နေပြည်တော် ၅  ဇန်နဝါရီ 

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့နံနက်ပိုင်းက ဟောင်ကောင်-မကာအို-မြန်မာ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Dr.Lin Khin Wan နှင့်အဖွဲ့ကို နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့သည်။ 

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် Digital Marketing ကို ဈေးကွက်အလိုက် အစိုးရနှင့်ပုဂ္ဂလိကပိုင်းတို့ အစုအဖွဲ့များစုဖွဲ့၍ အကောင်းအထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအတွင်း ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များတွင် Manual စနစ်လျော့ချရေး၊ စာရင်အင်းအချက် အလက်များကို စနစ်တကျ ထိမ်းသိမ်းထားရှိနိုင်ရေး၊ လွယ်ကူလျင်မြန်စွာဖြင့်မျှဝေအသုံးပြုနိုင်ရေး၊ Paper အသုံးပြုမှုလျော့ချနိုင်ရေးတို့အတွက် သင့်လျော်သော Digital နည်းပညာများဖြင့် ပြောင်းလဲအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ICT ကျွမ်းကျင်ဝန်ထမ်းများ ပိုမိုတိုးတက်လာစေရေးအတွက် လိုအပ်သော သင်တန်းများပို့ချရေး၊ Tourism web portal ထူထောင်ရေးတို့ ဆောင်ရွက်ရာတွင် လိုအပ်သော အကြံပြုချက်၊ နည်းပညာပံ့ပိုးမှုများ ပေးနိုင်ပါရန်နှင့် ၎င်းအပြင် ဟောင်ကောင်မှခရီးသွား အေဂျင်စီများကို မြန်မာနိုင်ငံသို့ လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြစေရေး ဝိုင်းဝန်းဆွေးနွေး ကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က Digital Marketing နှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကိုရှင်းလင်းတင်ပြပြီး ဟောင်ကောင်-မကာအို-မြန်မာ ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ Dr.Lin Khin Wan နှင့် GTMH telecom မှ  Chief Operation Officer Mr. Derek Hellmons တို့က ခရီးသွားလုပ်ငန်းအတွက် Digital နည်းပညာဖြင့် ခရီးသွားလာရေးကဏ္ဍ မြင့်တင်ဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဗရတ်ဆင်း၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး Digital နည်းပညာကို အသုံးပြု၍ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ဟောင်ကောင်၊ မကာအိုဒေသများမှ ခရီးသည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်ရေးအတွက် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

MDN