ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး သိထားကြတဲ့အရာတွေက အများကြီးရယ်။ ဥပမာ ညကျ အိပ်မပျော်မှာ စိုးလို့ လက်ဖက်မစားရဲဘူး၊ လက်ဖက်ရည်မသောက်ရဲဘူး ဆိုတာမျိုး။ ဒီအသိတွေထဲက ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာ သေချာသိရဖို့ အတူအဖြေထုတ်ကြည့်ရအောင်နော်။
(၁) အရက်သောက်လိုက်ရင် အိပ်လို့ကောင်းမယ်
မှားပါတယ်။ အိပ်ခါနီးမှာ ဆေးဖြစ်ဝါးဖြစ် သို့မဟုတ် မှောက်အောင်သောက်လိုက်ရင် မူးပြီးအိပ်ပျော်သွားလိမ့်မယ်လို့ တွေးထားတာလား။ ပြန်စဉ်းစားကြည့်ပါဦး။ မူးရင် ထိုးအိပ်သွားတာကြောင့် ဒီလိုတွေးကြတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲရောက်သွားတာနဲ့ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်တယ်၊ အိပ်ရင်း လူးလှိမ့်နေတာမျိုးဖြစ်နေနိုင်တယ်၊ညလယ်ကြီး နိုးလာပြီး မျက်စိကြောင်နေနိုင်တယ်။ ဒါ့အပြင် နောက်နေ့အိပ်ရာထရင် ခေါင်းမကြည်ဘဲ အိပ်ရေးမဝသလိုဖြစ်နေနိုင်တယ်။
(၂) စိတ်ကြောင့်ပဲ အိပ်မပျော်တာ
မှားပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် အိပ်မပျော်ဖြစ်တတ်တာ မှန်ပေမယ့် စိတ်ကြောင့်ချည်းပဲတော့ မဟုတ်ပါဘူးနော်။ တကယ်တော့ အိပ်မပျော်နိုင်တဲ့သူတွေမှာ အဓိကတရားခံက စိတ်ဖိစီးမှုဖြစ်နေတာပါ။ ဒါပေမယ့် သူ့တစ်ခုတည်းကြောင့်မဟုတ်ဘဲ ရောဂါအခံ၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုး၊ နာတာရှည်နာကျင်မှု၊ အစားအသောက် စတဲ့ တခြားအကြောင်းရင်းတွေ အများကြီးရှိနေပါသေးတယ်။
(၃) ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် အိပ်ပျော်တယ်
မှန်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းတွေလုပ်တာက ကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ ဒါပေမယ့် ညဘက် သိပ်နောက်ကျမှ လေ့ကျင့်ခန်းလုပ်တာမျိုးကို ရှောင်ပါ။မဟုတ်ရင် အိပ်ချင်စိတ်မဖြစ်လာဘဲ လူကပိုလန်းဆန်းသွားနိုင်ပါတယ်။ လေ့ကျင့်ခန်းကြောင့် ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေပြီး ၆ နာရီလောက်ထိ ဆက်မြင့်နေစေနိုင်တာကြောင့် အိပ်ချိန်နဲ့ကပ်ပြီး လေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။ အိပ်ရာဝင်ချိန်မရောက်ခင် ၂ နာရီ၊ ၃ နာရီအလိုမှာ လေ့ကျင့်ခန်းကိုအပြီးသတ်ပါ။
(၄) အိပ်ပျော်သွားအောင်လို့ ဖုန်းနဲ့ကွန်ပျူတာကြည့်တယ်
မှားပါတယ်။ မျက်စိညောင်းပြီးအိပ်ပျော်သွားအောင်လို့ ဂိမ်းဆော့တယ်၊ အင်တာနက်သုံးတယ်၊ တီဗီကြည့်တယ်ဆိုတာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ အမှန်က ဒီနည်းနဲ့မှ မျက်စိကြောင်ပြီး ပိုလန်းသွားစေတာဖြစ်ပါတယ်။ တီဗီနဲ့ကွန်ပျူတာတွေရဲ့ အလင်းရောင်နဲ့ အသံတွေက စိတ်ဝင်စားမှုကိုနှိုးဆွပြီး ဦးနှောက်တွင်း melatonin ပမာဏကိုလျော့နည်းစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ melatonin ဟော်မုန်းပမာဏမြင့်တက်ဖို့လိုပါတယ်။ သီချင်းအေးအေးလေးတွေ နားထောင်ပြီးအိပ်တာက ပိုအဆင်ပြေပါလိမ့်မယ်။
(၅) အိပ်မပျော်ရင် အိပ်ဆေးသောက်လို့ရတာပဲ
မှားပါတယ်။ အိပ်ဆေးဆိုတာ လိုအပ်မှ ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရတာပါ။ ကိုယ့်သဘောနဲ့ကိုယ်သောက်ရလောက်အောင်၊ မကြာခဏလိုတိုင်းသောက်လို့ရအောင် ဘေးမကင်းပါဘူး။ သူတို့ကိုသောက်နေတုန်းသာ အိပ်မပျော်ခြင်းကိုခဏတာကုစားနိုင်ပေမယ့် အပြီးတော့မကုနိုင်ပါဘူး။ ဆေးကိုပဲအမြဲအားကိုးနေရင် မသောက်တာနဲ့ အိပ်မရတော့တဲ့အဆင့်ထိ ပိုဆိုးလာနိုင်ပါတယ်။
(၆) အိပ်ရေးပျက်ရင် ပြန်ဖြည့်လို့ရတယ်
မှားပါတယ်။ ဒီညအိပ်ရေးပျက်ထားရင် နောက်နေ့ပိုအိပ်လိုက်မယ်၊ တနေကုန်အိပ်ပစ်လိုက်ရင် အားပြန်ပြည့်မယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး။ အိပ်ချိန်လျော့တာ၊ မမှန်တာတွေက ကိုယ်တွင်းဇီဝနာရီကို ကမောက်ကမဖြစ်စေပြီး နောက်နေ့အိပ်ချိန်မှာ ကောင်းကောင်းအိပ်ပျော်ဖို့ခက်စေပါတယ်။ အိပ်ရေးပျက်တာကို ပြန်ဖြည့်ဆည်းနိုင်တဲ့နည်းက အိပ်ချိန်ပုံမှန်ပြန်ဖြစ်အောင် ဂရုစိုက်တည့်မတ်တာပဲဖြစ်ပါတယ်။
(၇) အိပ်မပျော်ရင် အိပ်ရာထဲကထပါ
မှန်ပါတယ်။ အံ့သြသွားလား။ အိပ်မပျော်လို့ အိပ်ရာထဲ လူးလှိမ့်နေတာက ပိုပြီးမျက်စိကြောင်စေပါတယ်နော်။ ခဏထပြီး စာအုပ်ဖတ်တာ၊ သီချင်းအေးအေးလေးတွေနားထောင်တာတွေက အဆင်ပြေစေနိုင်ပါတယ်။ အိပ်ရာထဲမှာပဲ လူးလှိမ့်နေတာက အတွေးအာရုံပိုများစေပြီး အိပ်ချင်စိတ်ပိုပျောက်စေနိုင်ပါတယ်။
အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ အမှားနဲ့အမှန်တွေကို သိရပြီဆိုတော့ အိပ်ရေးမပျက်ဘဲ အိပ်မက်လှလှမက်နိုင်ဖို့ ဂရုစိုက်လိုက်ရအောင်နော်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”