ပေါင် ၅ ဇန်နဝါရီ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမနယ်မြေရဲစခန်းပိုင် သဲဖြူကုန်းရပ် မော်လမြိုင်-ရန်ကုန်သွား လမ်းမကြီးပေါ်တွင် ယနေ့မနက် ၄ နာရီ ၄၅ မိနစ်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မုတ္တမ သဲဖြူကုန်း စွမ်းမြန်မာဆီဆိုင်အလွန်တွင် ထားဝယ်မှ လွှဲပြောင်းလူနာအား ရန်ကုန်သို့ ပို့ဆောင်လာသည့် ရွှေသံလျင်နာရေးကူညီမှုအသင်းအဖွဲ့ဝင် ဒဂုံအရှေ့မှ သောကငြိမ်းအေး လူနာတင်ယာဉ်နှင့် ကုန်စိမ်းကား တိုက်မှုဖြစ်ပွားခဲ့ရာ လူနာတင်ကားပေါ်မှ လူနာမှာ ဘာမှမဖြစ်ဘဲ လူနာစောင့်ပါလာသော အမျိုးသမီး ၂ ဦးမှာ အနည်းငယ်ပွန်းပဲ့ ထိခိုက်ဒဏ်ရာနှင့် ယာဉ်အကူ ခြေထောက်ကျိုး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ကုန်စိမ်းကားပေါ်မှ ပါလာသူ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့၊ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ နယ်မြေ ၁၆ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ရန်ကုန်မှရောက်ရှိနေသော မိုးစေတနာပရဟိတအဖွဲ့တို့ မှ ပြောပြချက်အရ သိရှိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါင်မြို့နယ်၊ မုတ္တမနယ်မြေရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သတင်းရရှိသည်။
ဇင်မျိုးသူ
