ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံများစွာတို့သည် သဘာဝဘေးဒဏ် အမျိုးမျိုးတို့ ခံစားနေရသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သဘာဝဘေးဒဏ် အမျိုးမျိုးတို့ကြောင့် ထိခိုက်ခံစားကြရသည်မှာ ပြည်သူများ ဖြစ်ကြသည့်အပြင် သက်ဆိုင်ရာ နိုင်ငံအစိုးရတို့လည်း ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ရသည်။ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားနေပါက နှစ်စဉ်နှစ်တိုင်း ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရမည်ဖြစ်ရာ ထိုသို့ဖြစ်ပွားမှုမှ လျော့နည်းသက်သာစေရေး ကမ္ဘာ့လူသားအားလုံး နည်းလမ်းရှာဖွေ ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။
ယခုလတ်တလော ဖြစ်စဉ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားခြင်း၊ တောင်ပြိုမြေပြို ဖြစ်ပွားခြင်းတို့ ဖြစ်ပေါ်လျက်ရှိရာ ထိခိုက်ဆုံးရှုံး နစ်နာမှုများအပြင် လူ့အသက်များ သေဆုံးရသည်အထိ ဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ် ထောက်ပံ့လှူဒါန်းမှုများ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ မိုးသည်းထန်မှု လျော့ကျသွား သည်ကိုလည်း တွေ့ရသည်။ မိုးများခြင်းသည် သဘာဝဘေး ဖြစ်နိုင်သကဲ့သို့ မိုးနည်းခြင်းသည်လည်း ဒုက္ခအခက်အခဲ ကြုံတွေ့နိုင်သည်ကို မိုးရာသီကာလ မိုးရေမရသောဒေသများက သက်သေပြလျက်ရှိသည်။
ယခုနှစ် မိုးရာသီကာလတွင် မြန်မာနိုင်ငံသည် မုတ်သုံအဝင်နောက်ကျ၍ မုတ်သုံအထွက်စောမည်ဟု မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။ လက်ရှိအနေအထားအရ နှစ်စဉ်ရွာသွန်းသည့် မိုးရေချိန်ပမာဏ ပြောင်းလဲမှု မရှိနိုင်သော်လည်း ထိုသို့ ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများ ကြုံတွေ့နိုင်သလို မိုးရေ ပြတ်လပ်မှု များနှင့်လည်း ကြုံတွေ့နိုင်သဖြင့် ကြိုတင်ပြင်ဆင်၍ လုပ်ဆောင်ဖွယ်ရာများကို သတိမူ ဆောင်ရွက်ထားရမည် ဖြစ်သည်။
ယခုမိုးရာသီတွင် ပုံမှန်အားဖြင့် မိုးသည်းထန်သည်ဟု ထင်ရသော်လည်း ဆည်တမံများတွင် မိုးရေလုံလောက်မှုမရှိသေးချေ။ ယခင်နှစ် ကာလ တူအချိန်ထက် ဆည်ရေဝင်ရောက်မှု များစွာလျော့နည်းနေသည်ဟု သိရသည်။ ထိုအချိန်တွင် မုတ်သုံအထွက်စောပါက စိုက်ပျိုးရေ၊ သောက်သုံးရေအတွက် များစွာအခက်အခဲ ရှိနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ မိုးသည်းထန်မှုဒဏ်ကို နိုင်ငံ၏အစိတ်အပိုင်းအချို့သာ ကြုံတွေ့ခဲ့ရပြီး မိုးခေါင်သည့်ဒဏ်ကို ခံစားနေရသည့် ဒေသများ လည်းရှိသည်ကို သတိမူရမည် ဖြစ်သည်။
ထို့ကြောင့် လက်ရှိရရှိပြီး သောက်သုံးရေ၊ စိုက်ပျိုးရေတို့ကို ခြိုးခြံချွေတာသုံးစွဲရန်နှင့် အလေအလွင့်မဖြစ်အောင် အထူးဂရုစိုက်ဖို့ လိုမည်ဖြစ်သည်။ ရေပေါများသော ဒေသများတွင် ရေသိုလှောင်ထားရန်နှင့် ရေရှားပါးသော ဒေသများသို့ မျှဝေပေးနိုင်ရန်လည်း စီမံထားသင့်ပေသည်။ ရေဘက်ဆိုင်ရာ တာဝန်ရှိသူများသာမက သုံးစွဲသူပြည်သူများနှင့် တောင်သူလယ်သမားများ သိရှိလိုက်နာနိုင်ရေး အသိပညာပေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်ပေးသွားရမည်ဖြစ်သည်။
အရေးကြီးသည်မှာ ယခုဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးများ လျော့နည်း ကျဆင်းလာစေ ရေးအတွက် ကမ္ဘာ့ရာသီဥတုကို တည့်မတ်ထိန်းညှိပေးနိုင်ရန် ကမ္ဘာ့လူသားများအားလုံး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်အခါသို့ ရောက်ရှိနေသည်ကို သတိမူရမည် ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင် မပျက်စီးမှုအတွက် အဓိကထိန်းညှိပေးမည့်အရာမှာ သစ်တောသစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေး ဖြစ်သဖြင့် လူသားအားလုံး သစ်ပင်ကို နှစ်စဉ်စိုက်ပျိုးပြီး သစ်တောသစ်ပင်များကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရမည် ဖြစ်သည်။ သစ်တောသစ်ပင်များသည် ရာသီဥတုကိုလည်း ထိန်းသိမ်း၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း၊ ရေကိုလည်း ထိန်းသိမ်းသဖြင့် အကျိုးကြီးမားသည်ကို အသိပညာပေးရမည် ဖြစ်သည်။
သို့ဖြစ်ရာ သဘာဝတရား၊ သဘာဝဘေးနှင့် ပတ်သက်၍ ယခုကြုံတွေ့ခဲ့ရမှုများကို သင်ခန်းစာယူ၍ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၏ အဓိက အရေးအကြီးဆုံး အချက်ဖြစ်သည့် သစ်တောသစ်ပင်များ ဖြစ်ထွန်းခြင်း၏ အရေးပါမှုကို သိမြင်နားလည်ပြီး သစ်ပင်စိုက်ပျိုးရေး၊ ထိန်းသိမ်းရေးကို အမျိုးသားရေးအသွင်ဖြင့် ဝိုင်းဝန်း ကြိုးပမ်း လက်တွဲဆောင်ရွက်ကြရမည် ဖြစ်သည်။ ။
(ကြေးမုံ)