၁၄ သြဂုတ်

မြန်မာနိုင်ငံတွင်   ထင်းသုံးစွဲမှု    လျှော့ချနိုင်ရေးအတွက်   စွမ်းအားမြှင့် မီးဖိုများ အခမဲ့ဝေပေးနေသည်။ ၂၀၁၉ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ စီမံကိန်း ကာလ ခုနစ်နှစ်တာအတွင်း စွမ်းအားမြှင့်မီးဖိုအလုံးရေ လေးသန်းကျော်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများနှင့်  ရှမ်း၊  မွန်ပြည်နယ်တို့တွင်  အခမဲ့ဖြန့်ဝေသွားမည်ဖြစ်သည်ဟုလည်း သိရသည်။

စွမ်းအားမြှင့် မီးဖိုဆိုသည်မှာ သဲ၊ ရွှံ့စေးမြေတို့ဖြင့် ပြုလုပ်ထားသည့် မီးဖိုသာဖြစ်သော်လည်း  ထင်းသုံးစွဲမှု  သက်သာစေရန် ပုံစံထုတ်၍ စီမံပြုလုပ်ထားခြင်းဖြစ်သည်။  သို့ဖြစ်သည့်အတွက်  မီးအပူစွမ်းအင်ကို  ပိုမို ရရှိနိုင်ပြီး ထင်းအကုန်အကျ သက်သာစေသည်။ ထင်းသုံးစွဲမှု လျှော့ချနိုင်ခြင်းဖြင့်  သစ်တောပြုန်းတီးမှု လျော့နည်းသက်သာစေခြင်း၊  ကာဗွန်ထုတ်လုပ်မှု လျော့ကျစေနိုင်ခြင်း၊ ကာဗွန်ခရက်ဒစ်ရရှိနိုင်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးရလဒ်ကောင်းများကိုလည်း တစ်ဆက်တည်း ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်  ၂၀၁၄ ခုနှစ်က အိမ်ထောင်စု ဦးရေ ၁၁ သန်းခန့်ရှိခဲ့ရာ လက်ရှိအချိန်တွင် အိမ်ထောင်စုဦးရေလည်း တိုးတက်နေမည်ဖြစ်သည်။  

ယင်းမိသားစုများ      နေ့စဉ်စားရေးအတွက်    ချက်ပြုတ်ရာတွင် ထင်းသည်သာ အဓိကလောင်စာ   ဖြစ်နေဆဲပင်ဖြစ်သည်။ သုတေသန စစ်တမ်းတစ်ခု၏ အဆိုအရ   မြန်မာပြည်သူတို့  နေ့စဉ်ချက်ပြုတ်ရာတွင်  ထင်းအသုံးပြုသူ ၆၉ ဒသမ ၃ ရာခိုင်နှုန်း၊  လျှပ်စစ်အသုံးပြုသူ  ၁၆ ဒသမ ၃ ရာခိုင်နှုန်း၊  မီးသွေးအသုံးပြုသူ  ၁၁  ဒသမ  ၈  ရာခိုင်နှုန်း၊    ဓာတ်ငွေ့ အသုံးပြုသူ  ဝ  ဒသမ  ၄  ရာခိုင်နှုန်းရှိသည်ဟု  သိရသည်။   မြို့ပေါ်နေ အိမ်ထောင်စုတစ်စု၏  တစ်နှစ်တာ  ထင်းသုံးစွဲမှုမှာ  ၂  ကုဗတန်ခန့်ရှိပြီး ကျေးလက်နေ အိမ်ထောင်စုတစ်စု၏ တစ်နှစ်တာ ထင်းသုံးစွဲမှုမှာ ၂ ဒသမ ၅      ကုဗတန်ရှိသည်ဟု    ဆိုသည်။      မီးသွေးတစ်တန်ရရန်အတွက် သစ်အခြောက် သုံးတန်ခန့် သုံးစွဲကြရပြီး ထင်းနှင့် မီးသွေး နှစ်ရက်ပေါင်းအတွက် တစ်နှစ်လျှင် သစ်ကုဗတန် သန်း ၂၀ ခန့် သုံးစွဲနေရကြောင်းလည်း သုတေသနစစ်တမ်းတွင် တွေ့ရသည်။

မိရိုးဖလာ ဖိုခုံလောက်ဆိ်ုင် မီးဖိုဖြင့် ထင်းသုံးစွဲ ချက်ပြုတ်ခြင်းအစား စွမ်းအားမြှင့်မီးဖိုကို  သုံးစွဲပါက  ထင်းကုန်ကျမှု  ထက်ဝက်ခန့်  သက်သာကြောင်း၊ မီးဖိုတစ်လုံးကို ပုံမှန်အားဖြင့် နှစ်နှစ်သုံးစွဲသွားနိုင်မည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးပါကလည်း ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ကြောင်းများလည်း သိရသည်။စွမ်းအားမြှင့် မီးဖိုသုံးစွဲသည့်အတွက်  ထင်းအလို့ငှာ  သစ်ထုတ်မှုများ  ထက်ဝက်ခန့်လျော့နည်းသွား မည်ဖြစ်သည်။  ထင်းလောင်စာရရှိရေးအတွက်  သုံးစွဲရသည့်  ငွေကြေး၊ အချိန်၊ လုပ်အားတို့လည်း ထက်ဝက်ခန့် သက်သာသွားမည်ဖြစ်ရာ မီးဖို သုံးစွဲသူတို့ လက်ငင်းရရှိနိုင်သည့် အကျိုးကျေးဇူးများပင် ဖြစ်သည်။

နိုင်ငံအနေဖြင့်လည်း သစ်တောပြုန်းတီးမှုကို လျော့နည်းသက်သာစေပြီး သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းနိုင်သည်နှင့်အမျှ သဘာဝဘေး အန္တရာယ်များလည်း လျော့နည်းသွားစေမည် ဖြစ်သည်။ ထို့အပြင် ကာဗွန်ခရက်ဒစ်မှလည်း ဝင်ငွေရရှိလာမည်ဖြစ်သည့်အတွက် စွမ်းအားမြှင့်မီးဖိုများကို    စနစ်တကျသုံးစွဲကြခြင်းသည်    မိမိအကျိုး၊  နိုင်ငံ့အကျိုးပင် ဖြစ်သည်ဟု ဆိ်ုရမည်ဖြစ်ပါကြောင်း။    

မြန်မာ့အလင်း