မောင်ခင်မင် (ဓနုဖြူ)
‘‘သမီးပါ ဆရာကြီး’’
“သြော်၊ အေး...အေး။ မလာတာကြာပြီ။ ဆရာက ဘယ်သူလဲလို့ စဉ်းစားနေတာ’’
“ဟုတ်ကဲ့။ သမီး နယ်မှာတာဝန်ကျနေတာ နှစ်နှစ်ရှိပါပြီ။ ခုမှ ရန်ကုန်ပြန်ပြောင်းရလို့ ဆရာကြီးဆီ မရောက်တာပါ’’
“ဟုတ်ပါပြီ။ ကဲ... ပြောစရာတစ်ခုခုရှိသလား’’
“ဟုတ်ကဲ့၊ ရှိပါတယ်။ ဆရာကြီးကို မေးချင်လို့ပါ။ လွန်ခဲ့တဲ့တစ်ပတ်လောက်က ရုပ်မြင်သံကြားက အသံလွှင့်ကြေညာတဲ့ သတင်းတစ်ခုမှာ သမီးသေသေချာချာ မသိတဲ့ စကားတစ်လုံး ကြားလိုက်လို့ပါ’’
“ဘာပါလိမ့်’’
“ ‘အနုံညာတတရားရုံး’ ဆိုတဲ့ စကားလုံးပါ။ ဒါပေမယ့် နောက်ရက်တွေမှာ အဲဒီသတင်းကို သတင်းစာမှာ ‘အနုညာတ’ လို့ တွေ့ရပါတယ်။ အဲဒါ သတင်းကြေညာတဲ့သူက ‘အနုညာတ’ ကို ‘အနုံညာတ’ လို့ မှားဖတ်တယ်ထင်လို့ပါ ဆရာကြီး။ ဘယ်ဟာ မှန်သလဲ လို့ သိချင်လို့ပါ’’
“အင်း... သတင်းကြေညာတဲ့သူတွေက မကြာခဏ မှားဖတ်တတ်ကြတော့ ဒါလည်း မှားဖတ်တာဖြစ်မယ်လို့ သမီးက ထင်တာပေါ့။ ဟုတ်လား’’
“ဟုတ်ပါတယ် ဆရာကြီး’’
“ဒီစကားမှာတော့ သတင်းကြေညာတဲ့သူ ဖတ်တာက အမှန်ပဲသမီးရဲ့။ ရေးထားတာက ‘အနု ညာတ’ လို့ ရေးထားပေမယ့် ဖတ်ရင် ‘အနုံညာတ’ လို့ ဖတ်ရတယ်’’
“ဟုတ်ကဲ့ပါ။ ဘာဖြစ်လို့ အဲဒီလိုဖတ်ရတာလဲ ဆရာကြီး’’
“ကဲ... ဟောဒီမှာ မြန်မာအဘိဓာန်ရှိတယ်။ ၂၀၁၈ ခုနှစ်က မြန်မာစာအဖွဲ့က တတိယအကြိမ် တည်းဖြတ်ပြီး ထုတ်ထားတဲ့ အဘိဓာန်ပဲ။ အဲဒီထဲမှာ သမီးပြောတဲ့ စကားလုံးကို ရှာကြည့်စမ်း’’
“ဟုတ်ကဲ့။ ဟော... တွေ့ပါပြီ ဆရာကြီး။ စာမျက် နှာ ၃၉၆ မှာပါ’’
“အဲဒီစကားလုံးကို တည်ပုဒ်လို့ ခေါ်တာပေါ့။ အနက်ဖွင့်ရမယ့် စကားလုံးလေ။ ဘေးမှာ မျဉ်းစောင်း နှစ်ခုကြားမှာ အသံထွက်ကို ပြထားတယ်။ ဘယ်လို အသံထွက်တယ်တဲ့လဲ’’
“ဟာ၊ ဟုတ်ပါရဲ့ ။ /အနုန်ညာတာ့/လို့ ပြထားပါတယ်။ ပြီးတော့ အနက်နှစ်ခုပေးထားပါတယ်။ ၁၊ တရားပြိုင်နှစ်ဖက် သဘောတူတင်မြှောက်ထားသော (တရားသူကြီး)။ ၂၊ သဘောတူခွင့်ပြုထားသော- ဆိုတဲ့ အနက်တွေပါ ဆရာကြီး’’
“ဟုတ်ပြီ။ မျဉ်းစောင်းနှစ်ခုကြားမှာ ပြတဲ့စာလုံးတွေက အသံထွက်ကိုပြဖို့ စနစ်တစ်ခုလုပ်ထားတာ လေ။ /အနုန်ညာတာ့/လို့ အသံထွက်ပြထားတဲ့အတိုင်း အသံထွက်ရမှာပေါ့’’
“ဟုတ်ကဲ့။ နားလည်ပါပြီ ဆရာကြီး။ အနုညာတလို ရေးထားတာကို ဘာဖြစ်လို့ /အနုန်ညာတာ့/လို့ အသံထွက်ရတယ်ဆိုတာလည်း သိပါရစေ’’
“အနုညာတာလို့ရေးပြီး /အနုန်ညာတာ့/လို့ အသံထွက်တာမဟုတ်ဘူး သမီးရဲ့ ။ /အနုန်ညာတာ့/ ကို အသံထွက်တဲ့အတိုင်းပဲ ရေးထားတာပါ။ အဲဒီ ‘အနုညာတ’ ဆိုတဲ့ စကားလုံးက ပါဠိစကားလုံးဖြစ်နေလို့ ပါဠိနည်းအတိုင်း ရေးထားလို့ပါ’’
“ရှင်။ အဲဒါ ဘာဆိုလိုတာလဲ ဆရာကြီး။ သမီး နားမလည်လို့ပါ’’
“ဆရာ အရင်တစ်ခါရှင်းပြပြီးပါပြီ။ အဲဒီမှာ အရေး ကြီးတာက ‘ည’ နှစ်မျိုးရှိတာ ခွဲသိဖို့ပဲ”
‘‘ရှင်။ ဘယ်လို ‘ည’ နှစ်မျိုးပါလဲ ဆရာကြီး’’
“လွယ်လွယ်ပြောရရင် ‘မြန်မာည’ နဲ့ ‘ပါဠိဉ’ ပေါ့’’
“အဲဒါလည်း သမီးနားမလည်ပါဘူး ဆရာကြီး’’
“ ‘ဉ’ ဆိုတဲ့စာလုံးဟာ မြန်မာစာမှာတော့ ‘ည’ တစ်လုံးတည်းပဲ။ /ညာ့/လို့ပဲ အသံထွက်တယ်။ ပါဠိ မှာတော့ ‘ဉ’ နှစ်လုံးကို ဆင့်ထားတာလေ။ ‘ဉ’ ကလေး နဲ့ ညကြီးလို့ ခွဲနိုင်တယ် ။ ‘ဉ’ ကလေးနှစ်လုံးဆင့်လိုက်တော့ ညကြီးဖြစ်သွားတာပေါ့။ ပုံသေနည်းကို ရေးပြ ရရင် ဉ+ဥ = ည လို့ ရေးရမှာပေါ့’’ (ရေးပြလိုက်ပါသည်။)’’ဟုတ်ကဲ့ပါ’’’’အဲဒီ ‘ဉ’ နှစ်လုံးမှာ ရှေ့က ‘ဉ ‘ ကို အသတ်ပါ တယ်လို့ သဘောထားရတယ် ‘ဉ် ‘ပေါ့’’ (ဉ်ကိုရေးပြပါသည်။)’’
“သြော် ဟုတ်ကဲ့’’
“သာဓကပြရင် ‘ပုည’ ဆိုတဲ့ စကားလုံးကို ဘယ်လိုအသံထွက်သလဲ”
“/ပုန်ညာ့/လို့ ထွက်ပါတယ် ဆရာကြီး’’
‘‘ ‘ပုည’ လို့ရေးပြီး ဘာဖြစ်လို့ /ပုညာ့/လို့ အသံမထွက်ဘဲ။ /ပုန်ညာ့/လို့ ထွက်ရတာလဲ’’
“သမီး မသိပါဘူး ဆရာကြီး’’
“ခုနပြောတယ်လေ။ ဉ နှစ်လုံးဆင့်ဆိုရင် ရှေ့က ဉ ကိုအသတ်ပါတယ်လို့ သဘောထားရမယ်လို့။ ဒီတော့ ‘ပုည’ ဟာ ပါဠိစကားမို့ ‘ည’ ကို ခွဲလိုက်ရင် ‘ပုဉ်+ဉ’ ပေါ့။ သဘောပေါက်ရဲ့လား’’
‘‘ဒီတော့ ပုဉ်+ဉ ကို အသံထွက်ရင် /ပုန်ညာ့/ ပေါ့ကွယ်။ ကဲ...အဲဒီလို ‘ည’ ပါတဲ့ ပါဠိစကားလုံးတွေ စဉ်းစားကြည့်ပါလား’’
“ပညာပါ ဆရာကြီး’’
“ဟုတ်တယ် ပညာဟာ ပါဠိစကားလုံးမို့ ‘ည’က လည်း ‘ဉ’ နှစ်လုံးဆင့်ထားတာလေ။ ဒီတော့ ခွဲလိုက်ရင် ပဉ်+ညပေါ့။ ဖတ်တော့ ပျင်ညာလို့ ယပင်းသံကလေးနဲ့ ဖတ်တာပေါ့’’
“ဟုတ်ကဲ့ပါ’’
“တခြားစကားလုံးတွေ ရှိပါသေးတယ်။ ‘သုည’ /သုန်ညာ့/၊ ဝိဉာဉ်/ဝိန်ညင်/၊ သညာ/သင်ညာ/၊ အညမည/အင်ညာ့မင်ညာ့/ဆိုတဲ့ အသံထွက်တွေ ကိုကြည့်ရင် ‘ပါဠိည’ မှာ ရှေ့က ‘ဉ’ ကို အသတ်သံ ထွက်ရတယ်ဆိုတာ သိနိုင်ပါတယ်’’
“ဟုတ်ကဲ့ပါ’’
“ဒီတော့ ‘အနုညာတ’ ဟာလည်း ပါဠိစကားမို့ ‘ည’ ကို ခွဲလိုက်ရင် အနုညာတ = ‘အနုဉ်+ဉာတ’ လို့ ခွဲနိုင်တာပေါ့။ ဒီတော့ /အနုန်ဉာတာ့/လို့ အသံထွက်တာပေါ့ကွယ်’’
“နားလည်ပါပြီ ဆရာကြီး’’
“ကဲ ‘မြန်မာည’ ဆိုရင်တော့ အသတ်သံမထွက်ဘူးနော်။ ‘ပုည’ ကို /ပုန်ညာ့/လို့ ထွက်ပေမယ့် ယခု ‘ည’ ကျတော့ /ယခုန် ညာ့/လို့ မထွက်ဘူးလေ။ ‘ယခုည’ ဆိုတာ မြန်မာစကားပဲ။ ဒီတော့ /ယခုညာ့/ လို့ပဲ ထွက်တာပေါ့”
“သဘောပေါက်ပါပြီ ဆရာကြီး’’
“ပြောလက်စနဲ့ အဲဒီလို ရှေ့ကစလုံးကို အသတ်သံ ထွက်ရတဲ့ စာလုံးတစ်လုံးရှိသေးတယ်။ လည်ရစ်ပါတဲ့ ‘ဋ္ဌ’ လေ’’
“ဟုတ်ကဲ့ပါ’’
“ဋ္ဌ ဆိုတာ ဋနဲ့ဌ ဆင့်ထားတာလေ။ ‘ဋ+ဌ=ဋ္ဌ’လို့ ပြနိုင်တာပေါ့။ ရှေ့က ‘ဋ’ မှာ အသတ်ပါတယ်လို့ သဘောထားရတယ်’’
“အရင်က ဆရာပြောဖူးပါတယ်။ ပဌမဆိုရင် /ပထမာ့/လို့ပဲ အသံထွက်ရတယ်။ ‘ဌ’ က လည်ရစ် မပါဘူး။ ‘အဋ္ဌမ’ ကျတော့ /အတ်ထမာ့/လို့ အသံထွက်ရတယ်။ ‘ဋ္ဌ’က ‘ဋ’နဲ့ ‘ဌ’ ဆင့်ထားတာဆိုတော့ ခွဲလိုက်ရင် အဋ်+ဌ မပေါ့။ ဒါကြောင့် အသတ်သံထွက်ရ တာလေ’’
“ဟုတ်ကဲ့ပါ’’
“အဲဒီလိုပဲ ဆဋ္ဌ/ဆတ်ထာ့/၊ ဒိဋ္ဌ (ဒိတ်ထာ့/ ဆိုတဲ့စကားလုံးတွေကို အသံထွက်ရင်လည်း ရှေ့က စာလုံးကို အသတ်သံထွက်ရတယ်မဟုတ်လား။ အဲဒါတွေ သတိထားလိုက်ရင် မှန်မှန်ကန်ကန် အသံထွက် နိုင်တာပေါ့”
“ဟုတ်ကဲ့ နားလည်ပါပြီ ဆရာကြီး’’
“အထူးသဖြင့် သမီးမေးတဲ့ ‘အနုညာတ’ လို စကားလုံးမျိုးမှာ ‘ည’ ဟာ ‘မြန်မာည’ လား၊ ‘ပါဠိည’ လားဆိုတာ ကွဲကွဲပြားပြား သိဖို့လိုတာပေါ့။ ‘မြန်မာည’ ဆိုရင်တော့ ‘ည’တစ်လုံးတည်းလို့ပဲ ယူဆရတာပေါ့။ ‘ည’ ကြီးလို့လည်း ခွဲပြီးခေါ်တယ်။ ‘ဉ’ ကတော့ ‘ဥ’ ကလေးပေါ့။ အဲ မြန်မာစာမှာတော့ ‘ဥ’ ကလေးက အသတ်နဲ့ပဲ ရှိတယ်လေ။ ‘ယဉ်၊ စဉ်၊ ကြဉ်’ ဆိုတာမျိုး တွေပေါ့’’
“ဟုတ်ကဲ့ပါ’’
“ကဲ... ကွဲပြားအောင် သာဓကတစ်ခုပြောမယ်။ ‘အနုညာတ’ နဲ့ ခပ်ဆင်ဆင်ပေါ့။ ‘အနု’ ဆိုတဲ့ မိန်းကလေးက လိမ်ညာပြောတယ်ဆိုတဲ့အကြောင်းကို ပြောရင် သမီးဘယ်လိုပြောမလဲ’’
“အင်း... ဒီကိစ္စမှာ ‘အနုညာတာ’ လို့ ပြောပါမယ်။ ‘အနုညာတယ်’ လို့ ပြောရင်လည်း ရမယ်ထင်ပါတယ် ဆရာကြီး’’
“ဟုတ်တာပေါ့။ ‘အနုညာတာ’ လို့ ပြောတယ် ဆိုပါတော့။ ‘အနုညာတ’ ကျတော့ /အနုန်ညာတာ့/ လို့ အသတ်သံထွက်ပြီး ‘အနုညာတာ’ ကျတော့ ဘာဖြစ်လို့ အသံမပြောင်းတာလဲ’’
“အနုညာတာမှာ ညာက မြန်မာစကားမို့ မြန်မာ ‘ည’ ဖြစ်နေတဲ့အတွက် အသတ်သံမထွက်ရတာပါ ဆရာကြီး’’
“ဟုတ်ပါပြီ။ အနုညာတာကို ‘အနုန်ညာတာ’ လို့ အသံမထွက်ဘူးဆိုတာ မြန်မာစကားတတ်သူတိုင်း သိပါတယ်။ အနုညာတ ကတော့ ပါဠိစကားမို့ အသတ်သံနဲ့ ထွက်ရတာပါကွယ်’’
မြန်မာ့အလင်း