ကလျာမိုးမြင့်
ယခုရက်ပိုင်းအတွင်း နိုင်ငံရေးကျွမ်းကျင်သူတွေ ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် ဥပဒေတစ်ရပ်ကို အီတလီ ဆီးနိ်တ်လွှတ်တော်က မဲခွဲဆုံးဖြတ်မှုပြုလုပ်ကာ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီဥပဒေကတော့ အီတလီနိုင်ငံရဲ့ ဆိပ်ကမ်းတွေကို ဝင်ရောက်လာကြတဲ့ သင်္ဘောတွေမှာ ရွှေ့ပြောင်းသွားလာသူတွေကို တင်ဆောင်လာခဲ့ရင် အဲဒီ သင်္ဘောကပ္ပတိန်ကို အီတလီအာဏာပိုင်တွေက ယူရိုတစ်သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း) ဒဏ်ငွေတပ်ဖို့ ခွင့်ပြုလိုက်တဲ့ အမိန့်တစ်ရပ်ပါပဲ။
အပြင်းထန်ဆုံးစည်းမျဉ်း
ဥရောပရဲ့ ရွှေ့ပြောင်းသွားလာမှုကို ဆန့်ကျင်တဲ့ အပြင်းထန်ဆုံး စည်းမျဉ်းတစ်ခုလို့ ဆိုရမယ့် ဒဏ်ငွေကောက်ခံမှုကို အီတလီ ဆီးနိတ်လွှတ်တော်အတွင်းမှာ ခိုင်လုံတဲ့ မဲအရေအတွက်နဲ့ အတည်ပြုဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အီတလီနိုင်ငံဆီကို ပင်လယ်ဖြတ်ကျော် ရောက်ရှိလာကြတဲ့ ရွှေ့ပြောင်းသွားလာသူအရေအတွက် သမိုင်းတွင်လောက် အောက် လျော့ကျသွားပြီးတဲ့နောက်မှာ အခုလို ပြင်းပြင်းထန်ထန် အရေးယူဖို့ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။
အီတလီရဲ့တောင်းဆိုချက်
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဥရောပကော်မရှင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရသူ အာစူလာ ဗွန်ဒါလီယန်က ရွှေ့ပြောင်းသွားလာ သူအရေးမှာ ပိုပြီးဝန်ထုပ်ဝန်ပိုးတွေ မျှဝေထမ်းပိုးထားရတာတွေအတွက် ကာလကြာရှည် တောင်းဆိုခဲ့တဲ့ အီတလီရဲ့ တောင်းဆိုချက်အချို့ကို အဆင်ပြေ ညီညွတ်အောင် ဥရောပကော်မရှင်က ဆောင်ရွက်ပေးဖို့ ဆန္ဒရှိနေတယ်လို့ ရောမမြို့မှာ ၎င်းက ပြောကြားခဲ့ပါတယ်။ အီတလီပြည်သူတွေကို အဲဒီလို ပြေရာပြေကြောင်း ပြောဆိုခဲ့ပြီး သုံးရက်အကြာမှာပဲ ဆီးနိတ်လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်မှု ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
အကြီးအကျယ်အံ့အားသင့်
လုံခြုံရေးဆိုင်ရာ အီတလီဒုတိယဝန်ကြီးချုပ် မက်တီယို ဆယ်လ်ဗီနီက လုံခြုံရေးဆိုင်ရာ ဥပဒေတစ်ရပ်အဖြစ် မူကြမ်းရေးဆွဲ ခဲ့တဲ့ အဲဒီပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုကို မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့ချိန်မှာ နိုင်ငံရေးဆိုင်ရာ လေ့လာသူတွေနဲ့ ကျွမ်းကျင်သူ အပေါင်းဟာ အကြီးအကျယ် အံ့အားသင့်ခဲ့ရပါတယ်။
အီတလီအစိုးရက အခုလိုမျိုး ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တာဟာ သိပ်ပြီး စိုးရိမ်စရာကောင်းတယ်။ နိုင်ငံတိုင်းက စိတ်ပူရမယ့် အချက်လည်းဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဘာဘာရာ မိုလီနာရီယိုက ပြောကြားခဲ့ပါတယ်။ ရွှေ့ပြောင်းသွားလာသူတွေ ဆိုက်ရောက်လာမှုနဲ့ ပတ်သက်ပြီး အီတလီမှာ အရေးပေါ် အခြေအနေ မျိုးလည်း မရှိဘူး။ ပြီးတော့ ဒီလိုလုပ်လိုက်တဲ့အတွက် ပင်လယ်ထဲမှာ လူတွေပိုပြီး သေဆုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေကလည်း သတိပေးခဲ့ပါတယ်။
ဥရောပမှာ အတင်းကျပ်ဆုံး
ပြီးခဲ့တဲ့ ၁၄ လအကြာက ဝန်ကြီးချုပ် ဂူဆက်ပီကွန်တီ အာဏာရရှိလာချိန်ကစပြီး ရွှေ့ပြောင်းသွားလာမှုကို ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီရဲ့ အကြီးအကဲဖြစ်တဲ့ ဆယ်လ်ဗီနီဟာ အီတလီရဲ့ ရွှေ့ပြောင်းသွားလာမှုကို ဆန့်ကျင်တဲ့ ဥပဒေကို ဥရောပမှာ အတင်းကျပ်ဆုံး ဥပဒေဖြစ်စေခဲ့တဲ့ သူပါပဲ။
ဆယ်လ်ဗီနီလက်ထက်မှာ ကယ်ဆယ်ရေး သင်္ဘောအများစု ဝင်ရောက်လာနိုင်တဲ့ အီတလီဆိပ်ကမ်းတွေကို ပိတ်ပစ်ခဲ့ပြီး ရွှေ့ပြောင်းသွားလာသူတွေကို သီးခြားရွေးထုတ်တဲ့ အစီအစဉ်တွေအတွက် ရန်ပုံငွေထည့်ဝင်မှုတွေနဲ့ လစ်ဗျားနိုင်ငံဆီကနေ ထွက်ခွာပြီး ဝင်ရောက်လာကြမယ့် ရွှေ့ပြောင်းသွားလာသူတွေကို တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ လစ်ဗျားကမ်းခြေစောင့် တပ်ဖွဲ့ကို အထောက်အပံ့ပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
သိသိသာသာထိရောက်မှုရှိ
ဒီလို လုပ်ဆောင်လိုက်ပြီးတဲ့နောက်မှာ ရလဒ်အနေနဲ့ ဘာတွေပြောင်းလဲသွားပါသလဲ။ အီတလီရဲ့ ဆောင်ရွက်မှုတွေ အတော်လေး ထိရောက်ခဲ့ပါတယ်။ ယခုနှစ်ရဲ့ ဇန်နဝါရီလကနေ ဇူလိုင်လအထိ အီတလီနိုင်ငံကို ရွှေ့ပြောင်းသွားလာသူ ၂၄၈ ဦးသာ ဝင်ရောက်ခဲ့ပါတယ်။ ယခင်နှစ် အဲဒီအချိန်တုန်းကဆိုရင် ရွှေ့ပြောင်းသွားလာသူတွေ အီတလီကို ဝင်ရောက်မှုက ၅၂၀၄ ဦးအထိ ရှိခဲ့တာမို့ အတော်လေးကို ကွာခြားတဲ့ ရလဒ်လို့ ပြောနိုင်ပါတယ်။၂၀၁၇ ခုနှစ်မှာ တုန်းကဆိုရင် ဒီထက်ပိုများ ပြီး ၃၈၇၄၇ အထိတောင် ဝင်ရောက်မှုရှိခဲ့တာပါ။
နိုင်ငံရေးလှည့်ကွက်လား
လုံခြုံရေးဆိုင်ရာ ဥပဒေအဖြစ် အခုရေးဆွဲခဲ့တဲ့ အမိန့်ဟာဆိုရင် မရှိတဲ့ပြဿနာကို အဖြေရှာနေတာဖြစ်တယ်လို့ ရွှေ့ပြောင်း သွားလာသူ အရေးကိစ္စတွေမှာ ဦးစားပေးဆောင်ရွက်နေတဲ့ ထောက်ခံရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Centro Studi Medi အဖွဲ့ အကြီးအကဲ အန်ဒရီယာတိုရီက အင်တာဗျူးတစ်ခုမှာ ဖြေထားတာကို တွေ့ရပါတယ်။
အီတလီနိုင်ငံကို ရွှေ့ပြောင်းသွားလာသူတွေ ဆိုက်ရောက်တဲ့အရေအတွက်က ဘယ်လောက်မှ တောင်မရှိဘဲ အခုလို အမိန့်မျိုး ထုတ်ပြန်ဖို့ ဆုံးဖြတ်တယ်ဆိုကတည်းက ဒါဟာ ဆယ်လ်ဗီနီနဲ့ ၎င်းရဲ့ လိဂ်အဖွဲ့ရဲ့ နိုင်ငံရေးလှည့်ကွက်ပဲလို့ ၎င်းက ဝေဖန်ထားပါတယ်။
ဒဏ်ရိုက်ခွင့်ပြု
ဥပဒေအရ အီတလီအာဏာပိုင်တွေအနေနဲ့ ရွှေ့ပြောင်းသွားလာသူတွေကို တင်ဆောင်ပြီး အီတလီဆိပ်ကမ်းကို ဝင်ရောက် ကမ်းကပ်လာတဲ့ သင်္ဘောက ကပ္ပတိန်တွေကို ယူရိုငွေ ၁၅၀ဝဝဝ ( အမေရိကန်ဒေါ်လာ ၁၆၈၀ဝဝ ဒေါ်လာ) ကနေ ယူရိုငွေ တစ်သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း)အထိ ဒဏ်ငွေကောက်ခံနိုင်တဲ့အပြင် သင်္ဘောကိုပါ သိမ်းဆည်းနိုင်တယ်လို့ ခွင့်ပြုထားပါတယ်။
အီတလီ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သင်္ဘောတွေတင်မကဘဲ ဆိပ်ကမ်းဆီ ပြန်ရောက်လာတဲ့ ငါးဖမ်း လှေတွေနဲ့ အပန်းဖြေလှေတွေမှာပါ ရွှေ့ပြောင်းသွားလာသူတွေ လိုက်ပါလာတယ်လို့ ယူဆရတဲ့ လှေသမားတွေကို ဒဏ်ငွေ တပ်မယ်လို့ သိရပါတယ်။
စည်းလုံးဖို့ တိုက်တွန်း
အသစ်ချမှတ်လိုက်တဲ့ ဆောင်ရွက်ချက်တွေဟာ ဥရောပမှာ ထိရောက်တဲ့ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ မူဝါဒတွေရှိ စေချင်ခဲ့တဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်ရဲ့ ရှုမြင်သုံးသပ်ချက်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိလာစေ မလဲဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ ဥရောပ သမဂ္ဂအဖွဲ့ဝင်တွေအနေနဲ့ ရွှေ့ပြောင်းသွားလာသူ အရေအတွက် လိုအပ်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ကုန်ကျစရိတ်တွေကို မျှခံတဲ့နေရာမှာ စည်းလုံးညီညွတ်မှုရှိကြောင်းကို ခိုင်မာသေချာ စေသင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။
ဆက်ဆံရေးထိခိုက်
ဥပဒေသစ်ဟာ ဆယ်လ်ဗီနီရဲ့ လိဂ်အဖွဲ့နဲ့ ဖိုက်စတားလှုပ်ရှားမှုအဖွဲ့ တည်ထောင်မှုကို ဆန့်ကျင်တဲ့ ၎င်းရဲ့ မဟာမိတ် အဖွဲ့အကြား ဆက်ဆံရေးကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။ အကြောင်းကတော့ မဟာမိတ်အဖွဲ့ဟာ ဆယ်လ်ဗီနီအဖွဲ့ရဲ့ အစွန်းရောက်တဲ့ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ သဘောထားရပ်တည်ချက်ကို ဘယ်တုန်းကမှ မထောက်ခံခဲ့လို့ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီရဲ့ အစိုးရအဖွဲ့ဟာ တနင်္လာနေ့က ဆီးနိတ်လွှတ်တော်မှာ ခိုင်လုံမဲ အရေအတွက်နဲ့ အနိုင်ရရှိလိုက်ပြီဖြစ်တာကြောင့် လုံခြုံရေးဆိုင်ရာဥပဒေသစ်ကို ကျိန်းသေအတည်ပြုနိုင်တော့မှာ ဖြစ်ပါတယ်။
အနိုင်ရ
ဗဟိုလက်ဝဲယိမ်းနဲ့ လက်ယာယိမ်းပါတီ တွေ၊လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေရှိခဲ့ပေမယ့်လည်း အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ရာမှာ အစိုးရအဖွဲ့ကို မဲပေးသူ ၁၆၀ ရှိပြီး ကန့်ကွက်မဲ ၅၇ မဲ ရှိခဲ့ပါတယ်။
ခိုင်လုံမဲနဲ့ဆုံးဖြတ်ခြင်းကို အီတလီအစိုးရ အဖွဲ့တွေက ပါလီမန်လွှတ်တော်အတွင်း ဥပဒေပြုရေး မြန်ဆန်စေဖို့၊ စကား စစ်ထိုးခြင်းကို အပြတ်ဖြတ်ဖို့နဲ့ အတိုက်အခံအဖွဲ့ရဲ့ ပြင်ဆင်ဖြည့်စွက်မှုတွေကို ဖယ်ရှားဖို့အတွက် အခါအားလျော်စွာ အသုံးပြုလေ့ရှိပြီး အကယ်၍သာ ခိုင်လုံမဲရရှိရေး မဲခွဲဆုံးဖြတ်မှုမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် အစိုးရအဖွဲ့ဟာ ဖြုတ်ချခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ။
ကိုးကား-ဆင်ဟွာ