၇ သြဂုတ်
တင်ဝင်းလေး (ကြည်မြင့်တိုင်) ဓာတ်ပုံ- သန်းဝင်း(သန်လျင်)
တရုတ်- မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သော ရန်ကုန်- သန်လျင်- ပဲခူး မြစ်ကူးတံတား. . . .
သန်လျင်ဘက်အခြမ်းရောက်၍ တံတားပေါ်မှ လှမ်းမျှော်ကြည့်လိုက်ပါက ရေနံချက်စက်ရုံဝင်း ကမူထိပ်၌ ရွှေဆေးတို့ဖြင့် ကြည်နူးဖွယ်စေတီ တစ်ဆူကို ဦးစွာလှမ်းမြော်ဖူးတွေ့ရမည်ဖြစ်သည်။ သမိုင်းရာဇဝင်၊ မြန်မာရာဇဝင်၊ သန်လျင်မြို့ ရာဇဝင်တို့တွင် လွမ်းမောဖွယ်ဖြင့် အဆုံးသတ်ခဲ့ရသည့် သန်လျင်သူ မင်းသမီးလေးရှင်မွေ့နွန်း၏ အလွမ်းပြေစေတီလေးပင်ဖြစ်သည်။
အဆက်မပြတ်မြင်တွေ့လာရ
ထိုမှ ကားလမ်းဘယ်ညာတွင် ရှေးဟောင်း စေတီပုထိုးဘုရားကျောင်းကန်ဟောင်းများကို အဆက်မပြတ်မြင်တွေ့လာရသည်။
မှတ်တမ်းမှတ်ရာများရှိနေဆဲဖြစ်
သန်လျင်မြို့သည် သမိုင်းရာဇဝင်ခိုင်ခံ့ခဲ့သော ရှေးမြို့ဟောင်းဖြစ်သည်။ အစဉ်အဆက်မွန်- မြန်မာ တို့စုစည်းနေထိုင်ရာဒေသလည်း ဖြစ်သည်။ သမိုင်းဝင် ဘုရား- စေတီ- ပုထိုးကျောင်းကန်များပေါများ သကဲ့သို့ မင်းအဆက်ဆက်ရာဇဝင်များကလည်း ယနေ့တိုင် မမေ့နိုင်အောင် မှတ်တမ်းမှတ်ရာများ ခိုင်ခိုင်မာမာရှိနေဆဲဖြစ်သည်။
ဆိပ်ကမ်းခွန်များကောက်ခံရယူ
သန်လျင်မြို့တည်ခုနှစ်နှင့် သန်လျင်မြို့ဟု အမည်သညာရှိခဲ့ရခြင်းအပေါ် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီကြီး၏ ဂေါပကက ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ရှေးဟောင်းသမိုင်း စာပေများကို ဖော်ထုတ်ရေးသားနေသည့် ဆရာပုသိမ်မောင်သောင်းယဉ်၏ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော် သမိုင်းဝင် မြင်ကွင်းများနှင့် ထူးခြားအံ့ဖွယ်ဖြစ်ရပ် အသွယ် သွယ် (ဒုတိယအကြိမ်ထုတ်) စာအုပ်တွင် “သာသနာတော် နှစ် ၁၁၆၆ ခုနှစ်မှ ၁၁၇၇ ခုနှစ် အတွင်း ပါဒမြို့စားအရိန္ဒလက်ထက်တော်မှာ ပါဒဆိပ်ကမ်းသို့ သင်္ဘောရေယာဉ်များဆိုက်ကပ်ခြင်း မပြုနိုင်သဖြင့် စံကားကင်းသူကြီးဖြစ်သည့် မောင်သန်လျင်က ဆိပ်ကမ်းခွန်များကောက်ခံရယူပြီး ကျိုက်ခေါက်စေတီတော်ကို လှူဒါန်းဖို့ တချို့ တစ်ဝက်ကိုချန်ကာ ကျန်သည့်အခွန်ငွေများကို ပုဂံမင်းထံ ဆက်သရပါသည်။”
“ထိုသို့ပြုသည်ကို ပါဒမြို့စားအရိန္ဒက မကျေနပ်သဖြင့် စံကားကင်းသူကြီး မောင်သန်လျင်ကို စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် ချီတက်တိုက်ခိုက်ရာ မောင်သန်လျင်က ကြံ့ကြံ့ခံတွန်းလှန်သောကြောင့် အရိန္ဒကျဆုံးပြီး ပါဒမြို့ကိုပါ တက်ရောက် သိမ်းပိုက်ခဲ့ပါသည်။ နောင်အခါ ၄င်းစံကားမြို့ကို မောင်သန်လျင်အမည်အစွဲပြုကာ “သန်လျင်မြို့” ဟု ခေါ်ခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်ပါသည်” ဟု ရေးထားသည်ကို တွေ့ရပါသည်။
နှစ်ပေါင်း ၁၃၈၆ နှစ်ရှိလာပြီ
သို့အတွက် သန်လျင်မြို့ဟု ဖြစ်ပေါ်လာသည်မှာ ယနေ့အချိန်တွင် နှစ်ပေါင်း ၁၃၈၆ နှစ်ရှိလာပြီ ဟုတွက်ဆမှတ်သားရမည်ဖြစ်ပေသည်။ (ယခု သာသနာတော်နှစ်သည် ၂၅၆၃ ခုနှစ်ဖြစ်သော ကြောင့်သာ သာသနာတော်နှစ် ၁၁၇၇ ခုနှစ်ကို နုတ်ခြင်းဖြစ်ပါသည်။)
ရှေးအဆက်ဆက်ကပင် ဘုရင်အဆက်ဆက်၊ မြို့စားအဆက်ဆက်ရှိခဲ့ပြီး အင်္ဂလိပ်အစိုးရလက် ထက်တွင် ရေနံချက်စက်ရုံများ၊ BOC ကုမ္ပဏီများ ရှိသဖြင့် နိုင်ငံခြား ဗိုလ်တဲ၊ ဗိုလ်ကုန်းများသီခြား ခြံကျယ်ကြီးများဖြင့် နေထိုင်ကြပြီး ဆိတ်ငြိမ်သော ရပ်ဝန်းဒေသဖြစ်သည်။
ယခင်က သန်လျင်နယ်တွင် ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်များ ပါဝင်ပြီး အင်္ဂလိပ်များက Syriam (ဆီရီယမ်)ဟုခေါ်ဆို ခဲ့ကြကာ ရေးသားရာတွင် “သန်လျင်” ဟုရေးသားကြပြီး မြန်မာတို့နှုတ်ဖျားက “တညင်” ဟု အသံ ထွက်ခေါ်ဆိုခဲ့ကြသည်။
သီးခြားဆန်သော မြို့နယ်
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပြောင်းလဲမှုများ ကြီးမားစွာမရှိခဲ့ပေ။ ပဲခူးမြစ်ကို သင်္ဘော၊ ဇက်တို့ဖြင့်သာ ကူးသန်းခဲ့ကြရသည်။ သီးခြားဆန်သော မြို့နယ်တစ်ခုအသွင်ပမာရှိခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ၁၈၈၂ ဒသမ ၆ မီတာ ရှည်သော တရုတ်-မြန်မာချစ်ကြည်ရေးတံတားကြီး တည်ဆောက်ပြီးစီးမှုကြောင့်လည်းကောင်း၊ နောက်ပြောင်းလဲလာသော အစိုးရအဆက်ဆက်၌ လိုက်ပါပြောင်းလဲမှုများနှင့်အတူ တစ်စတစ်စဖွံ့ဖြိုးတိုးတက်လာသောမြို့နယ်ဟု ဆိုရမည်ဖြစ်သည်။
မြို့အကျယ်အဝန်းမှာ ၁၃၅ ဒသမ ၃၂၄ စတုရန်းမိုင် ကျယ်ဝန်းပြီး ၂၀၁၄ ခုနှစ်က ပြုစုခဲ့သောစာရင်းအရ လူဦးရေ နှစ်သိန်းခြောက်သောင်း ရှစ်ထောင်ကျော်ရှိကြောင်း သိရသည်။ တောင်ပိုင်း ခရိုင်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။
ယခုအခါ ခေတ်မီလှပသော မြို့ပြ အဆောက်အအုံများကို ထီးထီးမားမားမြင်တွေ့ လာရပြီဖြစ်သည်။မြို့မဈေး၊ အောင်ချမ်းသာဈေးတို့မှာ ကြက်ပျံမကျ အရောင်းအဝယ်စည်ကားနေသကဲ့သို့ မကြာမီကမှ ဆောက်လုပ်ပြီးစီးခဲ့သည့် ခရိုင်မီးသတ်အဆောက် အအုံမှ မီးငြှိမ်းသတ်ရေးယာဉ်များ၊ မီးသတ်ဝန်ထမ်းများက မြို့ ပြ၏ မီးဘေးနှင့် သဘာဝဘေး အန္တရာယ်ကို စောင့်ရှောက်ကူညီရန် အသင့်ရှိနေ ကြပြီ ဖြစ်သည်။
အဆင့်မြင့် စတားစီးတီးအိမ်ရာ၊ မြို့နယ်၏ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၊ ပညာရေးအတွက် မြန်မာနိုင်ငံရေကြောင်း တက္ကသိုလ်၊ အရှေ့ပိုင်းနည်းပညာတက္ကသိုလ်၊ သမဝါယမတက္ကသိုလ်နှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ အနားယူစရာပန်းခြံများကို နယ်ခံသတင်းထောက် ဦးသန်းဝင်း (သန်လျင်)က မော်တော်ဆိုင်ကယ်တစ်စီးဖြင့် မြို့ပတ်မောင်းနှင်ပြသမှုကြောင့် တွေ့ခဲ့ရသည်။ သို့သော် မြို့လယ်ကောင်နာရီစင်ကြီးမှ လက်တံတို့က အပြောင်းအလဲမရှိ အိပ်ပျော်နေသည်ဟု ထင်မိသည်။
အစည်ကားဆုံးသော ဘုရားပွဲ
လှိုင်းပုတ်ကုန်း(ခေါ်) ဥတ္တရင်္ဂကုန်းထက်ဆီမှ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက် စေတီတော်မြတ်ကြီးကို ယင်းကျိုက်ခေါက်ဘုရား လမ်းပေါ်မှပင် ထင်ထင်ရှားရှား ဖူးမြော်ကြည်ညို လိုက်ရသည်။ နေအလင်းတွင် ရွှေအဆင်းဖြင့် တင့်တယ်လှပေစွ။ (၁၂) ပွဲဈေးလိုက်ရောင်းသူ ဈေးသည်တို့က ဘုရားပွဲဈေးများထဲတွင် အရောင်းရဆုံးနှင့် အစည်ကားဆုံးသော ဘုရားပွဲဟု ဆိုကြသည်။
ကျိုက်ခေါက်ဘုရားလမ်းကြီးကို ပြန်လည်ခင်း နေမှုကို တွေ့ရသည်။ ညီညာဖြောင့်ဖြူးသော လမ်းကြီးအဖြစ် ပြောင်းလဲသွားပြီး လမ်းဘေးဝဲယာ ရေနုတ်မြောင်းများကို စနစ်တကျဆောင်ရွက်နေမှုက နောင်အရှည်လမ်းကောင်းစေရေးအတွက်ဟု သိရသည်။ ဦးသန်းဝင်း၏ပြောပြချက်အရ ဂျပန်- မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ဂျိုက်ကာအစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
သန်လျင်မြို့နှင့် မနီးမဝေးတွင် ရှေးကတည်းက ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက်ရာ ဆိပ်ကမ်းရှိခဲ့သည်။ ယခုအခါ သီလဝါအထူး စီးပွားရေးဇုန်ကြီးအဖြစ် ကြီးကျယ်ခမ်းနားစွာ တည်ဆောက်လျက်ရှိနေသည်။ နိုင်ငံခြားပညာရှင်များလည်း မြောက်မြားစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။ သန်လျင်မြို့အတွက်သာမက ဆက်စပ်ရာ မြို့နယ်များပါ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ နိုင်ငံအတွက်လည်း ဖွံ့ဖြိုး မှုများ ပိုလာခဲ့ပြီဖြစ်သည်။
သန်လျင်မြို့သို့ ရောက်တုန်းရောက်ခိုက်မှာပင် မြန်မာစာပေလောကကို ဖွံ့ဖြိုးစေသည့် စာပေပညာရှင်ကြီးများ လှဲလျောင်းရာ နေရာများဆီသို့ ရောက်ချင်သည့်စိတ်ကြောင့် ကျိုက်ခေါက်စေတီ တော်ပေါ်သို့ တက်ခဲ့ရာ ဖူးမြော်ရသည်မှာ နေမပူ မိုးမရွာသောကြောင့် စိတ်ချမ်းမြေ့ဖွယ်ကောင်းလှသည်။ ထီးတော်အထက်ဆီမှ ဆည်းလည်းသံတို့က သာယာနာပျော်ဖွယ်၊ လက်အုပ်ချီမိုးကန်တော့ရသည်က ကြည်နူးဖွယ် ရွှေအဆင်းတို့က ကြည်ညို ဖွယ် ဖူးမြော်၍မဝအောင် စိတ်မှာဖြစ်ခဲ့ရသည်။
ဝန်ကြီး ပဒေသရာဇာ၏ ဂူဗိမာန်
မြောက်ဘက်စောင်းတန်းအလွန် မျက်စိတစ်ဆုံးတွင် ဒုတိယအင်းဝခေတ်(ညောင်ရမ်းခေတ်) ၌ မင်းဆက်လေးဆက်တိုင် သူကောင်းပြု ခြင်းခံခဲ့ရသော စာဆိုတော်ကြီး ဝန်ကြီး ပဒေသ ရာဇာ၏ ဂူဗိမာန်တော်ကို လှမ်းမျှော်တွေ့ ခဲ့ရသည်။
အနားရောက်သည့်အခါ ဂူဗိမာန်တော် ပတ်ပတ်လည်တွင် ရှည်လျားစွာရှင်သန်နေသော မြက်၊ ချုံတို့ကြောင့် ရှေ့ဆက်တိုးရမည်ကို မဝံ့မရဲ ဖြစ်မိသည်။ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းစောင့်ရှောက်မှုရှိနေကြောင်း ခြံဝင်းတွင် စိုက်ထူထားသည့် ကြော်ငြာ ဘုတ်ကြောင့် သိရသည်။
သို့သော် သော့ခတ်ထားမှုကြောင့် ဝင်ရောက် ဂါရဝပြုခွင့်မရနိုင်ပေ။ ပတ်လည်အုတ်တံတိုင်းတို့ ကြောင့် ခြံစည်းရိုးအပြင်မှ ရနိုင်သည့်အနေအထား လက်ဝင်နိုင်ရုံမျှ ဖုန်းကင်မရာဖြင့် မှတ်တမ်းတင်ခဲ့ ရသည်။
အတွင်း၌ အလင်းဓာတ်လျော့နည်းလွန်းလှသည်။ လှည်းကျင်းသူမဲ့မှုကြောင့် အုတ်ရိုးတို့မှာ ရေညှိများပင် တက်လျက်ရှိနေသည်။ ပေ ၂၀ ပတ်လည်နှင့် အမြင့် ၁၅ ပေခန့်ရှိမည့် အုတ်ဂူဖြစ်သည်။ အမိုးမရှိ သစ်ပင်ကြီးများ၏ အရိပ်အောက် ထီးထီးကြီးသာ.....။
ယနေ့တိုင်ရှင်သန်နေမြဲဖြစ်
စာဆိုရှင်ကြီး ဤနေရာ၌ ခေါင်းချခဲ့သည်မှာ နှစ်ပေါင်း ၂၇၆ နှစ်တိုင်ရှိခဲ့ပြီဖြစ်သည်။ နန်းတွင်း စာဆိုရှင်ကြီးမျှမဟုတ်မူပဲ ကျေးလက်ဒေသ သရုပ်ဖော်၊ အလင်္ကာတို့မှာ ယနေ့တိုင်ရှင်သန်နေမြဲ ဖြစ်ပေသည်။
သို့အတွက် ကွယ်လွန်သူကဗျာဆရာကြီး ဆရာဇော်ဂျီက “ရှေးခေတ် မြန်မာစာပေကို တစ်ခေတ်ဆန်းစေသကဲ့သို့ ယနေ့ခေတ်တိုင် မြန်မာ့စာပေသမိုင်း၏ စာပေဗိမာန်နန်းတစ်ခု” ဟု တင်စားဖော်ကျူးခဲ့ဖူးသည်။
ထိုမှ ရတုဘုရင် နတ်သျှင်နောင်၏ အထိမ်းအမှတ်ဂူဘုရားဆီသို့ လှမ်းတက်ခဲ့ကြသည်။ ဤသည်ကိုလည်း ရှေးဟောင်းသုတေသနဌာနကပင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ထောင်ထားသည့် ကြော်ငြာဗီနိုင်းအရ သိရသည်။ သို့သော် ပြိုကျလုနီးနီး အုတ်ပုံတစ်ပုံမျှသာ...။
နတ်သျှင်နောင်ကို သက္ကရာဇ် ၉၃၉ ခုနှစ်တွင် တောင်ငူရွှေနန်းတည် မင်းရဲသီဟသူနှင့်မိဖုရား မင်းခင်စောတို့မှ တောင်ငူမြို့၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ငယ်စဉ်ကတည်းကပင် လက်ရုံးရည်ကောင်းခဲ့ပြီး ရတုကဗျာ အရေးအသားကောင်းသော စာဆိုရှင်လည်း ဖြစ်သည်။ လူပေါင်းမှားကာကံ အကြောင်းတရားမလှ၍ ကွပ်မျက်ခံခဲ့ရသူတစ်ဦး ဖြစ်သည်။
ညီတော်မင်းရဲကျော်ထင်၏ လျှောက်ထား တောင်းပန်မှုကြောင့် စေတီတော်၏မြောက်ဘက် မုခ်အနီးတွင် အရိုးဂူအဖြစ် တည်ခွင့်ရခြင်းဖြစ်သည်။
ပြိုလုလုဗိမာန်တော် ဤနေရာ၌ နတ်ရှင်နောင်၏ ဝိညာဉ်
အဖြစ် တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၄၀ဝ ကျော် ခဲ့ပြီဖြစ်သည်။ သို့သော် သူ၏ရတုကဗျာတို့မှာ လန်း ဆန်းရှင်သန်နေမြဲပင်ဖြစ်ပေသည်။ မြန်မာစာပေ၏ တစ်ခေတ်တစ်ခါက စတင်ခဲ့သော ကျေးဇူးတို့သည် ယနေ့တိုင် တည်ရှိနေမြဲဖြစ်သည်။ သို့သော် ပြိုလုလု ဗိမာန်တော်အား ဤအတိုင်းသာ ဆက်လက်ထားရှိပြီး ပြုပြင်မှုမရှိပါက နောင်...သမိုင်းတစ်ခုပျောက် ပျက်သွားနိုင်ဖွယ် ရှိပေမည်။ စိုးရိမ်ဖွယ်ဖြစ်ပေ၏။
အုတ်ဂူအနီးတွင် ထပ်မံ၍ ဆိုင်းဘုတ်တစ်ခုကို တွေ့ရပြန်ပါသည်။ မင်းနန္ဒာကန်(အေဒီ ၇၆၅/ ၈၁၀) ဟု ဖော်ပြထားသည်။ ပြုပြင်မှုများဖြင့် လုပ်သားတို့က မွမ်းမံနေကြသည်။ အနီး၌ တွေ့ရသောပုဂ္ဂိုလ်တစ်ဦးထံ ချဉ်းကပ်မေးမြန်းကြည့်ရာ စေတီတော်ကြီး၏ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ရဲမှူးကြီး ကျော်မိုးကြည်(ငြိမ်း) မှန်းသိခွင့်ရခဲ့သည်။
ဥက္ကဋ္ဌက “ဒီသမိုင်းဝင် မင်းနန္ဒာကန်ရှိတဲ့ နေရာမှာဘုရားဖူးတွေ စိတ်ချမ်းမြေ့စွာ အနားယူ နိုင်စေဖို့၊ စေတီတော်ကြီးကိုလည်း ထင်ထင်ရှားရှား ဒီနေရာကနေ လှမ်းမျှော်ဖူးတွေ့ နိုင်ကြစေဖို့အတွက် ရည်ရွယ်ပြီး ပြုပြင်နေတာပါ။ အရင်ထဲက တကယ်လည်း ရှိခဲ့တဲ့ကန်ပါ။ မင်းနန္ဒာကိုယ်တော်လေး သေဆုံးပြီးနောက် ကျိုက်ခေါက်ဆရာတော်ကြီးကိုအမှူးပြုလို့ သံဃာတော်အပါး ၁၀ဝ ကို ခုနစ်ရက် တိုင် ဆွမ်းကပ်လှူခဲ့ပြီး သာသနာတော်နှစ် ၁၂၀၁ ခုနှစ်၊ သက္ကရာဇ် ၁၉ ခုနှစ်မှာ ရေကန်ကြီးတူး ဖော်ခဲ့ပြီး “မင်းနန္ဒာကန်” လို့ သမုတ်ခဲ့တာပါ။
ဖော်ထုတ်ပြသဖို့ ကြိုးစား
ပြုပြင်မှုတွေမဲ့ပြီး ပျက်စီးနေတာတော့ ကြာခဲ့ပါပြီ။ သန်လျင်သူလေး ရှင်မွေ့နွန်းရဲ့ ဇာတ်လမ်းကလည်း စာပေပညာရှင်ကြီးတို့ရဲ့ မှတ်တမ်းမှတ်ရာ စာပေတွေအရ တကယ်လည်းရှိခဲ့တာပါ။ အခု ကျွန်တော်တို့ ဂေါပကလက်ထက်မှာ ကန်ကိုပြန် တူးဖော်တယ်။ ရေနေအောင် ပြုပြင်တယ်။ ပတ်ဝန်းကျင်မှာ သစ်ပင်ပန်းမန်အလှတွေ စိုက်မယ်။ အခုဆို အကြမ်းထည် မြင်တွေ့နေရ တာတွေက သရက်၊ ပိန္နဲ၊ ငှက်ပျော၊ ဒူးရင်း၊ နာနတ်၊ အုန်း စတဲ့အသီးအနှံ ရုပ်လုံးတွေနဲ့ ထိုင်အနားယူ စရာအဖြစ် ဆောင်ရွက်နေတာပါ။ မင်းနန္ဒာ ကန်ပတ်လည်မှာ မိကျောင်းရုပ်ပုံဖော်ပြီး မင်းနန္ဒာနဲ့ ရှင်မွေ့နွန်းတို့ရဲ့ ပုံသဏ္ဌာန်န်ရုပ်တုနှစ်ခုကို ထားမယ်။ ကျွန်တော်တို့ ဒီသန်လျင်မြို့က သမိုင်းရှိ ခဲ့တဲ့မြို့အပြင်အခုလိုထင်ရှားခဲ့တဲ့ သူတွေ့ရဲ့ဝိညာဉ် တွေကလည်း ရှိနေဦးမယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ဖော်ထုတ်ပြသဖို့ ကြိုးစားဆောင်ရွက် နေရတာဖြစ်ပါတယ်။ ဒါ့ကြောင့် သန်လျင်မြို့ကို ရောက်ရင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်ကြီးကို ဝင်ရောက်ဖူးမြော် ကြပါ။ နောက်မြောက်ဘက်စောင်းတန်းမှာရှိတဲ့ ရတုဘုရင် နတ်ရှင်နောင်ရဲ့ အရိုးအုတ်ဂူ၊ မင်းနန္ဒာ ကန်၊ စာဆိုရှင်ကြီး ဝန်ကြီးပဒေသရာဇာတို့ရဲ့ အရိုးအိုးဂူများအထိ ဆင်း၍ လေ့လာနိုင်ပါတယ် လို့ ဘုရားဖူးပရိသတ်အပေါင်းကို သတင်းစကား ပါးလိုက်ချင်ပါတယ်” ဟု အဆုံးသတ်နှုတ်ဆက်ခဲ့ ကြသည်။
အပြန်လမ်း၌ အတွေးစတစ်ခုက ဝင်ရောက် လာခဲ့သည်။ အသစ်အသစ်တို့တည်ဆောက်ခြင်းဖြင့် အဟောင်းအဟောင်းတို့ ချုပ်ငြိမ်းပျောက် ကွယ်ခဲ့ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
ထိန်းသိမ်းစောင့်ရှောက်
ယခုကဲ့သို့ သန်လျင်မြို့ကြီး ခေတ်နှင့်အမီ ဖွံ့ဖြိုးတိုးတက်ခြင်းကို ဝမ်းသာစွာ ကြိုဆိုသကဲ့သို့ သမိုင်းဝင်အဆောက်အဦများကိုလည်း ယခုထက် ပိုမိုအရှည်တည်တံ့စေရန်လည်း ထိန်းသိမ်းစောင့် ရှောက်မှုတို့ အထူးပင်လိုအပ်လျက်ရှိနေပေမည်။
သို့အတွက် သန်လျင်မြို့ကြီး “သမိုင်းမှတ်တိုင် တို့ဖြင့်လည်း အရှည်ခန့်ပါစေ၊ တိုးတက်ဖွံ့ဖြိုးမှုတို့ ဖြင့်လည်း အစဉ်လှပါစေ” ဟု စေတီတော်မြတ်ကြီး အား ဦးချကန်တော့လျက် ဆုတောင်းမိခဲ့ပါသည်။