၉ သြဂုတ်

ဇင်ဘာဘွေနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ လျင်လျင်မြန်မြန်ပဲ ကျဆင်းနေတဲ့အချိန် ငွေကြေးဖောင်းပွမှုနှုန်းဟာလည်း ၅၀ဝ ရာခိုင်နှုန်းအထိ ရောက်နေပါတယ်။

ဈေးနှုန်းကြီးမြင့်

ဒီကြားထဲ မိုးခေါင်မှုက နှိပ်စက်ပြန်တော့ အစားအသောက် ဈေးနှုန်းတွေဟာလည်း ကြီးမြင့်လို့နေပါတယ်။ ဒါကြောင့်မို့လည်း ကုလသမဂ္ဂ အစားအသောက်အေဂျင်စီက ဇင်ဘာဘွေနိုင်ငံမှာရှိတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အစားအသောက်လှူဒါန်းနိုင်ဖို့ အမေရိကန်ဒေါ်လာ ၃၃၁ သန်း တောင်းခံခဲ့ပါတယ်။ ဇင်ဘာဘွေနိုင်ငံမှာ အစားအသောက် လိုအပ်ချက်ရှိနေတဲ့ လူဦးရေ ပမာဏက ငါးသန်းဝန်းကျင်ခန့် ရှိပါတယ်။ ဒီပမာဏဟာ နည်းတဲ့အရေအတွက်တော့ မဟုတ်ပါဘူး။ ဇင်ဘာဘွေနိုင်ငံရဲ့ ၁၆ သန်းသော ပြည်သူတွေမှာ သုံးပုံတစ်ပုံနီးပါးခန့် ရှိပါတယ်။

အကျဘက်ကို ဦးတည်

ဒီပြဿနာနဲ့ ပတ်သက်ပြီး ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေးဗစ်ဘီစလေက ၂ ဒသမ ၅ သန်းသော ဇင်ဘာဘွေလူမျိုးတွေဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ့်အရေး ဦးတည်နေပြီလို့ ပြောခဲ့ပါတယ်။ နောက်ပြီး လာမယ့်နှစ် အစောပိုင်းမှာလည်း လူဦးရေ ၅ ဒသမ ၅ သန်းဟာ အလားတူအခြေအနေမျိုးနဲ့ ကြုံတွေ့ရဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဇင်ဘာဘွေနိုင်ငံမှာ ဝရုန်းသုန်းကားအခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရတာလည်း ကာလအတန် ကြာမြင့်ခဲ့ပါပြီ။ စီးပွားရေးဟာအကျဘက်ကို ဦးတည်နေတာလည်း ဆယ်စုနှစ်တစ်ခုစာနီးပါး ရှိနေပါပြီ။ ဒီတော့ အစားအသောက်ပြတ်လပ်မှုဟာလည်း အချိန်အတော်ကြာ ပေါ်ပေါက်နေခဲ့တာပါ။ အခြေခံစားသောက်ကုန်လည်း ရှားပါးကာ အလုပ်လက်မဲ့ပမာဏဟာလည်း မြင့်တက်နေခဲ့ပါတယ်။

ရာသီဥတုကြောင့်လား

အစားအသောက်ပြတ်လပ်မှုနဲ့ ပတ်သက်ပြီးတော့ အစိုးရက ရာသီဥတုဖောက်ပြန်ပြောင်းလဲတာကို အကြောင်းပြပါတယ်။ ဒါပေမယ့်လည်း ဝေဖန်သူတွေ ထောက်ပြကြတာကတော့ အစိုးရရဲ့ မြေယာပြုပြင်ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲအဖြစ် စိုက်ပျိုးရေးထွက်ကုန်တွေမှာ ဈေးကောင်းမရတာတွေရဲ့ ဆိုးကျိုးတွေလို့ ပြောပါတယ်။ ၂၀ဝ၀ ပြည့်နှစ်မှာ လူဖြူအများစုပိုင်ဆိုင်တဲ့ စီးပွားရေးလယ်ယာတွေကို သိမ်းယူတဲ့ မြေယာပြုပြင်ရေးအစီအစဉ်ကြောင့်လည်း ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ အစားအသောက်ရှားပါးမှုနဲ့ ရင်ဆိုင်ရတာလို့ ဝေဖန်သူတွေက ပြောကြပါတယ်။

မုန်တိုင်းက နှိပ်စက်

နောက်ဆုံးစိုက်ပျိုးခဲ့တဲ့ စိုက်ပျိုးရာသီမှာဆိုရင် ရာသီဥတုဆိုးဆိုးရွားရွားနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အယ်နီညိုကို အန်တုခဲ့ရတာဖြစ်လို့ မိုးခေါင်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အစားအသောက်ရှားပါးမှုနဲ့ ကြုံတွေ့ရတာဟာ မိုးခေါင်မှုကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ ယခုနှစ်အစပိုင်းလောက်မှာ ဇင်ဘာဘွေအရှေ့ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း Idai က ဝင်ရောက်မွှေနှောက်ခဲ့တဲ့အတွက်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လာရတာပါ။ အဲဒီဆိုင်ကလုန်းမုန်တိုင်းကြောင့် မာလာဝီ၊ မိုဇမ်ဘစ်နိုင်ငံတို့ကိုလည်း ထိခိုက်စေခဲ့သလို ဇင်ဘာဘွေနိုင်ငံမှာတော့ လူပေါင်း ၅၇၀ဝ၀ဝ ခန့် မုန်တိုင်းဘေးသင့်ခဲ့ပါတယ်။ လူပေါင်း ၅၀ဝ၀ဝ ကိုတော့ နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အစိုးရက ထောက်ပံ့ပေးထားရ

ဘဏ္ဍာရေးဝန်ကြီး Mthuli Ncube ရဲ့ ပြောကြားချက်အရတော့ မိုးခေါင်မှုကြောင့် အစာရေစာရှားပါးမှုနဲ့ ကြုံနေရတဲ့ကျေးလက်ရော မြို့ပြပါမကျန် ထောင်နဲ့ချီတဲ့လူဦးရေကို အစိုးရက ကျွေးထားရတယ်လို့ သိရပါတယ်။ ဇန်နဝါရီလကစလို့ အိမ်ထောင်စုပေါင်း ၇၅၇၀ဝ၀ ကို ဆန်တွေ၊ ဂျုံတွေ ထောက်ပံ့ပေးထားရတယ်လို့ သိရပါတယ်။ တရားဝင် စာရင်းအချက်အလက်များအရ တိုင်းပြည်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၇၆ ရာခိုင်နှုန်းအထိအောင် ထိုးတက်သွားပါတယ်။ အစိုးရဟာ လာမယ့်ခြောက်လတာအတွက် ငွေကြေးဖောင်းပွမှုစာရင်း ဇယားတွေကို အသိပေးချပြတာတွေ မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ ဒါဟာလည်း ၂၀ဝ၈ ခုနှစ်တုန်းက ကြုံခဲ့ရတဲ့ အဆမတန် ငွေကြေးဖောင်းပွမှုမျိုး ပြန်လည်ဖြစ်ပေါ်လာမှာကို ကြောက်ရွံ့တဲ့အတွက်ပါ။

၂၀ဝ၈ တုန်းကအခြေအနေ

၂၀ဝ၈ ခုနှစ်တုန်းက ဇင်ဘာဘွေနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၂၃၁၀ဝ၀ဝ၀ဝ ရာခိုင်နှုန်း အထိကို ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းကလည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဟာ ဇင်ဘာဘွေနိုင်ငံသား ငါးသန်းခန့်ကို ကျွေးထားခဲ့ရပါတယ်။ အဲဒီတုန်းက တိုင်းပြည်လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းရဲ့ ဝင်ငွေဟာ တစ်နေ့မှာ တစ်ယူရိုရဲ့အောက်မှာ ရှိခဲ့ပါတယ်။ ဇင်ဘာဘွေငွေကြေးဟာ တန်ဖိုးမရှိဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းက သမ္မတကတော့ ရောဘတ်မူဂါဘီပါ။ သူ့အပေါ်မှာလည်း ဖိအားတွေအများကြီး သက်ရောက်ခဲ့ရပါတယ်။ ဒါကတော့ ၂၀ဝ၈ ခုနှစ်က ကြုံတွေ ့ခဲ့ရတဲ့အခြေအနေပါ။

လျှပ်စစ်ဓာတ်အားပြတ်တောက်

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ရိတ်သိမ်းကာလမှာတော့ အဆိုးရွားဆုံးမိုးခေါင်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး အစားအသောက်ဈေးနှုန်းတွေဟာ အဆမတန် ခုန်တက်သွားပါတယ်။ ယခင်နှစ်ကထက်စာရင် ပေါင်မုန့်ဈေးဟာ ကိုးဆလောက် ခုန်တက်သွားပါတယ်။ မိဘတွေဟာလည်း သားသမီးတွေကို အစားကျွေးဖို့ အတော်လေး ရုန်းကန်ရပါတယ်။ ရေမျက်နှာပြင်နိမ့်ကျမှုကြောင့်လည်း ကာရီဘာမှာရှိတဲ့ ရေအားလျှပ်စစ်စက်ရုံကြီးကို ထိခိုက်စေပါတယ်။ ဒါကြောင့်လည်း တိုင်းပြည်အနှံ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေနဲ့ ကြုံရပြန်ပါတယ်။

ရေရရှိဖို့မလွယ်

နောက်ပြီးတော့ ရေတွင်း၊ ရေကန်နဲ့ မြစ် ချောင်းတွေမှာလည်း ရေတွေခန်းခြောက်ကုန်တဲ့အတွက် ရေရဖို့အတွက်ဆိုရင် ပြည်သူတွေဟာ နေရာအဝေးကြီးကို သွားရပါတယ်။ ဒါဟာလည်း ရွေးချယ်စရာမရှိပါဘူ။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က အမှုဆောင်ညွှန်ကြားရေးမှူး ဒေးဗစ်ဘီစလေက ဒီလူတွေကို အခုအချိန်မှာမကူညီဘူးဆိုရင် အငတ်ဘေးနဲ့ တကယ်ပဲ ရင်ဆိုင်ရတော့မှာပါလို့ ပြောပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ကာလရှည်ကြာ မကြုံခဲ့ဖူးတဲ့ မိုးခေါင်မှုမျိုးနဲ့ ရင်ဆိုင်နေရတာပါလို့ သူက ဆက်ပြောပါတယ်။

ဆန္ဒပြမှုများ

လွန်ခဲ့တဲ့နှစ်ကလည်း ဇင်ဘာဘွေသမ္မတ မနန်ဂါဂွာဟာ အငြင်းပွားဖွယ် ရွေးကောက်ပွဲရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်မယ်၊ အလုပ်အကိုင်နေရာတွေ ဖန်တီးပေးမယ်၊ တိုင်းပြည်ရဲ့ စီးပွားရေးကို အားကောင်းလာ အောင်လုပ်မယ်၊ ၂၀၃၀ ပြည့်နှစ်ရောက်ရင် တိုင်းပြည်ကို အလယ်အလတ်တန်းစားဝင်ငွေရှိတဲ့ နိုင်ငံအဖြစ် ရောက်အောင်လုပ်မယ်လို့ ကတိတွေ ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဇန်နဝါရီလအတွင်းမှာပဲ လောင်စာဆီဈေး ၁၅၀ ရာခိုင်နှုန်းတိုးသွားလို့ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆန္ဒပြပွဲအတွင်း လူ ၁၇ ဦး သေဆုံးသွားခဲ့ပါတယ်။ မဲပေးပွဲအပြီး သုံးလခန့်အကြာမှာတော့ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေ ပြန်လည်ပေါ်ပေါက်လာပြီး သမ္မတ မူဂါဘီအလွန် နောက်ထပ်ခေါင်းဆောင်သစ်ကို လိုလားတဲ့ အရိပ်အယောင်တွေ ထပ်မံပေါ်ထွက်လာပါတယ်။

အမျိုးသားသဘာဝဘေးအဖြစ် ကြေညာ

ဩဂုတ်လ ၆ ရက်နေ့မှာတော့ ဇင်ဘာဘွေ သမ္မတ အီမာဆွန်မနန်ဂါဂွာက မိုးခေါင်မှုကို အမျိုးသား သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာခဲ့ပါတယ်။ သမ္မတ အီမာဆွန်မနန်ဂါဂွာကတော့ တိုင်းပြည်ကို ကာလရှည်ကြာအုပ်ချုပ်ခဲ့တဲ့ ရောဘတ်မူဂါဘီရဲ့နောက်မှာ ဆက်ခံခဲ့တဲ့ သမ္မတလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အာဏာရှင် ရောဘတ်မူဂါဘီကို ဇင်ဘာဘွေတပ်ဖွဲ့က ဖြုတ်ချခဲ့တာပါ။ ကုလသမဂ္ဂကတော့ ဇင်ဘာဘွေနိုင်ငံအတွက် အမေရိကန်ဒေါ်လာသန်း ၂၉၄ သန်း အကူအညီပေးဖို့ တောင်းခံခဲ့ပြီးသားပါ။ ဒါနဲ့တင် လုံလောက်ပြီလားဆိုတော့ မဟုတ်သေးပါဘူး။ မိုးခေါင်မှုဟာ ဘယ်လောက်ထိ ပျံ့နှံ့မယ်မသိသေးပါဘူး။ ဒီထက်လည်းရန်ပုံငွေတွေ ထပ်မံလိုအပ်ဆဲပါပဲ။

ခြူးစန္ဒီနွေး

ကိုးကား- ဘီဘီစီ၊ အေအက်ဖ်ပီ