ကသာ   ၅  ဇန်နဝါရီ   

 

ကမ္ဘာကျော်ဝတ္ထုဖြစ်သည့် Burmese Day ဝတ္ထု၏ ဇာတ်ကောင်မြို့ဖြစ်သည့် ကသာမြို့ရှိ ဇာတ်ဝင်ခန်း နေအိမ်အဆောက်အဦများနှင့် လမ်းများကို နဂိုပုံစံအတိုင်းထားရှိပေးရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကသာရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

 

ကသာမြို့တွင် ကိုလိုနီခေတ်လက်ရာ ရှေးဟောင်းအိမ်တစ်ဒါဇင်ကျော်ရှိကြောင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်းစာသော အိမ်မှာစာရေးဆရာကြီး ဂျော့အိုဝဲလ်အိမ်နှင့်  ပထမဆုံးအရေးပိုင်မင်းတို့၏ အိမ်ဖြစ်ကြောင်း၊ အဆိုပါ အိမ်နှစ်လုံးကို ဒေသဆိုင်ရာပြတိုက်အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိတွင် အရေးပိုင်မင်း၏ အိမ်ကို  ဒေသဆိုင်ရာပြတိုက်အဖြစ် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့်  Burmese Day ဝတ္ထုထဲက ဇာတ်ဝင်ခန်း နေအိမ်အဆောက်အဦများနှင့် လမ်းများကို နဂိုပုံစံအတိုင်းထားရှိပေးရန် ဆောင်ရွက်နေကြောင်း ကသာရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့  အတွင်းရေးမှူး ဦးညိုကိုနိုင်က ပြောပြသည်။

 

''တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားပေးပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်နေပါတယ်။ ဝန်ကြီးချုပ်ကလည်း ဒီဟာကို စိတ်ဝင်စားတယ်။ Burmese Day ဝတ္ထုထဲက မြို့လေးက ဒီမြို့လေး ဖြစ်တယ်၊ အဲဒီထဲက အခင်းအကျင်းတွေအကုန်လုံးကို အဲအတိုင်းရှိနေတယ်။ ဇာတ်ဝင်ခန်း အိမ်တွေရှိတယ်၊ ဇာတ်ဝင်းခန်း လမ်းတွေရှိတယ်။ ပြည်ပခရီးသွားတွေက ဒါကို Old Town အနေနဲ့ စိတ်ဝင်းစားပြီး လာရောက် လည်ပတ်တယ်။ ဒီမြို့ကနောက် နှစ်တစ်ရာအတွင်း ဘယ်လောက်ပြောင်းလဲပြောင်းလဲ Old Town အဖြစ်ပဲထားရှိရမယ်။ Tourism အတွက်အားပြုတဲ့နေရာဖြစ်တယ်။ ခရီးသွားလုပ်ငန်းဖွံဖြိုးလာရင် ဒီကရတဲ့ ဝင်ငွေတွေက နိုင်ငံတော်အကျိုးပြုတယ်။ ဒေသခံတွေအတွက်လည်း အလုပ်ကိုင်အခွင့်အလမ်းတွေ ဒီနေရာက ဆက်စပ်အကျိုးပြုရရှိသွားမှာမို့ ဒီအိမ်တွေကို ဒီအတိုင်းထားပေးဖို့ တိုင်းဒေသကြီးအစိုးရဆီကို တင်ပြထားတယ်။'' ဟု ၎င်းကပြောပြသည်။

 

ကမ္ဘာ့ စာပေသမိုင်းတွင်ထင်ရှားသည့် စာရေးဆရာကြီး ဂျော့အိုဝဲလ်၏ Burmese Day ဝတ္ထုထဲက အခင်းအကျင်းများ၊ ဇာတ်ဝင်ခန်း အိမ်၊ လမ်းများ လက်ရှိအချိန်ထိ ရှိနေသည်ကို ကမ္ဘာလှည့်ခရီးသွားများက Walking to burmese day အဖြစ် စိတ်ဝင်တစား လာရောက်လေ့လာလေ့ရှိသောကြောင့်  Town Plan တွင် နှစ်တစ်ရာအဆောက်အဦများအား မူလအတိုင်းထားရှိရန်တင်ပြထားကြောင်း၊ ထိုသို့တင်ပြထားရှိမှုသည်လည်း ကိုလိုနီစနစ်အား အားကျ၍ အဆောက်အဦများအား ထိန်းသိမ်းလိုခြင်းမဟုတ်ကြောင်း၊ ကမ္ဘာ့စာပေထဲမှ မြို့တစ်မြို့ဖြစ်သည့်အတွက် ကသာမြို့ရှိ ကိုလိုနီခေတ်အဆောက်အအုံများအား ထိန်းသိမ်းရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသည်။

 

“လက်ရှိ ရှိနေတဲ့ နှစ်တစ်ရာအဆောက်အအုံ၊ အိမ်တွေဝန်းတွေထဲမှာ အခြားအဆောက်အဦတွေ မလုပ်ဖို့လိုပါတယ်။ ဌာနဆိုင်ရာအိမ်တွေကိုဆိုတော့ အိမ်ရဲ့ပတ်လည်မှာ ရုံးတွေဆောက်ချင်တယ်။ ဒါကိုက ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။ ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေမှာလည်း ရှေးဟောင်းအဆောက်အဦ ပရဝဏ်အတွင်း ဘာမှဆောက်လုပ်ခွင့် မရှိပါဘူး။ ကသာမှာရှိတဲ့ ကိုလိုနီခေတ်လက်ရာအိမ်တွေကို တိုင်းဒေသကြီးအစိုးရ အကူအညီနဲ့ ထိန်းသိမ်းစောင့်ရှောက် သွားမှာပါ'' ဟု ကသာရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အတွင်းရေးမှူး ဦးညိုကိုနိုင်က ပြောသည်။

 

ကသာမြို့သို့  ကမ္ဘာ့လှည့် ခရီးသွားများသည် ကုန်းလမ်းခရီးမှ လာရောက်လည်ပတ်မှု နည်းပါပြီး မန္တလေးမြို့မှ ဧရာဝတီမြစ်အတိုင်း သင်္ဘောများဖြင့် အများဆုံးလာရောက်လည်ပတ်လေ့ရှိကြောင်း၊ ကသာမြို့သို့ တစ်လလျှင် ခရီးသွား သင်္ဘောဆယ်စီးကျော်ဝင်ရောက်လေ့ရှိပြီး သင်္ဘောတစ်စီးလျှင် နိုင်ငံခြားခရီးသွားဧည့်သည် ဦးရေ ၂၀ မှ ၇၀  ပါလေ့ရှိကြောင်း ကသာရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံက သိရသည်။

 

ကမ္ဘာ့လှည့်ခရီးသွားများသည် ထိုသို့ခရီးသွားသင်္ဘောဖြင့် လာရောက်ခြင်းသည် သင်္ဘောပေါ်၌ အစားအသောက် တည်းခိုစရာနေရာ တစ်ပါတည်းပါ ရှိသောကြောင့် ကသာမြို့ခံများအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးသောကြောင့် ရထားလမ်း၊ ကားလမ်းများမှ နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ရောက်လာစေရန် အတွက်လည်း ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)

 

FB_IMG_1546597632082.