နေပြည်တော် ၁၁ သြဂုတ်
ယခုမိုးရာသီကာလတွင် မြန်မာနိုင်ငံရှိ မြို့အတော်များများ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ခြင်း၊ စွတ်စိုခြောက်သွေ့မှုမရှိခြင်းတို့နှင့်အတူ ပြည်သူအချို့ ဖျားနာခြင်းတို့ဖြစ်တတ်လေ့ရှိရာ ရာသီရောဂါ တစ်မျိုးမျိုးဖြစ်ပွားမှုမရှိစေရေးအတွက် မိမိကိုယ်ကိုမိမိကိုယ်ခံအားကောင်းရေး၊ ကျန်းမာကြံ့ခိုင်ရေးအတွက် သတိပြုဆင်ခြင်စားသောက်နေထိုင်မှု ပြုကြရမည်ဖြစ်သည်။
ပြည်သူများအနေဖြင့် မိုးရာသီတွင်ဖြစ်ပွားတတ်သော ရာသီတုပ်ကွေးရောဂါမဖြစ်စေရေးသာမကခြင်ကြောင့် ဖြစ်ပွားရသော သွေးလွန်တုပ်ကွေးရောဂါနှင့် ဆင်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးတို့ကိုပါ သတိပြုနေထိုင်ကြရမည်ဖြစ်သည်။
ယခုနှစ်ဦးရာသီကာလ အစကတည်းကပင် နိုင်ငံတစ်ဝန်း၌ ရာသီတုပ်ကွေးရောဂါ A H1N1 pdm09 ဖြစ်ပွားမှုကြောင့် ဇန်နဝါရီလ ၁ ရက်မှဩဂုတ်လ ၉ ရက်အထိ ခုနစ်လကျော်ကာလအတွင်း အဆိုပါရောဂါ အတည်ပြုပိုးတွေ့သူ ၅၀၂ ဦးရှိပြီး သေဆုံးသူ ၉၂ ဦးရှိရာတွင် တစ်လထက်တစ်လ သေဆုံးမှု တိုးလာသည့်သဘောရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင်ဩဂုတ် ၉ ရက်ထိ ဓာတ်ခွဲစစ်ဆေးသူ ၅၄၆ ဦးအနက် ရောဂါဖြစ်ပွားသူ၂၄၂ ဦးရှိကာ သေဆုံးသူ ၆၃ ဦးရှိ၍ အများဆုံးဖြစ်ပြီး ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ရောဂါဖြစ်ပွားသူမရှိကြောင်း သိရသည်။
အဆိုပါရာသီတုပ်ကွေးရောဂါသည် အချိန်အခါ၊ နေရာမရွေး ဖြစ်ပွား တတ်သည့်သဘောရှိပြီး ဖြစ်ပွားသူများတွင် အသက်တစ်နှစ်အောက်ခြောက်ရာ ခိုင်နှုန်း၊ အသက်တစ်နှစ်မှ ငါးနှစ်အထိ ၁၇ ရာခိုင်နှုန်း၊ အသက်ငါးနှစ်မှ ၁၅ နှစ်အထိ ၁၄ ရာခိုင်နှုန်း၊ အသက် ၁၅ နှစ်မှ ၆၅ နှစ်အထိ၅၂ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အထက် ၁၀ ရာခိုင်နှုန်းဖြစ်ပွားလျက်ရှိရာ လူရွယ်၊ လူလတ်၊ လူကြီး အရွယ်သုံးပါးမရွေးအဖြစ်များသည်ကို တွေ့ရ သည်။ ဖြစ်ပွားရခြင်းအကြောင်းမှာ ကူးစက်ခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ကူးစက်ခံရခြင်းမှာ ကိုယ်ခံအားနည်းခြင်းနှင့် ရောဂါအခံရှိခြင်းတို့ကြောင့်အဖြစ်များသည်ဟုသိရသည်။
ယခုနှစ်မိုးရာသီတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သော တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်းသည် ယခင်နှစ်များထက် ပိုမိုများပြားလာသည့်အတွက်ကျန်းမာရေးဌာန၊ ပြည်သူ့ဆေးရုံများအပါအဝင် ရပ်ကွက်နှင့်ကျေးရွာ အလိုက် လူထုလှုပ်ရှားမှုအသွင်ဖြင့် ခြင်နှိမ်နင်းရေး ဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့များ အားလုံးပါဝင်ကာ ရပ်ရွာ လူထုနှင့်ပူးပေါင်းလက်တွဲ၍ ဝိုင်းဝန်းတိုက်ဖျက်နိုင်ရန်လိုအပ်ပေသည်။ အထူးသဖြင့် ပြည်သူလူထုကလည်း ဥစ္စာရင်လို ဥစ္စာရင်ခဲ၊ မိမိနေအိမ်နှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးထား လုပ်ဆောင်ကြရန် လိုအပ်ပေသည်။ တုပ်ကွေးရောဂါအမျိုးမျိုးတို့သည် ရာသီကာလအတွင်း ရောထွေး ဖြစ်ပွား နေသဖြင့် ပြည်သူတစ်ဦးချင်းအနေဖြင့်ကျန်းမာအောင်နေထိုင်စားသောက်ပြုမူခြင်းတို့ကို သတိထားဆင်ခြင်ကာ မပြတ်ဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ တုပ်ကွေးရောဂါအမျိုးမျိုးတို့သည် နိုင်ငံတစ်ဝန်း၌ အမျိုးမျိုးအဖုံဖုံဖြစ်ပွားနေပြီး ပတ်ဝန်းကျင် နိုင်ငံများတွင်လည်း ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအတွင်း ရောဂါဖြစ်ပွားခြင်း၊ ကူးစက်ပျံ့နှံ့ခြင်း၊ သေဆုံးမှုရှိခြင်းတို့ လျော့နည်းပပျောက်သွားစေရန်အတွက် ကျန်းမာရေးဌာနသာမက အဖွဲ့အစည်းအားလုံး၊ ပြည်သူအားလုံးဝိုင်းဝန်းလက်တွဲကာကွယ်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။
ကြေးမုံ