၉ သြဂုတ်
ယခုရာသီကာလတွင် ကမ္ဘာတစ်ဝန်းလုံး၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းမုန်တိုင်းများတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရပေသည်။ ထိုသို့ရေဘေး၊ လေဘေးအန္တရာယ်များနှင့် ကြုံတွေ့နေရစဉ်တွင် ငလျင်အန္တရာယ်များပါ ကြုံတွေ့လာရသဖြင့် သဘာဝ ဘေးအန္တရာယ်များခံစားရမှုမှ လျော့ပါးသက်သာရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။
ယခုရက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံဖြစ်ပွားလျက်ရှိပြီး မြစ်ကြီးငါးမြစ်မှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသည်။ ထိုမြစ်ကြီးငါးမြစ်အနီးမှ မြို့ငါးမြို့၏ အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံဖြစ်ပွားမှုများ ကြုံတွေ့နေရာ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့နေရာချထားပေးပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင်နေထိုင်ကြသော ပြည်သူများအား အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာက နေ့စဉ်သတိပေးနှိုးဆော်လျက်ရှိသည်။
စိုးရိမ်ရေမှတ်အထက် တည်ရှိနေသောမြစ်များမှာ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ဘီးလင်းမြစ်တို့ ဖြစ်သည်။ ထိုမြစ်ကြီးငါးမြစ်အနီးမှ မြို့ငါးမြို့မှာ မဒေါက်မြို့ ၊ ရွှေကျင်မြို့နယ်၊ ဘားအံမြို့နယ်၊ သာပေါင်းမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့ဖြစ်ကြပြီး ထိုမြို့များ၏အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံဖြစ်ပေါ်နေသောကြောင့် ဒေသနေပြည်သူများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးစသည်တို့ကိုသက်ဆိုင်ရာနှင့် စေတနာရှင်၊ လူမှုရေးအသင်းအဖွဲ့များက စနစ်တကျ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည် ဖြစ်သည်။
မိုးရာသီကာလတွင် မိုးများခြင်း၊ မိုးနည်းခြင်းတို့မှာ အဆန်းမဟုတ်သော်လည်း ယခုနှစ်မိုးရာသီကာလ၏ မိုးရွာသွန်းမှုစံချိန်မှာ လွန်ခဲ့သည့်ကာလများက အမြင့်ဆုံးစံချိန်ထက် ကျော်လွန်လာသဖြင့် သဘာဝဘေးဒဏ်ကို ပြည်သူများ လျော့နည်းသက်သာစွာ ခံစားနိုင်ရန်အတွက် ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို ဆောင်ရွက်ထားရမည် ဖြစ်သည်။ ယခုရက်ပိုင်း စံချိန်တင်မိုးများနေရသည်မှာ မုတ်သုံမိုးအားကောင်းနေသည့် အချိန်တွင် မြန်မာနိုင်ငံ၏အရှေ့ဘက် ဗီယက်နမ်နိုင်ငံတွင် တိုက်ခတ်သည့် တိုင်ဖွန်းမုန်တိုင်း ဝီဖာနှင့် မြန်မာနိုင်ငံအနောက်ဘက် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သော မုန်တိုင်းနှစ်ခုပေါင်း၏ အရှိန်အဟုန်ကြောင့် ယခုကဲ့သို့ မိုးသည်းထန်မှုလွန်ကဲခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ မိုးသည်းထန်၊ ရေကြီးရေလျှံဖြစ်နေချိန်တွင် လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းများပါ ဖြစ်ပေါ်ခဲ့ရာ အထက်ပါမြို့ငါးမြို့အပြင် အခြားဒေသများတွင်ပါ သဘာဝဘေးဒဏ်ကို ထိခိုက်ခံကြရသည်။ လက်ရှိတွင် မုန်တိုင်းနှစ်ခု၏ အရှိန်အဟုန်မှာ လျော့ကျသွားပြီဖြစ်သော်လည်း မိုးရွာသွန်းမှု အားကောင်းနေဆဲဖြစ်သောကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပြိုခြင်း၊ သစ်ပင်အိုများလဲပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်တွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုကိုလည်းကောင်း၊ မြစ်ချောင်းများအနီး နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုကိုလည်းကောင်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မျက်မှောက်ကာလတွင် သဘာဝဘေးအမျိုးမျိုးတို့ကို မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများပါ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ နေရသည်။ ယင်းသည်ကမ္ဘာ့ရာသီဥတု၊ မြန်မာ့ရာ သီဥတုတို့မှာ ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ မိုးရာသီကာလတွင် ပုံမှန်မိုးရွာသွန်းခြင်း မရှိတော့ဘဲ အလွန်အကျွံမိုးရွာသွန်းမှုများဖြစ်ပေါ်ပြီး မိုးရာသီဖြစ်သော်လည်း မိုးမရွာဘဲမိုးခေါင်မှုဒဏ်ကို မြန်မာနိုင်ငံသာမက အခြားနိုင်ငံများလည်း ခံစားနေရပေသည်။
သို့ဖြစ်ရာ သဘာဝဘေးဟူသည် တားဆီးနိုင်သောကိစ္စမဟုတ်ဘဲ သဘာဝဘေးနှင့် ရင်ဆိုင်ကြုံတွေ့ပါက ပြည်သူများ သဘာဝဘေးကို လျော့ပါးသက်သာစွာခံနိုင်ရန်အတွက် မဖြစ်မီက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားခြင်း၊ ဖြစ်နေလျှင် အရေးပေါ်ကယ်ဆယ်ခြင်းနှင့် ဖြစ်ပြီးလျှင် ပြုစုစောင့်ရှောက် ကူညီဆောင်ရွက်ပေးခြင်းတို့ကို ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ