၉  သြဂုတ်

မြန်မာပြည်မြောက်ဘက်စွန်း ကချင်ပြည်နယ်အတွင်းရှိ ခါကာဘိုရာဇီဒေသတွင် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ ပါဝင်လေသည်။

ခါကာဘိုရာ ဇီအမျိုးသားဥယျာဉ်သည် ပူတာအိုခရိုင် နောင်မွန်မြို့နယ် ပန်နန်းဒင်မြို့တွင်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံး ပေ ၃၀ဝ၀ ရှိ၍ အမြင့်ဆုံးဖြစ်သည့် ခါကာဘိုရာဇီတောင်ထိပ်မှာ ၁၉၂၉၆ ပေရှိကာ ဧရိယာအကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၄၇၂ ကျယ်ဝန်းပြီး အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် ဝင့်ထည်စွာ တည်ရှိလေသည်။

သစ်တောငါးမျိုးရှိ

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဒေသတွင် ယေဘုယျအားဖြင့် သစ်တောအမျိုးအစား ငါးမျိုးရှိပြီး တစ်နှစ်ပတ်လုံးရေခဲနေ၍ အပင်ကြီးများ မပေါက်ရောက်နိုင်သည့် တောင်ပေါ် မြက်ခင်းတော၊ ရေခဲတောင်အောက်ဘက် ချိုင့်ဝှမ်းရှိသည့်နေရာတွင် ထင်းရှူးပြာများ အစုလိုက်အပြုံလိုက် ပေါက်ရောက်သည့် တောင်ပေါ်ထင်းရှူးတော၊ ပေခုနစ်ထောင်အထက်တွင် ချုံတောင်ဇလပ်နှင့် အပင်ကြီးတောင်ဇလပ်တို့ ပေါက်ရောက်သည့် တောင်ဇလပ်တော၊ ဝါးပင်၊ သစ်ပင်ကြီးများ ပေါက်ရောက်သည့် တောင်ပေါ်သမပိုင်းစွတ်စိုတောနှင့် အင်၊ ကညင်ကဲ့သို့ သစ်ခွဲ၍ရသည့် သစ်ပင်များပေါက်ရာ အပူလျော့မြေနိမ့်တော အစရှိသည့် သစ်တောအမျိုးအစား ငါးမျိုးရှိသည်။

အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ်သတ်မှတ်

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို ၁၉၉၆ ခုနှစ်ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ခါကာဘိုရာ ဇီသဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အမျိုးသားဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀ဝ၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ထိန်းသိမ်းကာကွယ်ရန်လိုအပ်

ခါကာဘိုရာဇီတောင်သည် ဟိမဝဝန္တာတောင်တန်းကြီးများနှင့်တစ်ဆက်တည်း တည်ရှိသည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် အမြင့်ဆုံးဖြစ်ကာ တစ်နှစ်ပတ်လုံးရေခဲသော တောင်တန်းကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ အသက်သွေးကြော တစ်ခုဖြစ်သည့် ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားခံရာ မေခနှင့်မလိခမြစ် စတင်စီးဆင်းခဲ့သည့် သဘာဝတောတောင်များဖြစ်၍ ရေခဲတောင်များ တစ်နှစ်ပတ်လုံးရေခဲနေနိုင်ရန်နှင့် ရေခဲတောင်များ ပျက်စီးမသွားစေရန် ယဉ်ကျေးမှုစနစ် အရသော်လည်းကောင်း၊ သဘာဝဂေဟစနစ် အရသော်လည်းကောင်း ပျက်စီးယိုယွင်းမှုမရှိစေရန် ထိန်းသိမ်း ကာကွယ်ဖို့ အရေးကြီးသည့် ဒေသတစ်ခုလည်း ဖြစ်ပေသည်။

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဒေသသို့ မရောက်မီ ပန်နန်းဒင်နှင့် နောင်မွန်ကြား၌ UNESCO တွင် မှတ်တမ်းမတင်နိုင်သေးသည့် သဘာဝပေါက်ပင်များ၊ အင်းဆက်ပိုးမွှားများ၊ ငှက်များ၊ သဘာဝတောရိုင်း တိရစ္ဆာန်များရှိနေခြင်းကြောင့် ထိန်းသိမ်းကာကွယ်ရန်အလွန်အရေးကြီးပေသည်။

ဇီဝမျိုးစုံမျိုးကွဲများ

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်း မှတ်တမ်းတင်ထားသည့် ဇီဝမျိုးစုံမျိုးကွဲများမှာ သစ်မျိုး ၂၉၇ မျိုး၊ ဝါးမျိုး ၁၃ မျိုး၊ ကြိမ် ၁၀ မျိုး၊ ဆေးဖက်ဝင်အပင် ၂၂ မျိုး၊ သစ်ခွမျိုးစိတ် ၁၀၆ မျိုး၊ သားငှက်တိရ္ဆာန်များမှ နို့တိုက်သတ္တဝါ ၄၂ မျိုး၊ ငှက်မျိုးစိတ် ၃၇၀၊ လိပ်ပြာ ၃၆၅ မျိုး၊ ကုန်းနေရေနေ သတ္တဝါများဖြစ်သည့် ဖား ၄၃ မျိုး၊ မြွေ ၃၂ မျိုး၊ လိပ် သုံးမျိုး၊ LIZARD ခြောက်မျိုးနှင့် ပိတုန်း ၄၉ မျိုးတို့ ဖြစ်ကြောင်း သိရသည်။

 

WN 002

 

မှတ်တမ်းမတင်နိုင်သေး

ခါကာဘိုရာဇီ အာဆီယံအမွေအနှစ် ဥယျာဉ်နယ်မြေအတွင်း ရှားပါးငှက်များနှင့် လိပ်ပြာအပါအဝင်မည်သည့် နေရာဒေသတွင်မျှ မတွေ့ရှိနိုင်သည့် အပင်နှင့်သတ္တဝါများ၊ သိပ္ပံမှတ်တမ်းမပြုစုနိုင်သေးသည့် သဘာဝပေါက်ပင်နှင့် သဘာဝတောရိုင်းတိရစ္ဆာန်များလည်း များစွာရှိနေပါသေးသည်။

ရှားပါးသည့်မျိုးစိတ်များ

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဒေသအတွင်း တွေ့ရှိရသည့် ရှားပါးတိရစ္ဆာန်မျိုးစိတ်များမှာ မျောက်လွှဲကျော်မျက်ကွင်းဖြူ၊ တောဆိတ်၊ ကတိုးချေနှင့် ပေတစ်သောင်းနှစ်ထောင် အထက်တွင်သာ တွေ့ရှိနိုင်ပြီး အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအစပ်တွင် နေထိုင်သည့်ရေခဲတောင်ဆိတ်တို့ ဖြစ်သည်။

တွေ့ရှိနိုင်သည့် သားငှက်တိရစ္ဆာန်များ၊ သစ်ခွများနှင့်ဆေးဖက်ဝင်အပင်များ

 

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဒေသတွင် တွေ့ရှိနိုင်သည့် သားငှက်တိရစ္ဆာန်များမှာ ပန်ဒါနီ၊ တောင်ဆိတ်နီ၊ သားမင်း၊ ကတိုးချေ၊ ဟိမဝန္တာဝက်ဝံ၊ တောဆိတ်၊ ရေခဲတောင်ဆိတ်၊ မျောက်မြီးရှည်၊ အာသံမျောက်၊ ငှက်အမျိုးအစားများအဖြစ် ဇာမဏီငှက်၊ စကလေတာမိုနာရစ်၊ ဟိမဝန္တာမိုနာရစ်၊ သွေးရစ်၊ ဟိမဝန္တာဇီးကွက်၊ သစ်ခွမျိုးစိတ်များမှာ ပူတာအိုသဇင်၊ သစ်ခွနက်၊ ဖဒလက်သစ်ခွ၊ ကျားမင်းသမီးသစ်ခွ၊ ဆေးဖက်ဝင်အပင်များဖြစ်သည့် မချစ်ဥ၊ ဂူရှား၊ အဆိပ်ဥ၊ ခန်းတောက်မြစ်၊ ဆားချီ(ခ)ဆေးပိန်းဥနှင့် ရေခဲအောက်တွင်သာ ပေါက်ရောက်ပြီး စိုက်ပျိုး၍ မရနိုင်သည့် ရှီးပဒီးတို့ဖြစ်ကာ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေသည့် ရှားပါးလိပ်ပြာအမျိုးအစားတို့ကို တွေ့ရှိနိုင်သည်။

ဗီဒီယိုဖြင့် ရှင်းလင်းပြသ

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ပြတိုက်သို့ ပြည်တွင်းခရီးသွားများသာမက နိုင်ငံတကာမှ လေ့လာရန် လာရောက်လည်ပတ်သူများလည်း ရှိနေသည့်အတွက် လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအား ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးပညာပေး ပြခန်းအတွင်း ပြသထားရှိသည့် မှတ်တမ်းဓာတ်ပုံများ ရုပ်လုံးသွင်းထားသည့် အကောင်များကို သစ်တောဝန်ထမ်းများက ဗီဒီယိုကလစ်နှင့် ရှင်းလင်းပြသပေးနေကြောင်းလည်း သိရှိရပါသည်။

 

WN 003

 

ဒေသထွက် သစ်ခွနက်နှင့် ကျားမင်းသမီးသစ်ခွ

မြန်မာပြည်တွင်ရှားပါးပြီး ပူတာအိုဒေသမှထွက်သည့် သစ်ခွမျိုးစိတ်များမှာ သစ်ခွနက်နှင့် ကျားမင်းသမီး သစ်ခွများဖြစ်ပါသည်။ ခါကာဘိုရာဇီဥယျာဉ်ခြံအတွင်း ပြသထားသောသစ်ခွများသည် ပူတာအို၊ နောင်မွန်၊ မချမ်းဘော့စသည့် ဒေသများတွင်သာ ပေါက်ရောက်သည့်သစ်ခွများဖြစ်ပြီး လာရောက်ကြည့်ရှုလေ့လာသူများအတွက် နမူနာအဖြစ် ပြသပေးထားကာ မြန်မာအမည်မတပ်ရသေးသည့် သစ်ခွမျိုးစိတ်များကိုလည်း ရှာဖွေတွေ့ရှိ မှတ်တမ်း တင်နိုင်ခဲ့သည်။

ကုန်ချောအဖြစ်သာ ထုတ်လုပ်ရောင်းချတော့မည်

ပူတာအိုဒေသမှထွက်ရှိသော ဆေးဥ၊ ဆေးမြစ်များကို ကုန်ကြမ်းအဖြစ်မရောင်းချတော့ဘဲ ကုန်ချောထုတ်လုပ်နိုင်ရန်နှင့် မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် ရည်ရွယ်၍ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားဇီဝအရင်းအမြစ် သိပ္ပံဌာန (National Institute of Biological Rese-arch) နှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းတည်ဆောက်နေသည့် ကိုရီးယားသုတေသန ဓာတ်ခွဲခန်းကို ၂၀၁၉ ခုနှစ် မတ်လမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ အောက်တိုဘာလတွင် ပြီးစီးမည်ဖြစ်ကာ အဆိုပါအဆောက်အဦ ပြီးစီးသွားပါက ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီ ကုန်ချောလှိုင်လှိုင်ထုတ်နိုင်ကာ ကုန်ကြမ်းစဉ်ဆက်မပြတ် ရရှိနိုင်ရေး စိုက်ပျိုးနည်းသင်တန်းများ ပို့ချပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မောင်းထံမှ သိရသည်။

ပူတာအိုသို့နေ့ချင်းပေါက်ပြီ

ပူတာအိုမြို့သို့သွားရောက်မည်ဆိုပါက ရန်ကုန်-မ္တလေးမြို့တို့မှ ပူတာအိုသို့ တိုက်ရိုက်လေကြောင်း ခရီးဖြင့်သွားလာနိုင်ပြီး မြစ်ကြီးနားမြို့မှ လေယာဉ်ဖြင့်သော်လည်းကောင်း၊ ကားဖြင့်သော်လည်းကောင်း သွားရောက်နိုင်ပါသည်။ယခုအခါတွင် နိုင်ငံတော်အစိုးရအနေဖြင့် မြစ်ကြီးနား-ပူတာအို ကားလမ်းတွင် လမ်းများ၊ တံတားများ ပြုပြင်ထားပြီးဖြစ်ရာ မြစ်ကြီးနားမှ ပူတာအိုသို့ ၁၂ နာရီကြာမျှ ကားစီးပြီးသွားလျှင်ဖြင့် ယခင်က လေယာဉ်ဖြင့်သာ ခရီးပေါက်သော၊ ရိက္ခာပို့သော ယာဉ်တန်းများ လနှင့်ချီ၍သွားရသောခရီးအား နေ့ချင်းပေါက်ရောက်နိုင်ပြီဖြစ်သောကြောင့် သဘာဝ၏အလှအပ တောတောင်ရှုခင်းများနှင့် လူတို့ မတို့မထိရသေးသည့် သဘာဝအလှတရားများ ရှိနေခြင်းကြောင့် သွားရောက်လည်ပတ်သင့်သည့် နေရာဒေသတစ်ခုဖြစ်ပါသည်။

လည်ပတ်သင့်သည့်ကာလ

ခါကာဘိုရာဇီ အာဆီယံအမွေအနှစ် ဥယျာဉ်ဒေသသို့ စာရေးသူတို့ ရောက်ရှိခဲ့သည့်ကာလမှာ ဧပြီလအကုန် မေလဆန်းပိုင်းဖြစ်၍ နွေရာသီ၏ နှောင်းပိုင်းရက်များအတွင်း မိုးရိပ်များသန်းကာ မိုးဖွဲဖွဲကလေးများ ဆက်တိုက်ရွာသွန်းနေသော ကာလဖြစ်၍ ဆယ့်နှစ်လရာသီအချိန်ခါမရွေး မိုးသံပေးနေဆိုသည့် ဆွမ်ပရာဘွမ်သီချင်းထဲကအတိုင်း မိုးများစွေနေသောကာလ ဖြစ်ပါသည်။

ပူတာအိုဒေသသို့ သွားရောက်လည်ပတ်မည်ဆိုပါက ပွင့်လင်းရာသီဖြစ်သည့် ဆောင်းတွင်းကုန်ခါစ ဖေဖော်ဝါရီလမှ မေလဆန်းပိုင်းတွင် သွားရောက်လည်ပတ်သင့်ပါသည်။ တောင်ဇလပ်ပန်းနီနီရဲရဲတို့လှိုင်လှိုင်ပွင့်ချိန်၊ ဆွမ်ပရာဘွမ်နှင့် ပူတာအိုကားလမ်းကြားက နက်စောက်သော လျှိုမြောင်များနှင့် တိမ်ပင်လယ် ဖွေးဖွေးများအပေါ်က ဖြတ်သန်းသွားရသည့် စိတ်ကြည်နူးဖွယ်ရာ တောတောင်အလှအပများကို ကိုယ်တိုင်ကြည့်ရှုခံစားနိုင်ပါသည်။

ပူတာအိုမြို့မှလည်ပတ်စရာနေရာများ

ပူတာအိုပတ်ဝန်းကျင်တွင်ရှိသည့် ပူတာအိုအစ ပူတောင်းကဟု ထင်ရှားကျော်ကြားခဲ့သည့် ပူတောင်းကျေးရွာ၊ ရာဇဝင်ထဲက ကျောက်ဖြစ်သွားသည့် ကျောက်နဂါး၊ ကောင်းမှုလုံစေတီတော်နှင့် ကြိုးတံတား၊ မလိခမြစ်ပေါ်တွင် တည်ဆောက်ထားသည့် မလိခမြစ်ကူးတံတား၊ မူလာရှီးဒီကြိုးတံတား၊ မလိခမြစ်အတွင်းတည်ရှိသည့် နတ်ကျွန်း စသည့် အထင်ကရနေရာများကိုလည်း သွားရောက်လည်ပတ်နိုင်ပါကြောင်း တင်ပြအပ်ပါသည်။ ။

ဝင်းနိုင်(ကချင်မြေ)