စည်ကားသိုက်မြိုက်စွာနှင့်အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ- ၂၀၁၉ ၏ အဓိက ဆောင်ပုဒ်နှင့်အညီ သုတေသနစကားဝိုင်း၏ ခေါင်းစဉ် ကိုလည်း “နိုင်ငံတည်ဆောက် ကူထောက်တွဲယှဉ် ဆန်းသစ်တီထွင်သုတေသနတို့စွမ်းအင်” ဟု သတ်မှတ်ခဲ့ပါသည်။
ဤသုတေသနစကားဝိုင်းသည် မြန်မာနိုင်ငံ တက္ကသိုလ် အသီးသီးမှ သုတေသနစာတမ်းရှင်များ၊ သုတေသနပိုစတာ တင်ပြသူများ၊ သက်ဆိုင်ရာ အထူးပြုပညာရပ်နယ်ပယ်မျိုးစုံမှ သုတေသီများကို ပြည်သူလူထုအတွင်းတွင်ရှိသော နယ်ပယ်မျိုးစုံ၊ ကဏ္ဍမျိုးစုံ၊ အလွှာမျိုးစုံတို့မှ ကိုယ်စားလှယ်များနှင့် ထိတွေ့ ချိတ်ဆက်ပေးပြီး ပူးပေါင်းပါဝင်နိုင်ဖို့ အဓိကဖိတ်ခေါ်လိုခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ အားလုံးပါဝင်နိုင်သော ပညာရပ်ဝန်းသို့ ဦးတည်ဆောင်ရွက်နေကြောင်းကို အများပြည်သူသို့ အသိပေး လိုရင်းသာ ဖြစ်ပါသည်။
မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ-၂၀၁၉ နှင့်အတူ ပူးတွဲကျင်းပခဲ့သော သုတေသနစကားဝိုင်း၏ အဓိက ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (က) သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တက္ကသိုလ်များ၊ သုတေသနဌာနများနှင့် မူဝါဒချမှတ်သူများ၊ အစိုးရနှင့် ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများ၊ အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများ၊ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူ လူထုတို့အကြားတွင် သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက် နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပုံဖော်နိုင်ရေးကို ဦးတည် ဆွေးနွေးနိုင်ရန်၊
(ခ) လုပ်ငန်းနယ်ပယ် တစ်ရပ်ချင်းအလိုက် ကြုံတွေ့နေရသော နည်းပညာဆိုင်ရာ အခက်အခဲများ၊ စိန်ခေါ်မှုများအပေါ် ကျော်လွှားနိုင်မည့် သုတေသနလုပ်ငန်းများ၊ ဤကဲ့သို့ ဆောင်ရွက် နိုင်မည့် နည်းလမ်းများနှင့် ပိုမိုကောင်းမွန်သော အစီအမံများကို ဖော်ထုတ်အကြံပြု တင်ပြပေးနိုင်ရန်၊
(ဂ) သုတေသနစကားဝိုင်းမှ တစ်ဆင့်ရရှိမည့် နိုင်ငံတကာ သုတေသနလုပ်ငန်း အတွေ့အကြုံများ အသိပညာနှင့် ဗဟုသုတများကို မျှဝေပေးနိုင်ရန်၊
ဃ) လူမှု-စီးပွားဘဝ မြင့်မားရေးအတွက် အဓိကလိုအပ်လျက်ရှိသော အသုံးချ သုတေသနလုပ်ငန်းများအပေါ် ကဏ္ဍမျိုးစုံတွင် ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်ခြင်းဖြင့် နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု နိုင်ရန်၊
(င) အားကောင်းသော သုတေသနအခြေပြု တက္ကသိုလ်ကြီးများ ပေါ်ပေါက်လာစေရန်အတွက် လက်ရှိ အင်စတီကျူးရှင်းများ၏ ပကတိအခြေအနေ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပြုပြင်ပြောင်းလဲဖွဲ့စည်းသင့်သော အကြံပြုချက် များ ထွက်ပေါ်လာစေနိုင်ရန်၊
သုတေသနစကားဝိုင်းတွင် စကားဝိုင်းဦးဆောင်သူ (Moderator)တစ်ဦးနှင့် ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးမည့် သူ (Speaker) ခုနစ်ဦး စုစုပေါင်းရှစ်ဦး ပါဝင်ခဲ့ပါသည်။
ဒေါက်တာမျိုးကြွယ်(ဥက္ကဋ္ဌ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်)၊ ဒေါက်တာထင်ဇော်စိုး (ပါမောက္ခချုပ်၊ အခြေခံ ကျန်းမာရေးတက္ကသိုလ်၊ မကွေး)၊ ဦးဝင်းခိုင်မိုး (ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာန)၊ ဒေါ်ခိုင်ခိုင်နွယ် (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်)၊ ဒေါက်တာ ပဒေသာတင် (အကြီးတန်း သိပ္ပံပညာ ရှင်၊ John Glenn Research Center, NASA, USA)၊ ဒေါက်တာခင်နီနီသိန်း (အတွင်းရေးမှူး၊ အကြံပေးအဖွဲ့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ)နှင့် (Ms Aryna Kuchna - Programme Manager, Electronic Information For Libraries – EIFL)တို့က ဆွေးနွေးသည့် ပုဂ္ဂိုလ်များအဖြစ် အားတက်သရော ပါဝင်ဆွေးနွေးခဲ့ကြသည်။ ပေါင်းစပ်မေးမြန်းသူအဖြစ် ပါမောက္ခ ဦးမောင်မောင်အေး (တာဝန်ခံပါမောက္ခချုပ် (ငြိမ်း)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် အဖွဲ့ဝင်၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်)က ဆောင်ရွက်ပေးခဲ့သည်။
သုတေသနစကားဝိုင်း၏ ဒုတိယပိုင်းကို အမေးအဖြေကဏ္ဍဖြင့် တစ်ဆက်တည်း ကျင်းပခဲ့ပါသည်။ တက်ရောက်လာသူ ပရိသတ်များက တက်ကြွစွာ ပါဝင်ဆွေးနွေးမေးမြန်းခဲ့ကြသည်။သုတေသနစကားဝိုင်းမှ ရရှိသည့် အကျိုးရလဒ်များ
- သုတေသနစကားဝိုင်းမှ
(က) ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အဆင့်မြင့်ပညာကဏ္ဍ၊ သုတေသနဖွံ့ဖြိုးမှုဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ မူဝါဒ၊ မျှော်မှန်းချက်များနှင့် လုပ်ငန်းစဉ်များအပေါ် လွှမ်းခြုံလျက် ပြည်သူလူထုသို့ အသိပေး တင်ပြ ခွင့်ရရှိခြင်း၊
(ခ) မြန်မာနိုင်ငံရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်/ ကောလိပ်များနှင့် သုတေသနဌာနများမှ ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းရပ်များအပေါ် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကြိုးပမ်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြနိုင်ခြင်းနှင့် အတွေ့အကြုံများ ဖလှယ်ရယူနိုင်ခြင်း၊
(ဂ) အစိုးရနှင့် ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများ၊ လူမှုစီးပွားပတ်ဝန်းကျင်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအတွက် သုတေသနလုပ်ငန်းများ ယှဉ်တွဲဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော နည်းလမ်းသစ်များ ဖော်ထုတ်ပေးနိုင်ခြင်း၊ အရည်အသွေးနှင့် အဆင့်အတန်း တိုးတက်မြင့်မားရရှိ စေနိုင်ခြင်း၊
(ဃ) နိုင်ငံတကာ အတွေ့အကြုံရှိ ပညာရှင်များမှတစ်ဆင့် ပြည်ပတက္ကသိုလ်များ၊ သုတေသနစင်တာများ၏ သုတေသန အကောင်အထည်ဖော် ဆောင်ရွက်ချက်များအပေါ် အတွေ့အကြုံကောင်းများနှင့် နည်းလမ်းများ ရယူသိရှိနိုင်ခြင်း၊
(င) သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်းများ ရှင်သန်တိုးတက်စေကာ အမျိုးသားရေးမျှော်မှန်းချက်များ အောင်မြင်ပေါက်မြောက်စေရေး၌ အဓိက မောင်းနှင်အားများအဖြစ် ပြောင်းလဲအသုံးချ တတ်လာစေနိုင်ခြင်း၊
(စ) အောင်မြင်သော သုတေသနလုပ်ငန်းစဉ်တစ်ခုအတွက် သုတေသနဆိုင်ရာ စွမ်းအားစုများကိုထိရောက် ကျစ်လျစ်စွာ ဖွဲ့စည်းတည်ထောင်ထားရှိနိုင်မှုနှင့် သိပ္ပံ/ ဝိဇ္ဇာ/ အင်ဂျင်နီယာ/ နည်းပညာ/ ဆေးပညာ/ စိုက်ပျိုးရေး/ မွေးမြူရေးအစရှိသည့် ပညာရပ်ဆိုင်ရာ သုတေသီ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ရေး၊ အားပေးမြှင့်တင်ရေး၊ ရေရှည်တည်တံ့လျက် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အတွေ့အကြုံ ကောင်းများ သိရှိလာစေနိုင်ခြင်း၊
(ဆ) သုတေသနညီလာခံ၏ မျှော်မှန်းချက်ဖြစ်သော နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍအတွက် အားကိုးအား ထားပြုနိုင်မည့် စွမ်းဆောင်ရည်မြင့်မားသော သုတေသန ဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ဆောင်ကြဉ်းပေးနိုင်ရေး တွင် အင်စတီကျူးရှင်းများ၏ အရေးပါမှုအား ပိုမိုပေါ်လွင် ထင်ရှားလာစေနိုင်ခြင်းစသည့် အကျိုးရလဒ်များ ရရှိခဲ့သည်။
အကောင်းဆုံးသုတေသနစာတမ်းဆုနှင့်ပိုစတာဆုများမြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ-၂၀၁၉ ၏ ဒုတိယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသော သုတေသနစကား ဝိုင်းအပြီးတွင် “ဆုပေးပွဲ အခမ်းအနား” ကို ဝိဇ္ဇာခန်းမ အတွင်းမှာပင် ညနေ ၄နာရီမှ ၅ နာရီအထိ ဆက်လက် ကျင်းပခဲ့သည်။ အထူးပြုပညာရပ်နယ်ပယ် အသီးသီးအတွက် အကောင်းဆုံးသုတေသနစာတမ်းဆုရရှိသူများနှင့် ဒုတိယအကောင်းဆုံးစာတမ်းဆုရရှိသူများကို လည်းကောင်း၊ အကောင်းဆုံးသုတေသန ပိုစတာဆုရရှိသူများကို လည်းကောင်း အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံပညာရှင် အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်နှင့် အဆင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့က ဆုတံဆိပ်၊ ဆုလက်မှတ်များနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် တက္ကသိုလ်မသေရလေအောင်၊ ထာဝရရှင်သန်ဖွံ့ဖြိုးနေအောင်၊ စဉ်ဆက်မပြတ် တည်တံ့နေအောင် တက္ကသိုလ်အသီးသီးတွင် အထူးပြုပညာရပ်ဆိုင်ရာသုတေသနလုပ်ငန်းများ မဆိတ်သုဉ်းရန် အထူးအရေးကြီးပါသည်။ သုတေသနလုပ်ငန်းများ မဆိတ်သုဉ်းဘဲ အစဉ်အမြဲ ဖွံ့ဖြိုးတိုးတက်နေမှသာလျှင် တက္ကသိုလ်များ အသက်ရှည်နိုင်မည်၊ ထာဝစဉ်အဓွန့်ရှည် တည်တံ့နိုင်မည်ဆိုသည့်အချက်ကို အထူး သတိချပ်ရန် လိုပါသည်။
မြန်မာနိုင်ငံတွင် ပညာရပ်ဆိုင်ရာ သုတေသနဆိုင်ရာ ညီလာခံများကို အခါအားလျော်စွာ ကျင်းပလျက် ရှိခဲ့ သော်လည်း ဤမြန်မာနိုင်ငံတက္ကသိုလ်များ သုတေသန ညီလာခံ-၂၀၁၉ကဲ့သို့ ပညာရပ်မျိုးကွဲ မျိုးစုံ၊ ပညာရပ်နယ် ပယ်စုံ တစ်ပြိုင်တည်းပူးတွဲကျင်းပသော အမျိုးသားအဆင့် သုတေသနညီလာခံမျိုးမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီး နောက် ယခုမှတစ်ဖန် ပြန်လည်နိုးထ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတက္ကသိုလ်များ၏ သုတေသနလုပ်ငန်းစဉ် များအား အလုပ်ခွင်ဆိုင်ရာ လက်တွေ့ဘဝ၊ ပြည်သူလူထု လိုအပ်ချက်များအပေါ် အခြေပြုဆောင်ရွက်လာခြင်းသည် ပိုမိုထူးခြားသည့် အားလုံးပါဝင်ပညာရေး ခရီးစဉ် (Educat-ion For All၏ ပညာရေးအသွင်ပြောင်း ပုံရိပ်တစ်ခုအဖြစ် ဤမြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံနှင့် သုတေသနစကားဝိုင်းတို့က သက်သေထူလျက်ရှိမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
ပါမောက္ခမောင်မောင်အေး