mdn

ခြူးစန္ဒီနွေး - ရေးသားသည်

 

အာဖဂန်ပြည်တွင်းစစ် ၁၈ နှစ် ကြာမြင့်လာပြီးတဲ့နောက် အမေရိကန်ဟာ တစ်ဖန်ပြန်ပြီး အာဖဂန် ငြိမ်းချမ်းရေးအတွက် ပြင်ဆင်မှုတွေ ထပ်မံပြုလုပ်လာပါတယ်။ အမေရိကန်သံတမန်တွေနဲ့ တာလီဘန်တို့ကြား လပေါင်းများစွာကြာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီချက် မူဘောင်ကို ချမှတ်နိုင်ပြီး မကြာမီအချိန်အတွင်းမှာ အများကို အသိပေးကြေညာလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

 

အလှမ်းဝေးကွာနေဆဲ

 

အဲဒီသဘောတူညီချက်ကတော့ ရွေးကောက်ခံအာဖဂန် ခေါင်းဆောင်တွေနဲ့ တာလီဘန်တို့ကြား တိုက်ရိုက် ဆွေးနွေးပွဲအတွက် ပြေပြစ်တဲ့ဆက်ဆံရေးကို ဦးတည်သွားလိမ့်မယ်လို့ခန့်မှန်းထားပေမယ့် လက်ရှိအစိုးရနဲ့ တာလီဘန်တို့ကြားဆက်ဆံရေးအတွက် မျှော်လင့်ချက်ဟာ ဝိုးတဝါးအခြေအနေမှာပဲ ရှိနေသေးပါတယ်။ အခက်အခဲတွေ ကြားထဲက စေ့စပ်ညှိနှိုင်းမှုကို ပြုလုပ်ခဲ့ပြီးတဲ့နောက် နောက်ဆုံးအပစ်အခတ်ရပ်စဲရေးဆိုတာ ကလည်း အလှမ်းဝေးကွာနေဆဲပါပဲ။ အဓိကကျတဲ့ အတားအဆီးတွေကတော့ရှိနေဆဲပါပဲ။ စစ်ရေး အရရော သံတမန်ရေးအရပါ ကျော်ဖြတ်ဖို့ခက်တဲ့ အတားအဆီးတွေက ဝန်းရံနေပါတယ်။

 

အဓိကအတားအဆီး

 

အမေရိကန်တပ်တွေ ဘယ်လောက်ကြာကြာ အာဖဂန်မြေမှာဆက်ရှိနေမှာလဲ၊ တကယ်လို့များ လက်ရှိ အာဖဂန်အစိုးရဟာ တာလီဘန်တွေနဲ့ အာဏာခွဲဝေဖို့ သဘောတူညီချက်ရပြီဆိုရင် အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် ဘယ်လိုကာကွယ်မှုမျိုးတွေ ရှိလာမှာလဲ။ ဒါတွေကတော့အဓိကကျတဲ့ အတားအဆီး တွေပါ။ အာဖဂန်မှာသမ္မတရွေးကောက်ပွဲနီးလာတာနဲ့အမျှ မူဘောင်ကိုချပြဖို့လည်း လိုလာပါပြီ။ နောက်ပြီး အာဖဂန် နိုင်ငံအတွင်း တာလီဘန်တွေရဲ့ကြောက်မက်ဖွယ် တိုက်ခိုက်မှုဟာလည်း ပိုပိုပြီးပြင်းထန်လာပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ ဖြစ်နိုင်ပါဦးမလားဆိုတဲ့ အချက်ပြမှုတွေ ရှိလာပါတယ်။

 

စစ်ပွဲပြီးဆုံးပြီလာ

 

တာလီဘန်တွေနဲ့ သဘောတူညီချက်ရတာ နဲ့စစ်ပွဲဟာ လုံးဝပြီးဆုံးသွားပြီလား။ ဒီလိုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် တာလီဘန်တွေနဲ့ အာဖဂန်အစိုးရတို့အတွက် တိုက်ရိုက်ဆွေးနွေး ပွဲပြုလုပ်ဖို့ လမ်းစဖြစ်လာနိုင်ပါ တယ်။ အဲဒီမတိုင်ခင်မှာတော့ အမေရိကန်မှာရော တာလီဘန်တွေမှာပါ စိုးရိမ်ရတဲ့အကြောင်းအရာတွေက ဆက်လက်ရှင်သန်နေဆဲပါပဲ။ အဲဒီအချက်တွေကတော့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ဘယ်လောက်ကြာကြာ အာဖဂန်နစ္စတန်မှာ ဆက်လက်ရှိနေမှာလဲဆိုတာရယ် အာဖဂန်ဟာအကြမ်းဖက်သမားတွေအတွက် လုံခြုံ စိတ်ချရတဲ့နေရာတစ်ခု ဘယ်လောက်ကြာကြာ ဖြစ်နေဦးမှာလဲဆိုတာ ရယ်ပဲ ဖြစ်ပါတယ်။

 

တိုက်ခိုက်မှုတွေရပ်ဆိုင်းသွားမှာလား

 

အဖြေကတော့ တိုက်ပွဲတွေဟာ ရပ်တန့်သွားဖို့ မဖြစ်နိုင်ပါဘူး။ ဇူလိုင်လဟာ အာဖဂန်အတွက် အကြမ်းဖက် တိုက်ခိုက်မှု အများဆုံးလဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့လအတွင်း အာဖဂန်အရပ်သား ၁၅၀ဝ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဩဂုတ်လပထမပတ်မှာပဲ ထရပ်ကားဗုံးခွဲမှုကြောင့် လူပေါင်း ၁၄ ဦး သေဆုံး ခဲ့ရပါတယ်။ အာဖဂန်အစိုးရအရာရှိတွေဟာ တာလီဘန်နဲ့ အမေရိကန်တို့ ညှိနှိုင်းမှုပြုလုပ်နေစဉ်မှာပဲ အပစ် အခတ်ရပ်စဲကြဖို့ တောင်းဆိုခဲ့ပါတယ်။ တာလီဘန်တွေကတော့ အဲဒီတောင်းဆိုချက်ကို လက်မခံခဲ့ပါ ဘူး။ အမေရိကန်နိုင်ငံဆိုင်ရာ အာဖဂန်သံတမန် ရိုရာရာမနီကတော့ အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ရဲ့ ဆွေးနွေးပွဲ ဟာ ဖြစ်နိုင်သမျှ မြန်မြန်လေးစဖို့ မျှော်လင့်ထားတယ်လို့ပြောပါတယ်။ ဘာလို့လဲဆိုတော့ စက်တင်ဘာ ၂၈ ရက်ဆိုရင် ရွေးကောက်ပွဲက စတော့မှာမို့ပါ။

 

ခြိမ်းခြောက်ထား

 

တာလီဘန်တွေကတော့ ဩဂုတ်လပထမ ပတ်အတွင်းမှာပဲ ရွေးကောက်ပွဲကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက် ထားပြီး အာဖဂန်နိုင်ငံသားတွေကိုလည်း မဲဆွယ်စည်းရုံးမှုတွေ၊ လူထုထောက်ခံပွဲတွေကနေ ဝေးဝေးနေဖို့ တိုက်တွန်းထားပါတယ်။ အမေရိကန်တို့နဲ့ဆွေးနွေးနေစဉ်မှာလည်း ရွေးကောက်ပွဲပြီးတဲ့နောက် ရွေးကောက်ခံ အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ကြား ဘယ်လိုအာဏာခွဲဝေယူကြမလဲဆိုတာ ဆွေးနွေးပွဲရဲ့ ခက်ခဲတဲ့အပိုင်းပါပဲ။ ကာလရှည်ကြာတိုက်ပွဲတွေကြောင့် နှစ်ဖက်စလုံး မှာ အထိအခိုက်တွေလည်း များလာပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးရဖို့ အသည်းအသန် ကြိုးပမ်းလာတာလို့ အငြိမ်းစားစစ်မှုထမ်းဟောင်း တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဒဗယ်လျူ ဘာနိုကပြောပါတယ်။ သူဟာ အာဖဂန်စစ်ပွဲမှာ နှစ်နှစ်ကြာပါဝင် ခဲ့သူလည်း ဖြစ်ပါတယ်။ တာလီဘန်တွေဟာ တိုင်းပြည်လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပေါ်မှာ အာဏာ လွှမ်းမိုးထားနိ်ုင်ပါတယ်။

 

အယ်ကိုင်ဒါတွေနဲ့ ကင်းကင်းနေမှာလား

 

အပစ်အခတ်ရပ်စဲမှုမပြုခင်မှာ အမေရိကန်တပ်တွေရော အပြည်ပြည်ဆိုင်ရာက တပ်တွေပါ အာဖဂန်မြေပေါ်က ထွက်ခွာသွားဖို့ တာလီဘန်တို့က တောင်းဆိုထားပါတယ်။ အမေရိကန်သမ္မတထရမ့်ကတော့ ဒီစစ်ပွဲကြီးကို အဆုံးသတ်ချင်နေပါပြီ။ ကဘူးလ်မြို့မှာရှိတဲ့ အမေရိကန်အရာရှိတွေကတော့ တာလီဘန်တွေဟာ အယ်ကိုင်ဒါ တွေနဲ့ ဆက်လက် ပတ်သက်နေဦးမှာပဲလို့ ယုံကြည်နေကြပါတယ်။ နောက်ပြီးအစွန်းရောက်တွေကို ချေမှုန်းပစ်ဖို့ ဆိုတာ အာဖဂန်အစိုးရတပ်နဲ့တင် မလုံလောက်ဘူးဆိုပြီး ယူဆကြပါတယ်။ အယ်ကိုင်ဒါတွေနဲ့ အိုင်အက်စ် အစွန်းရောက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာ အမေရိကန်ရဲ့ ကြားဝင်မှုကို ဟန့်တားဖို့ဆိုတာဘယ် သဘော တူညီချက်နဲ့မှ မရနိုင်ဘူးလို့ မစ္စတာဘာနို ကပြောပါတယ်။

 

တပ်ဖွဲ့ဝင် ဘယ်လောက်ကျန်မလဲ

 

အမေရိကန်တပ်ဖွဲ့ဝင်ဘယ်လောက်များများ အာဖဂန်မြေပေါ်မှာ ဆက်လက် ကျန်ရှိနေမလဲ။ ဒါကတော့ မရှင်းလင်းပါဘူး။ သို့ပေမယ့်အမေရိကန် အရာရှိတွေကတော့ တပ်ဖွဲ့ဝင် ၇၀ဝဝ ခန့်ကို ကဘူးလ်မှာပဲ အခြေစိုက်ဖို့ အဆိုပြုထားပါတယ်။ သတင်းအချက်အလက်တွေပေးဖို့ရယ် အခြားသော အာဖဂန်တပ်ဖွဲ့ဝင် တွေဆီကနေ သတင်းအချက် အလက်တွေ ရယူဖို့အတွက်ပါ။ အထူးစစ်ဆင်ရေး အဖွဲ့ဟာလည်း ဘာဂမ်မြို့က သူတို့ရဲ့ အခြေစိုက်စခန်း ပိတ်သွားတဲ့အခါ ကဘူးလ်ကို ပြောင်းရွှေ့တာမျိုး ဖြစ်နိုင်ပါတယ်။

 

အဓိကမေးခွန်းတစ်ရပ်

 

တာလီဘန်တွေနဲ့ အာဏာဝေမျှမှုပြုလုပ်တဲ့အခါ အာဖဂန်အမျိုးသားလုံခြုံရေးတပ်ရဲ့ အနေအထားဟာ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာလည်းအဓိကမေးခွန်းတပ်ရပ်ပါပဲ။ အမေရိကန်ပြည်ထောင် စုဟာ အာဖဂန် တပ်ဖွဲ့ကို လေ့ကျင့်ပေးဖို့ နှစ်တွေ အများကြီးရင်းနှီးခဲ့ရလို့ ဘီလီယံနဲ့ ချီတဲ့ငွေကြေးတွေလည်း အသုံးပြုခဲ့ရပါ တယ်။ လက်ရှိအာဖဂန်တပ်ဖွဲ့ကို မဖျက်သိမ်းဖို့အတွက် အမေရိကန်တပ်ဖွဲ့ နောက်ကွယ်ကနေရှိနေပေးဖို့ အာဖဂန်အစိုးရက တောင်းဆိုလောက်တယ်ဆိုပြီးလည်း ကာကွယ်ရေး ဌာနကအရာရှိတွေက မျှော်လင့်ကြပါ တယ်။

 

တာလီဘန်တို့ မပြောင်းလဲသေး

 

အာဖဂန်အစိုးရဟာ အခြေအနေတွေအားလုံး တည်ငြိမ်သွားတဲ့အထိ အမေရိကန်တပ်တွေ ဆက်လက် ရှိနေပေးဖို့ လိုလားတယ်လို့ အာဖဂန် သံတမန်တစ်ဦးဖြစ်သူ မစ္စရိုရာ ရာမနီကပြောပါတယ်။ ဒါပေမယ့်လည်း အမေရိကန်တပ်တွေ အာဖဂန်မြေပေါ်က လုံးဝထွက်သွားရေးကို တာလီဘန်တွေကတောင်းဆိုထားတာ ဖြစ်လို့အနာဂတ် အမေရိကန်တပ်တွေရဲ့ အလားအလာဟာ မေးခွန်းထုတ်ဖွယ်ရာပါပဲ။ ဒါကြောင့် တာလီဘန် တို့နဲ့ အာဖဂန်အစိုးရတို့ကြား နောက်ဆုံးအဆင့်ငြိမ်းချမ်း ရေးစာချုပ်ဟာ ဖြစ်လာနိုင်ပါ့မလားဆိုတာ စဉ်းစား စရာပါပဲ။ အာဖဂန်စေ့စပ်ညှိနှိုင်းရေးသမားတွေ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဆွေးနွေးကြစဉ်မှာတော့ အပြု သဘောဆောင်တဲ့ ပြောင်းလဲမှုတွေရှိလာပြီ၊ မျှော်လင့်ချက်အနည်းငယ်ရှိလာပြီလို့ ပြောကြပါတယ်။ ဒါပေမယ့် လည်း အချို့စေ့စပ်ညှိနှိုင်းရေးသမားတွေကတော့ တာလီဘန်တွေဟာ ဘယ်တော့မှ မပြောင်းလဲဘူး၊ သူတို့ အာဏာရစဉ်က အတိုင်းပဲ အတွေးအမြင်တွေ ရှိနေဆဲပဲလို့ ပြောကြပါတယ်။ 

 

ကိုးကား - နယူးယောက်တိုင်းမ်