ဝါခေါင်တကြောင်း၊ ထနောင်း ကြောင်ခြစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်းဟူ၍ ဝါခေါင်မိုးကို ရှေးကဖွဲ့ဆိုထားခဲ့သည်။ ဝါခေါင်လတွင် ထနောင်းပင်၊ ကြောင်ခြစ်ပင်နှင့် ဆူးရစ်ပင်တို့ ပွင့်ကြသည်။ မိုးမရွာ၊ ရွာသည့်အခါ တွင်လည်း သဲသဲမဲမဲ မဟုတ်ဟုဆိုသည်။ ထနောင်းပင်၊ ကြောင်ခြစ်ပင်၊ ဆူးရစ်ပင်တို့က မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တွေ့ရသော ဒေသပေါက်ပင်များ ဖြစ်ကြသည်။ နိုင်ငံတစ်ဝန်းတွင် မိုးသည်းတတ်သော ဤလတွင် အညာမှာတော့ မိုးမရွာ။

ဝါခေါင်လကို ပုဂံခေတ်က နံကာလဟု ခေါ်ဆိုသည်။ ဝေါဟာရလီနတ္ထ ဒီပနီကျမ်း၏ အလိုအရ ဝါခေါင်လကို ပါဠိဘာသာဖြင့် နိက္ခမနီယ ဟု ခေါ်သည်။ နိက္ခမနီယ၏ အဓိပ္ပာယ်မှာ နေမင်းသည် အတွင်းခရီးမှ အပြင်ခရီးသို့ ထွက်သွားသောလဟု ဆိုသည်။ ယင်းနိက္ခမနီယသဒ္ဒါ ရွေ့လျောသောအခါ မြန်မာဘာသာ နံကာဟူသော ဝေါဟာရဖြစ်လာသည်ဟူ၍ နံကာပုဒ်၏ ရင်းမြစ်နှင့် အဓိပ္ပာယ်ကို ပြဆိုထားသည်။ ထို့အပြင် ဝါခေါင်ဆိုသော ဝေါဟာရတွင် “ ဝါ ” သည် ရဟန်းတော်များ ဝါဆိုဝါကပ်ခြင်းဖြစ်၍ “ ခေါင် ” သည် အလယ်ဖြစ်သည်။ သို့ဖြစ်၍ ဝါခေါင်ဟူသည် ဝါတွင်းသုံးလ၏ အလယ်ဗဟိုလ ဖြစ်သည်ဟူ၍လည်း ဖွင့်ဆိုသည်။

ဝါခေါင်လ၏ ပွဲတော်မှာ စာရေးတံမဲပွဲ ဖြစ်သည်။ စာရေးတံမဲဖြင့် ဆွမ်းလှူသည့်ပွဲတော်ကို ဘုရားရှင်လက်ထက်တော်ကပင် စတင်ခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ပုဂံခေတ်တွင် ကျင်းပနေပြီဖြစ်ကြောင်း ကျောက်စာ အထောက်အထားရှိခဲ့သည်။ ယနေ့ခေတ်တွင်မူ စာရေးတံမဲချ၍ ဆွမ်းလှူသည့်ဓလေ့မှာ မှေးမှိန်လျက် ပျောက်လုလုပင် ရှိနေပြီဖြစ်သည်။ စာရေးတံ ပွဲတော်သည် စည်းလုံးညီညွတ်မှု၊ စည်းစနစ်ကျနမှု၊ သဒ္ဒါတရား ထက်သန်မှုတို့ဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း သဒ္ဒါကြည်ဖြူ လှူဒါန်းကာ ကြည်နူးဝမ်းမြောက်ကြရသော အလှူဒါနမျိုးဖြစ်သည့်အလျောက် တစ်စတစ်စနှင့် ကွယ်ပျောက် သွားမည့်အဖြစ်သို့ မရောက်ရအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကာ ဘာသာရေးနှင့် ယှဉ်သည့် ယဉ်ကျေးမှုတစ်ရပ် အဖြစ် မြှင့်တင်ကြစေချင်မိသည်။

စာရေးတံမဲဆွမ်းအလှူတော် ကျင်းပရန်အတွက် ရှေးဦးစွာမိမိတို့၏ မြို့ရွာနှင့် ပတ်ဝန်းကျင်မြို့ ရွာများရှိ သံဃာတော်များ၏ ဘွဲ့အမည်များကို စာရင်းကောက်ယူကြရသည်။ ထို့နောက် မဲတံကလေးများ၏ ထိပ်တွင် ဆရာတော်၊ သံဃာတော်များ၏ ဘွဲ့အသီးသီးကို ရေးထားပြီး ဝါးကျည်တောက်ကဲ့သို့သော ထည့်စရာတစ်ခုခုထဲတွင် စိုက်ထည့်ထားရသည်။ ယင်းနောက် ဧည့်ပရိသတ်များကို ဖိတ်ကြားကာ ပရိသတ်စုံလင်ပါက ဒကာ၊ ဒကာမတို့က စာရေးတံ မဲကလေးများကို နှိုက်ယူကာ မိမိကျသည့် မဲတံကလေးတွင် ပါရှိသော ဘွဲ့ရှင်ဘုန်းတော်ကြီးကို နောက်တစ်နေ့ နံနက်စောစောတွင် အိမ်သို့ပင့်၍ ဆွမ်းကပ်လှူခြင်း၊ သို့မဟုတ်ပါကလည်း ဘုန်းတော်ကြီးထံတွင် ဆွမ်းအုပ်၊ ဆွမ်းချိုင့်တို့ ပို့ဆောင်လှူဒါန်းခြင်းတို့ ပြုလုပ်ကြသည်။ မဲကျရာ ဘုန်းတော်ကြီးကို လှူဒါန်းခြင်းဖြစ်သည့်အတွက် ပုဂ္ဂိုလ်အစွဲအလမ်းမရှိ။ စေတနာသဒ္ဒါတရား ထက်သန်စွာ လှူဒါန်းကြခြင်း ဖြစ်သည်။ မြန်မာဘုရင်များ၏ စာရေးတံအလှူတွင် သံဃာတော်အပေါင်းတို့အား ပရိက္ခရာ ရှစ်ပါးနှင့်တကွ ရဟန်းတို့နှင့်စပ်သည့် အသုံးအဆောင်တို့ကို ပြည့်စုံစွာ ပဒေသာပင်များ ချိတ်ဆွဲ၍ပါ စာရေးတံဆွမ်းနှင့်တကွ ရေစက်ချလှူဒါန်းခဲ့ကြသည်ဟု သမိုင်းတွင် တွေ့ရသည်။

သရဏဂုံသုံးပါး၌ တည်ခြင်း၊ ငါးပါးသီလမြဲမြံခြင်း၊ စာရေးတံမဲ လှူဒါန်းခြင်း၊ လပြည့်လကွယ်ကဲ့သို့သော ၁၅ ရက် ဆွမ်းဝတ် လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူဒါန်းခြင်း၊ သောက်ရေကန် လှူဒါန်းခြင်း၊ ကျောင်း လှူဒါန်းခြင်းဟူသော နိဗဒ္ဓပုည ကုသိုလ်ခုနစ်ပါးပြုသူသည် သေသည့်နောက် အပါယ်မရောက် ဂတိမြဲသည်၊ သုဂတိ ဧကန်ဖြစ်သည်ဟူ၍ ကောင်းမှုကုသိုလ် ၏ အကျိုးတရားများကို အင်္ဂုတ္ထိုပါဠိတော် အဋ္ဌကထာတွင် ပြဆိုထားသည့်။ ရှေးဓလေ့အစဉ်အလာ ကောင်းမြတ်သော ယဉ်ကျေးမှုတစ်ရပ်ကို မပျောက်မပျက်အောင် ထိန်းသိမ်းမြှင့်တင်ခြင်းဖြင့် ကုသိုလ်အကျိုးတရားတို့ တိုးပွားနိုင်ကြပါ စေကြောင်း။   ။
(မြန်မာ့အလင်း)