သိန်းထွန်း(IR)

 

ဘဝတန်ဖိုး
ရခဲလှသော လူ့ဘဝတစ်ခုသို့ ရောက်လာကြရာတွင် ကျင်လည်ရသော ဘဝအလိုက် လူအမျိုးမျိုး စိတ်အဖုံဖုံရှိနေပါသည်။ လူအမျိုးမျိုး စိတ်အထွေထွေ မည်သို့ပင်ကွဲပြားပါစေ၊ နေထိုင်ရသည့်ဘဝတွင် မည်ကဲ့သို့တွေးတော၊ စဉ်းစား၊ ပြောဆို၊ ကျင့်ကြံနေထိုင်ကြမည် ဆိုသည်မှာ တစ်ဦးချင်းစီ၏ လက်တွေ့ဘဝပင်ဖြစ်သည်။ ဗုဒ္ဓဘာသာအားဖြင့် လူတစ်ဦးသည် ဘဝသံသရာမှ မလွတ်ကင်းသရွေ့ အဖန်ဖန်သော ဘဝများတွင် ကျင်လည်ကြရပါဦးမည်။ သံသရာဆိုသည်မှာ စိတ်စေတသိက်၊ ရုပ်တရားတို့ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ ဖြစ်နေမှုကိုသာ သံသရာဟု အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့် အဘိဓမ္မာတွင် ဖတ်ရှုနာကြားရပါသည်။ သံသရာဝဲဂယက် ရုန်းမထွက်နိုင်မီ လောကီဘဝ၏ ဆက်ကာဆက်ကာ ပြောင်းလဲခြင်းများကို ကြုံတွေ့နေကြရပါဦးမည်။

ထို့အပြင် လောကီဘဝ၏ အနိမ့်၊ အမြင့်၊ အတက်၊ အကျ၊ အကောင်း၊ အဆိုး၊ သေခြင်း၊ ရှင်ခြင်းများသည် ဒိဋ္ဌဓမ္မ ကြုံတွေ့ရမည့် လက်တွေ့အခြေအနေများပင် ဖြစ်သည်။ ကံ၊ ဉာဏ်၊ ဝီရိယအားဖြင့် ကိုယ်စီဘဝများအား ရုန်းကန်ကြိုးစား ကြရာတွင် ဘဝ၏ ပြောင်းလဲခြင်းသဘောကို ရင်ဆိုင်ကြရမည်မှာ သဘာဝနိယာမပင် ဖြစ်ပါသည်။ ထိုသို့သော သဘာဝနိယာမများနှင့် ကျင်လည်နေထိုင်ကြရာတွင် မတူညီသော ဖြတ်သန်းကြသည့် ဘဝပုံစံအမျိုးမျိုး ရှိနေပါသည်။ ဘဝအား မည်သည့်ပုံစံမျိုးဖြင့် ဖြတ်ကျော်သည်ထက် မိမိဖြတ်သန်းရသည့်ဘဝဖြင့် လူတစ်ဦးချင်းစီအပေါ် သို့မဟုတ် လူ့အသိုက်အဝန်းအပေါ် ကောင်းကျိုးဖြစ်စေသည်လား၊ ဆိုးကျိုးဖြစ်စေသည်လား ဆိုသည်သာ ဘဝတန်ဖိုးများဟု ဆိုနိုင်ပါလိမ့်မည်။

နည်းပညာခေတ်
ယနေ့ခေတ်ကို ကမ္ဘာ့ရွာဟု တင်စားခေါ်ဆိုကြသည်။ နည်းပညာကြောင့် ကမ္ဘာကြီးသည် ရွာတစ်ရွာကဲ့သို့ ဖြစ်လာသည်ဟု ဆိုခြင်းဖြစ်သည်။ ကမ္ဘာ့ကြီးကို ပင်ရွာတစ်ရွာကဲ့သို့ ပြောင်းလဲစေသည့် နည်းပညာများသည် လူတစ်ဦးချင်း၏ ဘဝများ၊ လူမှုဝန်းကျင်များကိုလည်း ပြောင်းလဲစေလျက်ရှိပါသည်။ လူသားတို့၏ နေ့စဉ်ဘဝများကို နည်းပညာများဖြင့် ပြောင်းလဲ တိုးတက်စေလျက်ရှိသည်မှာ မျက်မြင်အခြေအနေပင် ဖြစ်သည်။ နည်းပညာဖြင့် လူသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့် နယ်ပယ်ကဏ္ဍပေါင်းစုံသည် စိတ်သွားတိုင်းကိုယ်ပါ ဆိုသကဲ့သို့ ပြောင်းလဲနေပါသည်။

မြင့်မားတိုးတက်လာသည့် နည်းပညာအပေါ် လူသားတို့၏ မှီခိုရပ်တည်မှုသည်လည်း နည်းပညာနှင့် လူသားခွဲခြားရန် ခက်ခဲလာသည်။ နည်းပညာများသည် လူသားတို့၏ ရုပ်ပိုင်းအသွင်သဏ္ဌာန်ကို ပြောင်းလဲစေရုံသာမက စိတ်ပိုင်းဆိုင်ရာ များကိုလည်း ပြောင်းလဲစေလျက်ရှိသည်။ ထိုပြောင်းလဲစေခြင်းအပေါ် ကာယကံရှင်ဖြစ်သူ တစ်ဦးချင်းစီက ခံယူသည့် အကောင်း၊ အဆိုး၊ အလယ်အလတ် ရှုထောင့်များကြောင့် လူမှုဝန်းကျင်သည်လည်း ပြောင်းလဲလျက်ရှိသည်။ သဘောမှာ နည်းပညာအပေါ် အကောင်းဘက်မှ ခံယူအသုံးပြုပါက နည်းပညာ၏ ကောင်းသည့် အကျိုးကျေးဇူးများကို ရရှိစေပါမည်။ နည်းပညာအပေါ် အဆိုးဘက်မှ ခံယူအသုံးပြုပါက ဆိုးကျိုးများကို ရရှိစေနိုင်ပါသည်။ သို့ဖြစ်ရာ နည်းပညာ၏ ကောင်းခြင်း၊ ဆိုးခြင်းဆိုသည်မှာ အသုံးပြုသည့် နည်းပညာထက် လက်ခံအသုံးပြုသူ၏ ရှုထောင့်နှင့် ပိုမိုသက်ဆိုင်နေပါသည်။

လူမှုကွန်ရက်ထဲမှ နေ့စဉ်ဘဝများ
တိုးတက်လာသော နည်းပညာကမ္ဘာတွင် လူသားတို့အတွက် နေ့စဉ်သုံးနည်းပညာတစ်ခုမှာ လူမှုကွန်ရက်များပင် ဖြစ်သည်။ ကမ္ဘာတွင် အသုံးများသော လူမှုကွန်ရက် များစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ် လူမှုကွန်ရက်သည် ယနေ့ အချိန်အထိ လူသိအများဆုံးနှင့် အသုံးအများဆုံး ဖြစ်သည်။ ဖေ့စ်ဘွတ်လူမှုကွန်ရက်ကို၂၀ဝ၄ ခုနှစ်က အမေရိကန်နိုင်ငံတွင် စတင်တည်ထောင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် တယ်လီဖုန်းများ တွင်ကျယ်စွာ အသုံးပြုလာနိုင်ခြင်း၊ အင်တာနက် အသုံးပြုမှု များလာခြင်းနှင့်အတူ နိုင်ငံရေးစနစ် ပြောင်းလဲလာခြင်းကြောင့် ဖေ့စ်ဘွတ်အသုံးပြုမှုသည် လူထုအတွင်း ကျယ်ပြန့်လာခဲ့သည်ကို တွေ့ရပါသည်။

အင်တာနက်စနစ် ပိုမိုကောင်းမွန် တိုးတက်လာခြင်းနှင့်အတူ ဖေ့စ်ဘွတ်အား လူမှုဆက်သွယ်ရေး ကွန်ရက်အဖြစ်သာမက ဘက်စုံကွန်ရက်အသွင်သို့ ပြောင်းလဲလာသည်ကို တွေ့ရပါသည်။ ဖေ့စ်ဘွတ်ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် ကဏ္ဍစုံအသုံးပြုလာခြင်းကြောင့် ဖေ့စ်ဘွတ်သည် မြန်မာလူထု၏ နေ့စဉ်ဘဝအတွင်းသို့ တစ်စတစ်စ ထိုးဖောက်ဝင်ရောက် လာခဲ့သည်မှာ လူတစ်ဦး တစ်နေ့တာ၏ သုံးနာရီ၊ လေးနာရီခန့် အချိန်ပေး သုံးစွဲနေကြသည်ကို တွေ့ရသည်။ ဆယ်ကျော်သက်နှင့် ငယ်ရွယ်သူများသည် လူမှုကွန်ရက်ကို တစ်နေ့လျှင် ရှစ်နာရီအထိ အသုံးပြုကြောင်း စစ်တမ်းများအရ သိရပါသည်။ အပျော်အားဖြင့်ဖြစ်စေ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အရဖြစ်စေ ပုံစံမျိုးစုံဖြင့် အသုံးပြုနေကြကြောင်း တွေ့ရပါသည်။

သို့အတွက် လူမှုကွန်ရက်သည် လူမှုကွန်ရက်ဟုခေါ်ဆိုရန်ပင် ခက်ခဲလာသည်။ လူမှုဆက်ဆံရေး ထက်ပိုသော အခြားသော နယ်ပယ်များအတွက်လည်း ပိုမိုအသုံး ပြုလာကြသည်။ ဥပမာနိုင်ငံရေးအတွက် အသုံးပြုခြင်း၊ စီးပွားရေးအတွက် အသုံးပြုခြင်းကဲ့သို့သော ဘက်စုံကဏ္ဍစုံအတွက် အသုံးပြုလာကြသည်။ ထို့အတွက် လူမှုကွန်ရက်တို့သည် ကြီးမားကျယ်ပြန့်သော ဒစ်ဂျစ်တယ်အသိုင်းအဝိုင်း တစ်ရပ်အဖြစ် ပိုမိုကျယ်ပြန့်လာသည်ကို မြင်တွေ့လာရသည်။ ဒစ်ဂျစ်တယ်ကွန်ရက် ကျယ်ပြန့်လာခြင်းနှင့်အတူ လူသားတို့သည် ထိုလူမှုကွန်ရက်များကို ပို၍ပို၍ အသုံးပြုလာကြသည်မှာ လက်တွေ့ပင် ဖြစ်သည်။

လူမှုကွန်ရက်များအား မည်သည့်ပုံစံဖြင့် အသုံးပြုသည်ဖြစ်စေ မိမိတို့၏ အသုံးပြုမှုသည် မိမိအတွက်လည်းကောင်း၊ ပတ်ဝန်းကျင် အတွက်လည်းကောင်း အကျိုးရှိရန် လိုအပ်ပါသည်။ တစ်ခါတစ်ရံ မိမိအတွက် အကျိုးဖြစ်စေသော်လည်း အခြားသူများ သို့မဟုတ် ပတ်ဝန်းကျင် အသိုင်းအဝိုင်းအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်းအနည်းနှင့် အများ အနှောင့်အယှက် ဖြစ်စေတတ်ကြပါသည်။ ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းဆိုသည်မှာ လူမှုစည်းကမ်း၊ လူမှုကျင့်ဝတ်များ ရှိသကဲ့သို့ ဥပဒေအရ တားမြစ်ချက်၊ ကန့်သတ်ချက်၊ တိုက်တွန်းချက်၊ အကြံပြုချက်များလည်း ရှိပါသည်။ ထို့အတူ ဘာသာရေးအားဖြင့် လိုက်နာစောင့်ထိန်းရသည်များ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရ လိုက်နာကြရသည်များ ရှိပါသည်။ လူမှုကွန်ရက် အတွင်းမှ ဒစ်ဂျစ်တယ် ဝန်းကျင်တစ်ရပ်၏ အကောင်း၊ အဆိုးများသည် တစ်ဦးချင်းအပေါ်ဖြစ်စေ၊ လူမှုအသိုက်အဝန်းအပေါ် ဖြစ်စေ အကျိုးသက်ရောက်လျက် ရှိခြင်းကြောင့် လူမှုကွန်ရက်အတွင်းမှ တစ်ဦးချင်းစီက ထိန်းသိမ်းလိုက်နာရန် လိုအပ်သကဲ့သို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ပါသည်။ သို့မှသာ လူမှုကွန်ရက်များထဲမှ ဒစ်ဂျစ်တယ်ဘဝများ ကောင်းမွန်လာနိုင်ပါသည်။

မတူကွဲပြားမှုကို နားလည်ခြင်း
လောကလူ့ဘောင်တွင် ယောကျာ်း၊ မိန်းမ၊ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ပညာ၊ အတွေးအခေါ်၊ ယဉ်ကျေးမှု၊ ကိုးကွယ်ရာ ဘာသာစသည့် မတူကွဲပြားမှု အမျိုးမျိုး ရှိကြပါသည်။ သဘာဝတရားကပင် မတူညီသော အရာများဖြင့် သတ္တလောကကြီးအား တည်ဆောက်ထားခြင်း ဖြစ်သည်။ မတူကွဲပြားမှုများနှင့် သဟဇာတဖြစ်စွာ နေထိုင်ရန်ဆိုသည်မှာ ထိုမတူကွဲပြားမှုကို ဦးစွာနားလည်လက်ခံရန် လိုအပ်မည် ဖြစ်သည်။ လူသည် မိမိကိုယ်ကိုသာ ဗဟိုပြုတတ်သည့် အတ္တသဘော ရှိကြပါသည်။ ထိုအတ္တသဘောကို နားလည်ရန်နှင့် ထိန်းကျောင်းရန်ဆိုသည်မှာ စိတ်ရင်းစေတနာ၊ ပညာ၊ ရင့်ကျက်မှုနှင့် အတွေ့အကြုံ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ ဘာသာရေး အဆုံးအမများနှင့် ပတ်ဝန်းကျင်၏ ထိ်န်းကျောင်းမှုများ လိုအပ်ပါသည်။

ယနေ့ မြင်တွေ့ခံစားနေကြရသည်မှာ ဒစ်ဂျစ်တယ်ဘဝများထဲတွင် မတူကွဲပြားမှုသဘောကို မျက်ကွယ်ပြု၍ ကျင့်ဝတ်မဲ့ ပြောဆိုပြုမူနေခြင်းများသည် ပတ်ဝန်းကျင်အတွက် စိတ်ပိုင်းကိုသာမက ရုပ်ပိုင်းကိုလည်း ဆိုးကျိုးသက်ရောက် စေလျက်ရှိပါသည်။ ဒစ်ဂျစ်တယ်ဘဝများထဲတွင် လူတို့၏စိတ်သည် ပိုမိုလွတ်လပ်လာသည်။ ယင်းဘဝများထဲတွင် ကျင့်ဝတ်၊ ဒီမိုကရေစီသဘော၊ ယဉ်ကျေးမှုနှင့် ဥပဒေ၏ စည်းနှောင်မှု အားနည်းခြင်းတို့ကြောင့် အပြင်လောကတွင် ပြုလုပ်ရန် ခက်ခဲသော အပြောအဆို၊ အပြုအမူနှင့် တွေးတောကြံစည်မှုများကို ပြုလုပ်လာတတ်ကြသည်။ လူမှုကွန်ရက်ပေါ်တွင် ပြောဆိုဆက်ဆံရသည်မှာ အပြင်လောကတွင် လူကိုယ်တိုင် တွေ့ဆုံပြောဆို ဆက်ဆံရသည်များနှင့် များစွာကွာခြားမှုများ ရှိနေပါသည်။ ဥပမာ လူတစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်စဉ် ပြောမထွက်သော စကားများ၊ ပြောရန်မသင့်သော စကားများကို လူမှုကွန်ရက်ပေါ်တွင် အလွယ်တကူ ပြောဆိုနိုင်သည်။ လူချင်းမတွေ့ဆုံရသည့်အတွက် မျက်နှာပူခြင်း၊ အားနာခြင်း၊ လေးစားခြင်း၊ ဂါရဝတရားတို့ကို အထွေအထူး ထည့်သွင်းမစဉ်းစားတတ်ကြ။ တစ်နည်းအားဖြင့် လူမှုကျင့်ဝတ်လိုက်နာမှု လျော့နည်းသည်ဟု ဆိုရပါမည်။

မှန်ကန်သော ကျင့်ဝတ်ဆိုသည်မှာ အခြားသူများအပေါ် မှန်ကန်သောအမူအကျင့်များဖြင့် မည်သို့ဆက်ဆံရမည်ကို မှန်ကန်စွာစဉ်းစားတတ်ခြင်း၊ မှန်ကန်သော အယူအဆ အတွေးအခေါ်ရှိခြင်းနှင့် မှန်ကန်စွာပြုမူခြင်း ဖြစ်သည်။ ကိုယ်စီကိုယ်စီက မှန်ကန်သောကျင့်ဝတ်များကို လိုက်နာကြမှသာ တစ်ဦးချင်းစီ၏ လူမှုတာဝန်ယူမှုများကို မျှော်လင့်နိုင်မည် ဖြစ်ပါသည်။ ထို့အတူ တစ်ဦးချင်းစီက မှန်ကန်သောကျင့်ဝတ်များ လိုက်နာခြင်းဖြင့် လူမှုအဖွဲ့အစည်းတစ်ခုလုံးအား အကျိုးပြုစေမည်ဖြစ်သည်။

မှန်ကန်သောကျင့်ဝတ် နည်းပါးလာခြင်းနှင့်အတူ မတူကွဲပြားမှုများအပေါ်တွင် နားလည်ပေးသည်ထက် မိမိရပ်တည်ချက်၊ သဘောထား၊ အယူအဆတို့ဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်ကြသည်။ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများကို လိုက်နာခြင်းထက် ပြင်းထန်သော စကားလုံးများဖြင့် ဝေဖန်ခြင်း၊ ပြစ်တင်ခြင်း၊ အပုပ်ချခြင်း၊ ဆဲဆိုခြင်းများကို တွေ့မြင်ရသည်။ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် မတူကွဲပြားမှုအား နားလည်လက်ခံနိုင်မှု၊ မိမိကိုယ်မိမိ လေးစားမှု၊ သူတစ်ပါးအား လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုတို့ အားနည်းလာတတ်ကြသည်။

ကိုယ်တိုင်လိုက်နာကျင့်ကြံမှသာ
ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်တွင် မည်သူမဆို မိမိ၏ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကို ကောင်းသည်ထက်ကောင်းအောင် အစဉ်ပြုပြင်နေသင့်သည်။ သေသည်အထိ အမြဲပြုပြင်နေရမည်ဟု ရေးသားဆုံးမ ခဲ့ပါသည်။ ဗုဒ္ဓဘာသာ အများစုနေထိုင်သော မိမိတို့နိုင်ငံသည် ဘာသာရေး အဆုံးအမအားဖြင့်ဖြစ်စေ၊ ယဉ်ကျေးမှု အားဖြင့်ဖြစ်စေ၊ ဓလေ့ထုံးစံ အားဖြင့်ဖြစ်စေ လူမှုကျင့်ဝတ် အဆင့်အတန်းမြင့်မားလှပါသည်။

အကောင်း၊ အဆိုး နှစ်မျိုးပေးတတ်သည့် သဘာဝအကြောင်းများ၏ အကျိုးအကြောင်း၊ အဆိုးအကောင်းများကို သိခြင်းအား ဓမ္မအသိဟု ခေါ်ဆိုနိုင်ကြောင်း ပါမောက္ခချုပ် ဆရာတော်ကြီးက ဟောကြားခဲ့ပါသည်။ ဓမ္မဆိုသည်မှာလည်း အမှန်၊ အမှားကို ခွဲခြားသိနိုင်စေရန် ဟောကြားခဲ့သည့် ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ချက်များကို ခေါ်ဆိုခြင်း ဖြစ်သည်။ မည်သို့သော နည်းလမ်း၊ မည်သို့သော အကြောင်းများ၊ မည်သို့သော ပုံစံတို့ဖြင့်နေ့များ၊ ရက်များ၊ အချိန်များ ဖြတ်သန်းကြသည်မှာ တစ်ဦးချင်းစီက ဘဝတစ်ခုအပေါ်ထားရှိသည့် တန်ဖိုးပင်ဖြစ်သည်။

မိမိကိုယ်မိမိ တန်ဖိုးထားတတ်မှ သူတစ်ပါးအား တန်ဖိုးထားတတ်ပါလိမ့်မည်။ သူတစ်ပါးအား တန်ဖိုးထားတတ်မှလည်း မိမိတန်ဖိုး မြင့်တက်ပါလိမ့်မည်။ ဘဝတန်ဖိုးများ မြင့်မားရန်ဆိုပါက လူမှုတာဝန်ခံမှုများရှိရန် လိုအပ်မည်ဖြစ်သည်။ လူမှုတာဝန်ခံမှုသည် ကျင့်ဝတ်များအပေါ်တွင် အခြေခံပါသည်။ မိမိ၏ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်မှုများကြောင့် လူမှုအသိုင်းအဝိ်ုင်း သို့မဟုတ် ပတ်ဝန်းကျင်အပေါ် ဒုက္ခဖြစ်ပေါ်စေပါက ယင်းသည် လူမှုတာဝန်ခံမှုမရှိခြင်းဟု ခေါ်ဆိုနိုင် ပါသည်။
လူမှုကွန်ရက်များတွင် လူမှုကျင့်ဝတ်များအားနည်း လာနေခြင်းသည် ယနေ့ မိမိတို့အားလုံး လျှောက်လှမ်းနေကြသည့် ဒီမိုကရေစီစနစ်နှင့် သဟဇာတဖြစ်၊ မဖြစ်ကိုလည်း ပြန်လည်ဆန်းစစ်သင့်ပါသည်။ ဒီမိုကရေစီစနစ် တည်ဆောက်ရန်မှာ တစ်ဦးချင်းစီ၏ ပညာ၊ ကျင့်ဝတ်၊ ဥပဒေလေးစားလိုက်နာမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် နားလည်မှုတို့ လိုအပ်ပါသည်။ ကိုယ်တိုင်လိုက်နာ ကျင့်ကြံကြရပါလိမ့်မည်။ ဒီမိုကရေစီကို လိုချင်ပါက ပြင်ပလောကများတွင် သာမက ဒစ်ဂျစ်တယ်ဘဝ များတွင်လည်း လူမှုကျင့်ဝတ်များကို ကိုယ်တိုင်လိုက်နာ ကျင့်ကြံမှသာ မိမိတို့လိုလားသည့် ဒီမိုကရေစီစနစ် တည်ဆောက်ရေးကို အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ပါသည်။      ။