တစ်နေ့တစ်နေ့ ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်ရတာ အဆင်မပြေတော့ဘူးနော်။ အသားအရေတွေပျက်စီးလာသလို၊ မည်းလာသလိုနဲ့ ကြည့်ရတာတမျိုးဖြစ်လာတယ်။ ပြီးတော့ ဒီလက္ခဏာတွေဖြစ်လာတယ်ဆိုရင် နောက်ကွယ်ကအကြောင်းရင်းတစ်ခုရှိနေပါပြီ။ အိပ်ချိန်မမှန်တာ၊ အိပ်ရေးပျက်တာတွေကြောင့် ဆိုတာ သတိရမိဖို့လိုပါတယ်။ အိပ်ရေးပျက်တာကြောင့် ကိုယ့်ခန္ဓာကိုယ်ကို ဆက်ပြီးထပ်မထိခိုက်စေဖို့ ဒီလက္ခဏာတွေဖြစ်လာရင် အိပ်ချိန်မှန်အောင် ပိုဂရုစိုက်ပေးသင့်ပါတယ်။
ဘာတွေ ဖြစ်လာမှာလဲ
ဝက်ခြံထွက်လာမယ်
အိပ်ရေးမဝဘူးဆိုရင် အသားအရေက တခုခုလက္ခဏာပြလာမှာပဲနော်။ အိပ်ရေးပျက်ခြင်းနဲ့ဝက်ခြံ ဆက်နွှယ်နေတာကို သုတေသနတချို့က လေ့လာတွေ့ရှိထားပါတယ်။ ခန္ဓာကိုယ်အတွင်းက ဟော်မုန်းတွေထိန်းချုပ်မှုမှာ အိပ်စက်မှုက သက်ရောက်မှုရှိနေတာကြောင့်ရယ်၊ အိပ်ရေးပျက်ခြင်းကြောင့် ကိုယ်ခံအားစနစ်ကိုထိခိုက်နိုင်ပြီး တခြားကျန်းမာရေးပြဿနာတွေဖြစ်လာစေနိုင်တာရယ်ကြောင့်လို့ ယူဆကြပါတယ်။
မျက်ဝန်းတွေ မလှနိုင်တော့ဘူး
မျက်စိနီရဲတာ၊ မျက်လုံးမို့အစ်တာ၊ မျက်ကွင်းညိုတာ၊ မျက်တွင်းကျတာ၊ မျက်အိတ်တွဲကျတာတွေလို လက္ခဏာတွေကြောင့် ဘယ်လိုကြည့်ကောင်းနိုင်ပါ့မလဲ။ အိပ်ရေးပျက်တာကြောင့် အရေးအကြောင်းတွေ၊ ဖောရောင်တာတွေ၊ မျက်ခွံတွဲကျတာတွေ ဖြစ်လေ့ရှိတယ်လို့ လေ့လာမှုတွေက ဖော်ပြပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ အိပ်စက်ချိန်အတွင်းလုပ်ဆောင်လေ့ရှိတဲ့ ဟော်မုန်းထိန်းချုပ်မှုတွေ၊ တစ်ရှူးပြန်လည်ပြုပြင်မှုတွေမှာ ခန္ဓာကိုယ်က မလုပ်ဆောင်နိုင်တော့တာကြောင့် ဖြစ်နိုင်ပါတယ်။
ကိုယ်အလေးချိန်တက်လာမယ်
ညဘက် ကောင်းကောင်းမအိပ်တဲ့အခါ ဆာလောင်မှုအတိုင်းအတာကို သက်ရောက်နိုင်တဲ့ ghrelin နဲ့ leptin ဟော်မုန်းတွေကို ခန္ဓာကိုယ်က ကောင်းကောင်းမထိန်းချုပ်နိုင်တော့ပါဘူး။ ဒီလိုမထိန်းနိုင်ရင် လိုတာထက် ပိုစားမိပြီး ကိုယ်အလေးချိန်တက်လာတာပေါ့။
အာဟာရမဖြစ်တဲ့ အစားအစာတွေပိုစားမိတယ်
ညဘက်အိပ်ရေးပျက်ထားရင် နောက်နေ့မှာ အဆီများတာ၊ အချိုများတာတွေလည်း ပိုတောင့်တပြီး စားမိတတ်ပါတယ်။ အိပ်ရေးမဝထားတဲ့ ဦးနှောက်က ကျန်းမာရေးနဲ့မညီတဲ့ သရေစာတွေနဲ့ အစားအစာတွေကို ပိုတောင့်တနိုင်ခြေများပါတယ်။
ကဖင်းကို စွဲနေတယ်
ကော်ဖီကို ဖြတ်မရအောင် တောက်လျှောက်သောက်ချင်နေတာမျိုး၊ တစ်နေ့ဘယ်နခွက်မှန်းမသိ သောက်မိနေတာမျိုးက အိပ်ရေးပျက်သံသရာကို ပတ်နေစေပါတယ်။ အိပ်ရေးပျက်လို့ ကော်ဖီ၊ လက်ဖက်ရည်သောက်ချင်တယ်၊ ကဖင်းတွေသောက်လို့ ညကျထပ်ပြီးအိပ်မပျော်ဘူး။ အိပ်ရေးပျက်ထားတဲ့လူမှာ ကဖင်းကြောင့်ခဏတာခေါင်းကြည်သွားနိုင်ပေမယ့် ရေရှည်မှာတော့ နောက်ဆက်တွဲဆိုးကျိုးတွေရှိလာနိုင်ပါတယ်။
စိတ်အပြောင်းအလဲမြန်လာတယ်
အသေးအဖွဲမှာတောင် စိတ်ဆတ်လာတာက အိပ်ရေးပျက်ခြင်းကြောင့်ပါပဲ။ လေ့လာမှုတစ်ခုမှာ ညအိပ်ချိန်မပြည့်ဝတဲ့သူတွေက ပိုပြီးစိတ်ဖိစီးတတ်၊ စိတ်တိုတတ်ပြီး စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်သူတွေဖြစ်လာကြတာ တွေ့ရပါတယ်။ အိပ်စက်ချိန်ကို ပုံမှန်ပြန်လည်ထိန်းညှိလိုက်တဲ့အခါ ဒီလက္ခဏာတွေ သက်သာသွားတာတွေ့ရပါတယ်။
စိတ်ဓာတ်ကျလာတယ်
စိတ်ကျခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့က အရမ်းကိုနီးစပ်တဲ့ဆွေမျိုးတွေပါ။ ပိုဆိုးတာက သူတို့ကလည်း သံသရာလည်တတ်တဲ့အတွဲဖြစ်နေတာပါ။ စိတ်ကျလို့ အိပ်မပျော်၊ အိပ်မပျော်လို့ စိတ်ဓာတ်တွေကျတတ်ပါတယ်။
အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်တွေမကောင်းတော့ဘူး
အိပ်ရေးနည်းနည်းလေးပျက်တာနဲ့တောင်(အိပ်နေကျထက် ၂ နာရီလောက်လျော့တာမျိုး) လူကိုအူကြောင်ကြောင်ဖြစ်စေပြီး အာရုံစိုက်မရတာ၊ မေ့တတ်တာတွေ ဖြစ်စေပါတယ်။ ကြာလာရင် အလုပ်ခွင်မှာ၊ ကျောင်းစာမှာ ထိခိုက်လာတာပေါ့။
အနားယူချိန် အလုံအလောက်ပေးပါ
အရွယ်ရောက်ပြီးသူအများစုဟာ တစ်ညကို အိပ်ချိန် ၇ နာရီကနေ ၉ နာရီအတွင်းရှိဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့်–
တစ်နေ့ကို ဘယ်အချိန်မှာအိပ်မယ်၊ ဘယ်အချိန်မှာအိပ်ရာထမယ်ဆိုတာရယ်၊ နေ့တိုင်းဒီအချိန်ပဲဖြစ်ဖို့ရယ်၊ အချိန်ဇယားတစ်ခုသတ်မှတ်ပြီး သေချာလိုက်နာပါ။
အိပ်ခန်း သို့မဟုတ် အိပ်တဲ့နေရာကို အေးချမ်း၊ သပ်ရပ်၊ သန့်ရှင်းပြီး အလင်းရောင်မများစေဖို့ ပြင်ဆင်ထားပါ။
ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာက ညကျ ပိုပြီးနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။
ရေးသားသူ -Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”