၉ သြဂုတ်
အခုနောက်ပိုင်းဈေးကွက်ထဲမှာ ပရိုတင်းဖြည့်စွက်စာတွေက အရင်ကထက်ပိုများလာတယ်နော်။ ခန္ဓာကိုယ်အားပြည့်နေစေဖို့တင်မဟုတ်ဘဲ ကြွက်သားတွေသန်မာစေဖို့အတွက်ပါ ပရိုတင်းဖြည့်စွက်စာတွေကို အသုံးပြုလာကြပါတယ်။ ဒီနေရာမှာ ပြောစရာတစ်ခု ရှိလာတာက ခန္ဓာကိုယ်ကျန်းမာနေစေဖို့နဲ့ ကြွက်သားတွေ သန်မာစေဖို့အတွက် ပရိုတင်းဖြည့်စွက်စာတွေက တကယ်ပဲလိုအပ်လားဆိုတာပါ။
ခန္ဓာကိုယ်က ပရိုတင်းကို ဘယ်လိုအသုံးပြုလဲ။
ပရိုတင်းက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းမှာ ရှိနေတာပါ။ ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက်လည်း ပရိုတင်းကိုတော်တော်လေး လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် တစ်ခုဖြစ်သလို ခန္ဓာကိုယ်မှာ အများဆုံးရှိနေတဲ့ အာဟာရဓာတ်တွေထဲကတစ်ခုဆိုလည်း ဟုတ်ပါတယ်။
ပရိုတင်းမှာခန္ဓာကိုယ်အတွက် မဖြစ်မနေ လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ပါဝင်နေပါတယ်။ ပရိုတင်းစားလိုက်တဲ့အခါ ခန္ဓာကိုယ်က ဆဲလ်အဟောင်းတွေနေရာမှာ အစားထိုးနိုင်မယ့် ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့၊ တစ်ရှုးတွေ ဖြစ်ပေါ်စေဖို့၊ ဆံပင်နဲ့ လက်သည်းခြေသည်းတွေ အသစ်ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်အဖြစ် ဖြိုခွဲအသုံးပြုမှာဖြစ်ပါတယ်။
အမျိုးသားနဲ့အမျိုးသမီး ပရိုတင်းလိုအပ်ချက်ကွာခြားမှုရှိလား။
အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အာဟာရလိုအပ်ချက်က ကွာခြားမှုရှိနိုင်ပါတယ်။ အမျိုးသားတွေက ခန္ဓာကိုယ်ဖွဲ့စည်းပုံအရကြောင့်ရော ကြွက်သားတွေကြောင့်ပါ အမျိုးသမီးတွေထက် ပရိုတင်းပမာဏ ပိုမိုလိုအပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ အမျိုးသားတစ်ယောက်ကတစ်နေ့ကို ပရိုတင်းပမာဏ ၅၆ ဂရမ်လိုအပ်ပြီး အမျိုးသမီးတစ်ယောက်က တစ်နေ့ကို ပရိုတင်းပမာဏ ၄၆ ဂရမ်နီးပါးလိုအပ်မှာပါ။ ဒါပေမယ့် ပုံမှန်အားဖြင့် အမျိုးသားတစ်ဦးက တစ်နေ့တာမှာ ပရိုတင်း ၁၀ဝ ဂရမ်နီးပါးလောက် စားသုံးနေကြပြီး အမျိုးသမီးတွေကတော့ တစ်နေ့တာမှာ ပရိုတင်းပမာဏ ၇၀ ဂရမ်လောက်ကိုစားသုံးနေကြပါတယ်။
နည်းလည်းမကောင်းသလို များလည်းမကောင်းတဲ့ ပရိုတင်း
ပရိုတင်းလုံလောက်စွာ မစားသုံးမှုက ကျန်းမာရေးပြဿနာ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ပရိုတင်း လုံလောက်စွာ မစားသုံးမှုက ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အမိုင်နိုအက်ဆစ် မရရှိတာမျိုးကိုဖြစ်စေနိုင်ပါတယ်။ ပရိုတင်းနည်းလာတဲ့အခါ ခန္ဓာကိုယ်မှာ ကြွက်သားတွေ အားနည်းလာမယ်။ နွလုံးအပါအဝင် အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေမှာ ပါထိခိုက်လာစေမှာဖြစ်ပါတယ်။
ပရိုတင်း မလုံလောက်ရင်ပြဿနာရှိနိုင်သလို ပရိုတင်းများလွန်းတာကလည်း ခန္ဓာကိုယ်အတွက်မကောင်းပါဘူး။ ပရိုတင်းကလိုအပ်တဲ့ ပမာဏထက်များလာတဲ့အခါ ခန္ဓာကိုယ်ကပိုလျှံနေတဲ့ပရိုတင်းတွေကို အဆီအဖြစ်နဲ့ သိမ်းထားလိုက်ပါတယ်။ ဒီအဆီတွေက ကိုယ်အလေးချိန်တက်စေနိုင်သလို အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေကိုလည်းခံစားရနိုင်ပါတယ်။ ဒါ့အပြင့် ပရိုတင်းလိုအပ်တဲ့ ပမာဏထက်ပိုများနေတာက ကျောက်ကပ်ကိုအလုပ်ပိုစေပြီး ရေရှည်မှာ ကျောက်ကပ်ထိခိုက်လာစေနိုင်ပါတယ်။
ပရိုတင်းရရှိစေမယ့် အစားအစာတွေက ဘာတွေဖြစ်မလဲ။
ပရိုတင်းရရှိစေမယ့် အစားအစာတွေကို ပုံမှန်စားသုံးပေးတာက လိုအပ်တဲ့ ပရိုတင်းပမာဏကို အလုံအလောက်ရရှိစေမှာပ။ ဒီတော့ ဘာတွေစားကြမလဲ။
ဆယ်လ်မွန်ငါး
တူနာငါး
ကြက်သား
ကြက်ဆင်သား
အမဲသား
ဝက်သား
ဥအမျိုးမျိုး
အခြံမာသီး
အစေ့အဆန်
ပဲအမျိုးမျိုး
ကုလားပဲ
ပဲပြား
မြေပဲ
မြေပဲထောပတ်
နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးပေးသင့်ပါတယ်။
ဘယ်လိုအခြေအနေမှာ ပရိုတင်းဖြည့်စွက်စာလိုအပ်မလဲ။
အစာအာဟာရတွေကနေပရိုတင်းတွေရတာမှန်ပေမယ့် ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ ပရိုတင်းဖြည့်စွက်စာ တွေက အဆင်ပြေဆုံးဖြစ်မှာပါ။
နလန်ထလူနာတွေ
ထိခိုက်ဒဏ်ရာရထားသူတွေ
ကြွက်သားတက်အောင်လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေ
ကြီးထွားဖွံ့ဖြိုးစ လူငယ်တွေ
သက်သတ်လွတ်စားသုံးနေသူတွေကတော့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းပမာဏကို ပြည့်ပြည့်ဝဝရရှိစေဖို့ အစားအသောက်တွေစားသုံးတာအပြင် ပရိုတင်းဖြည့်စွက်စာတွေကို မှီဝဲဖို့လိုအပ်မှာပါ။
နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ပရိုတင်းက လိုရင်မကောင်းသလို ပိုရင်လည်း မကောင်းတာကြောင့် အစားအစာကနေပဲ အဓိကရယူစေချင်ပါတယ်။
အပေါ်မှာပြောခဲ့သလို အခြေအနေတစ်ရပ်ရပ်ဖြစ်နေမယ်ဆိုရင်တော့ လိုအပ်တဲ့ ပရိုတင်းပမာဏ ပြည့်ဝစွာရရှိစေဖို့အတွက် ပရိုတင်းဖြည့်စွက်စာတွေကို စားသုံးပေးဖို့ပြောပါရစေနော်။
ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”