သီဟလုလင်
ငွေတောင်ပြည်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒဏ္ဍာရီထဲက အလွမ်းပုံပြင်လေးရှိတဲ့ ကယားတို့ဌာနေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း လောက်က ကျွန်တော်ရောက်ခွင့်ရခဲ့တယ်။ ဒါဟာ ကျွန်တော့်အတွက် ဒုတိယအကြိမ်ပါ။ ပထမအကြိမ်တုန်းကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကျွန်တော့်ဖေဖေ တာဝန်ထမ်းဆောင်စဉ် ကျွန်တော် တက္ကသိုလ်ဝင်တန်းဖြေအပြီး ကာလ တစ်ခုဆီက နှစ်လလောက် မြို့တော်လွိုင်ကော်မှာ နေထိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၁၀ နှစ်ကျော်အကြာမှ ထပ်ပြီး ရောက်ခွင့်ရခဲ့တာဆိုတော့ အားလုံးဟာ အသစ်တွေလိုလိုပါပဲ။
လွိုင်ကော်ကို ထမ့်ဆန်း-မွေတော်ကက္ကူဘက်ဖြတ်ပြီး လွိုင်လင်ကနေတစ်ဆင့် ဖြတ်လမ်းကနေ ဝင်လာခဲ့တာပါ။ ကယားပြည်နယ်မှာတော့ အဓိက လွိုင်ကော်၊ ဒီးမော့ဆို တစ်ဝိုက်လည်မယ်လို့ စဉ်းစားခဲ့ပါတယ်။ အဲဒီဘက်လမ်းက သွားလို့ ကောင်းပါတယ်။ ကားသေးတွေပဲ အများဆုံးသွားကြတယ်လို့ သိရတယ်။ လမ်းခရီးတစ်လျှောက်လည်း ရှုခင်းတွေရော၊ ရွာတွေရော စိပ်လှပါတယ်။ လွိုင်ကော်မရောက်ခင် အရင်ဆုံး ထီးစဲခါး(ထီးစေးခါး) ရေတံခွန်ကို အရင်လည်ပတ်ခွင့် ရခဲ့ပါတယ်။
ကယားပြည်နယ်က မြန်မာနိုင်ငံရဲ့ ပြည်နယ်တွေထဲမှာ အသေးငယ်ဆုံး ပြည်နယ်မို့ ဧရိယာ စတုရန်းမိုင် ၄၅၀ဝ ကျော်လောက်ပဲ ရှိပါတယ်။
သဘာဝရေတံခွန် အပန်းဖြေစခန်း ထီးစဲခါး သို့မဟုတ် ထီးစေးခါး
လွိုင်လင်ဖြတ်လမ်းကနေ လာတာမို့ ထီးစဲခါး (ထီးစေးခါး) ရေတံခွန်ကို အရင်ဝင်တာ ပိုအဆင်ပြေလို့ ထီးစဲခါးရွာက နာမည်ကျော် အပန်းဖြေနေရာ ရေတံခွန်လေးကို ရောက်လာကြတယ်။ မရောက်ခင်ကတော့ ရေချိုးဖို့ စဉ်းစားခဲ့ပေမယ့် တကယ်ရောက်သွားတဲ့ အချိန်မှာ ရေစီးအလွန်သန်နေလို့ ရေချိုးဖို့မပြောနဲ့ ရေထဲတောင် ခြေမချရဲဘူး ဖြစ်သွားပါတယ်။ ဧည့်သည်တွေအနေနဲ့ သတိ ထားပြီး ရေတံခွန်ရဲ့အထာကို သိအောင်လုပ်ဖို့ လိုပါတယ်။ ကိုယ်မကျွမ်းတဲ့ နယ်မြေမှာ အရက်သေစာ သောက်စားပြီး ရေကူးတာမျိုးက အန္တရာယ်ကို လက်ယပ်ခေါ်နေသလိုဖြစ်နေမှာ အသေအချာပါပဲ။ သတ်မှတ်ထားတဲ့ ရေကစားဖို့ နေရာမှာပဲ ရေကစားတာ၊ သတိပေး တားမြစ်ချက်တွေကို အလေးထား လိုက်နာတာမျိုးက ကိုယ့်အသက်ကို ဉာဏ်စောင့်တဲ့ သဘောပါ။ ရေတံခွန်က အဆင့်ဆင့်လေး ရှိပေမယ့်အဆင့်တွေက အမြင့်ကြီးတော့ မဟုတ်ပါဘူး။ ပြေပြေလေးနဲ့ ဆင်းသွားတာမျိုးပါ။ အခုတိုင်းလည်း သဘာဝ ဆန်ဆန်လှနေပါတယ်။ ပိုပြီးဆွဲဆောင်မှု ရှိအောင် စနစ်တကျ ထိန်းသိမ်းလုပ်ဆောင် ပေးစေချင်မိပါသေးတယ်။
အဲဒီကနေ လွိုင်ကော်မြို့ကို ခရီးဆက်တော့ ရှမ်းပြည်နယ်ရဲ့ နှုတ်ဆက်ဆိုင်းဘုတ်ကြီးနဲ့ ကယားပြည်နယ်ရဲ့ ကြိုဆို ဆိုင်းဘုတ်ကြီးတွေကို ခံ့ခံ့ညားညား တွေ့လိုက်ရတယ်။ အဲဒီကနေ တောက်လျှောက်ဆိုသလိုပဲ ငွေတောင်ပြည်ရဲ့ အထိမ်းအမှတ် တစ်ခုအဖြစ် ထင်ရှားတဲ့ တောင်ကွဲစေတီ ရှိရာဆီကို အရင်ဆုံး သွားရောက်ခဲ့ကြပါတယ်။
သဘာဝအတိုင်း ကိုးစိတ်ကွဲနေတဲ့တောင်ကွဲ (သို့မဟုတ်) သီရိမင်္ဂလာတောင်တော်
သဘာဝအတိုင်း ထိုးထွက်နေတဲ့ တောင်ထွတ်ကိုးခုမှာ စေတီတော် တစ်ဆူစီကို ၁၈၉၅ ခုနှစ်ကနေ စတင်ပြီး ၁၉၅၀ ပြည့်နှစ် အထိ တစ်ဆူပြီး တစ်ဆူ တည်ခဲ့ကြတယ်လို့ သိရပါတယ်။ တောင်ရဲ့အမြင့်က ၃၈၇ ပေ ဖြစ်ပါတယ်။ ၁၈၉၅ ခုနှစ်မှာ ဉာဏ်တော် ၂၂ တောင်ရှိတဲ့ ရွှေယပ်ဆောင်စေတီ၊ ၁၉၁၃ ခုနှစ်မှာ ဉာဏ်တော် ကိုးတောင်ရှိတဲ့ ရွှေရင်အေးစေတီ၊ ၁၉၁၄ ခုနှစ်မှာ ဉာဏ်တော် ကိုးတောင်ရှိတဲ့ ကျောက်သမ္ဗာန်စေတီ၊ ၁၉၂၉ ခုနှစ်မှာ ဉာဏ်တော် ၂၄ တောင်ရှိတဲ့ ပြည်လုံးချမ်းသာ စေတီနဲ့ ဉာဏ်တော် ကိုးတောင်ရှိတဲ့အောက် ကျိုက်ထီးရိုးစေတီ၊ ၁၉၃၄ ခုနှစ်မှာ ဉာဏ်တော် ၁၂ တောင်ရှိတဲ့ အထက်ကျိုက်ထီးရိုး စေတီနဲ့ ၁၉၅၀ ပြည့်နှစ်မှာ ဉာဏ်တော် ၁၄ တောင်ရှိတဲ့ ရွှေပြည်အေးစေတီတွေကို တစ်ဆူချင်း တည်ထားခဲ့ကြပါတယ်။ အဲဒီစေတီတွေထဲက ဉာဏ်တော်အမြင့် ဆုံးဖြစ်တဲ့ ပြည်လုံးချမ်းသာ စေတီကိုတော့ ပင်မစေတီအဖြစ် ဖူးမြင်ကြရမှာပါ။
ချစ်သူရည်းစားလာရင်ကွဲတယ်လို့ အယူအဆ ရှိကြတဲ့ ဒီတောင်ကွဲစေတီမှာ တောင်ထွတ် ကိုးခုကို လှေကားအတက် အဆင်းလေးတွေနဲ့ ချိတ် ဆက်ထားလို့ စေတီကိုးဆူလုံးကို သက်သောင့်သက်သာ ဖူးမြင်နိုင်ပါတယ်။ တောင်ကွဲစေတီ ပေါ်ကနေ ကြည့်မြင်ရတဲ့ လွိုင်ကော်မြို့ရဲ့ အလှကလည်း တကယ့်ကို ပန်းချီကား တစ်ချပ်ပါပဲ။
နီးနီးနားနား နောင်ယားကန်သာ
လွိုင်ကော်မှာလည်း မြို့တွင်းမှာဆိုရင်တော့ လည်ပတ်စရာ များများစားစား မရှိပါဘူး။ ကျွန်တော်တို့တည်းတဲ့ ကန်သာယာ ဟိုတယ်နဲ့ မနီးမဝေးမှာ နောင်ယားကန် ရှိပါတယ်။ နောင်ယားကန်က ထူးထူးထွေထွေ ပြောစရာတော့ မရှိပေမယ့် သာယာတဲ့နေရာလေးပါ။ လွိုင်ကော်ရဲ့ ရာသီဥတုက အေးတဲ့ဘက်ကို ပိုများတယ်။ မိုးလည်းများတယ်။ နောင်ယား ကန်သာက ပန်းခြံတစ်ခုလိုဖြစ်နေ ပြီးတော့ လူငယ်တွေအများဆုံး အပန်းလာဖြေကြတယ်။ ကန်ကျယ်ကျယ်ကို ဟိုဘက် ဒီဘက် ဆက်သွယ်တည်ဆောက်ထားတဲ့ သစ်သားတံတားလေးပေါ်မှာ ဓာတ်ပုံရိုက်ရင် အရမ်းလှတယ်။ မနက် စောစောလေး လမ်းလျှောက်ရင်း လျှောက်ကြည့်သင့်တယ်။
လွိုင်ကော်မြို့လေးက လူမရှုပ်ဘူး။ လမ်းမကြီးတွေမှာလည်း ရှုပ်ရှုပ်ထွေးထွေးမရှိဘူး။ အမြဲလိုလို တိတ်တိတ် ဆိတ်ဆိတ် ရှိနေတတ်တာကိုတော့ လူရှုပ် ကားရှုပ်တဲ့နေရာက လာတဲ့လူအတွက် တစ်မျိုးဖြစ်ရပေမယ့် ဆိတ်ငြိမ်လိုက်တာလို့တော့ ခံစားရပါတယ်။
မလည်မဖြစ် ငွေတောင်ဆည်ဆီ
ငယ်ငယ်က အလွန်ကြိုက်ခဲ့ရဖူးတဲ့ မင်းသား၊ မင်းသမီးအများကြီးနဲ့ ပေါ်လစီ ကားတချို့မှာ ရင်းနှီးခဲ့ဖူးတဲ့ ငွေတောင်ဆည် ကိုလည်း ဒီဒေသဘက်ရဲ့ လည်ပတ် စရာနေရာ တစ်ခုအဖြစ် အားလုံးက မှတ်ချက်ပြုတတ်ကြပါတယ်။ ငွေတောင်ဆည်က ဒီးမော့ဆို မြို့နယ်ထဲမှာပါ။ ငွေတောင်ပြည်ကြီး ရှိတယ်လို့ ယူဆရတဲ့ ဒီနေရာကို လွိုင်ကော်ကနေ ၄၅ မိနစ် ကားစီးသွားရင် ရောက်ပါတယ်။ ငွေတောင်ချောင်း လက်တက်တစ်ခုကို မြေသားတမံအဖြစ်နဲ့ ဆည်ဆောက်ထားတာ ကျွန်တော့် အတွက်တော့ ကန်ကြီးတစ်ခုလိုပါပဲ။ ဘေးဘက်မှာ တောင်လေးတွေ ဝန်းရံထားတော့ လှသလိုလို ရှိပါတယ်။ ကန်ရဲ့အောက် ခြေကို ဆင်းဖို့လှေကားတွေ့လို့ ဆင်းကြည့်တော့ ကန်စပ်မှာ ခရုတွေအများ ကြီးတွေ့တယ်။ ချက်စားလို့ရတဲ့ ခရုတွေ ဖြစ်ပုံရပါတယ်။ ဒီဆည်ကရေတွေကို ဒီဒေသတစ်ဝိုက်က စိုက်ပျိုးရေးအတွက်ရော သောက်သုံးရေအတွက်ပါ အသုံးပြု နေကြတယ်လို့ ပြောပါတယ်။
ဒီးမော့ဆို ဈေးနေ့
အဆင်ပြေချင်တော့ ဒီနေ့က ဒီးမော့ဆို ဈေးနေ့တဲ့။ ဈေးနေ့ကို ရှမ်းပြည်နယ် ဘက်မှာလည်း ရင်းနှီးခဲ့ပါတယ်။ ခုလည်း ကယားပြည်နယ်ဘက်က ဈေးနေ့မှာ ဘာတွေရှိမလဲ သိချင်မိပြန်တယ်။ ဒီးမော့ဆိုရဲ့ မြို့မဈေးကြီးက ခါတိုင်းထက် ပိုစည်ကားနေတယ် ပြောပေမယ့် ကျွန်တော်ကတော့ အဲဒီလို မထင်မိဘူး။ ဈေးနေ့မှ သေချာရဲ့လား မေးဖြစ်တယ်။ ကျွန်တော် တို့ရောက်တဲ့ အချိန်ကပဲ မနက် ၁၀ နာရီဝန်းကျင်မို့ ဈေးကွဲသွားတာလည်း ဖြစ်မယ် ထင်ပါတယ်။ ဈေးထဲမှာလည်း ကျွန်တော့် အတွက် ထူးထူးခြားခြား မတွေ့ရပေမယ့် ခေါင်ရည်ရောင်းတဲ့ ဈေးသည်တွေကို တော့ အလွန်စိတ်ဝင်စားမိတယ်။ အဝါ ရောင် ကော်ပုံးကြီးတွေထဲက ခေါင်ရည်တွေကို ရေသန့်ပုလင်းထဲထည့်ပြီး ရောင်းချနေကြတဲ့ ကယားအမျိုးသမီး တော်တော်များများ ကို တွေ့လိုက်ရတယ်။ ဝယ်သူကိုတော့ သတိမထားမိပေမယ့် ရောင်းချသူကတော့ အတော်များသား။ သူတို့ဟာ သူတို့လည်း ကြွေရည်သုတ် မတ်ခွက်ထဲ ထည့်သောက်သူက သောက်ပေါ့။
လူမှုဘဝ အစုံစုံ အဖုံဖုံ
ကယားပြည်နယ်မှာ လွိုင်ကော်လို မြို့ကြီးတွေမှာတော့ တိုက်တာအဆောက်အဦတွေရှိပေမယ့် သွားတဲ့လမ်းတစ်လျှောက်က မြို့ရွာတွေမှာတော့ သစ်သား၊ ထရံအိမ်လေးတွေများပါတယ်။ အိမ်တွေကို ခြေတံရှည်အနေနဲ့ ဆောက်လုပ်ကြပါတယ်။ အပေါ်ထပ်မှာ လူနေပြီး အောက်ထပ်ကိုတော့ ဟာလာဟင်းလင်း ထားတတ်ကြတယ်။ ကွပ်ပျစ်လို မျိုးထားပြီး ဧည့်သည်တွေနဲ့ စကားပြောတဲ့ အခါမှာဖြစ်ဖြစ်၊ မိသားစုအနားယူတဲ့ အခါမျိုး၊ အလုပ်လုပ်တဲ့ အခါမျိုးတွေမှာ အသုံးပြု တတ်ကြပါတယ်။ ထင်းခွေထားတာမျိုးကိုလည်း ထားတတ်ကြပါတယ်။ မီးဖိုနဲ့ အိမ်သာကိုတော့ အိမ်အပြင်ဘက် မနီးမဝေးမှာ မြေကြီးနဲ့ ကပ်လျက်ထား တတ်ကြပြီး ငှက်ပျော၊ ဘူး၊ ပြောင်းတွေကို ခြံဝန်းထဲမှာ စိုက်ပျိုးထားတတ်ကြတယ်။ ငှက်ပျောပင်တွေကိုတော့ ခြံစည်းရိုး အဖြစ်နဲ့ပါ ကာရံစိုက်ပျိုးတတ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်များလည်း ရှိသလို အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။ ဘုရားရှိခိုးကျောင်း အများအပြားကိုလည်း မြို့နဲ့ရွာတွေမှာ တွေ့ရတတ်ပါတယ်။
ပန်ပက်ရွာနဲ့ ကယန်းအလှ
ဒီပန်ပက်ရွာဟာ ရွာသစ်တစ်ခု ဖြစ်ပါတယ်။ ကယန်းအမျိုးသမီးတွေဟာ ထိုင်းမှာတော့ နိုင်ငံခြားဝင်ငွေ အမြောက် အမြားရှာဖွေပေးနိုင်တဲ့သူတွေပါ။ ထိုင်းက ရွာတည်ပေးပြီး လူပြစားခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ခုတော့ ကယန်း အမျိုးသမီးတချို့ဟာ သူတို့ရဲ့ မူလဌာနေဆီကို ပြန်ရောက်လာခဲ့ကြပါပြီ။ လွိုင်ကော်မြို့ကနေ နှစ်နာရီလောက် ကားမောင်းလာရမယ် ့ပန်ပက်ရွာအဝင်မှာတင် ကယန်းလူမျိုးတွေရဲ့ နေထိုင်မှုဘဝ ပုံစံကို လေ့လာနိုင်မယ့် နေရာလေးတစ်ခု ပြုလုပ်ထားတာမို့ ရွာထဲသွားဖို့ အချိန် မရရင် ဒီနေရာလေးမှာတင် လေ့လာ သွားနိုင်ပါတယ်။ တစ်ခါတလေလည်း ရွာထဲက ကယန်းအမျိုးသမီးတွေ ဒီနေရာကို ရောက်နေတတ်ကြလို့ ကိုယ်က ကြေးကွင်းလည်တိုင်တွေနဲ့ ကယန်းအမျိုး သမီးတွေ ကိုကြည့်ဖို့ ရွာထဲရောက်ပြီးကာမှ မမြင်ရတာမျိုးလည်း ဖြစ်တတ်တယ်လို့ ဒီဒေသဘက် ခရီးသွားဖူးသူ တစ်ယောက်က ပြောပြဖူးပါတယ်။
ကယန်းအမျိုးသမီးတွေဟာ အသက် ငါးနှစ်ကနေစပြီး ကြေးခွေကို လည်ပင်းမှာစပြီး ခွေပတ် ဝတ်ဆင်ကြပါတယ်။ စပြီး ပတ်တဲ့အချိန်မှာ နှစ်ခွေ၊ သုံးခွေ ပတ်ကြပါတယ်။ အသက် ၁၀ နှစ် ကျော်ရင် အရင်ကြေးခွေ အဟောင်းကို ဖြုတ်ပြီး ၁၀ ခွေ ပါတဲ့ ကြေးခွေအသစ်ကို လည်တိုင်မှာ ဝတ်ဆင်ကြပါတယ်။ အသက် ၂၀ ကျော်ရင်တော့ ကြေးခွေ ၁၅ ခွေကနေ အခွေ၂၀ ထိ ရစ်ခွေထားတဲ့ ကြေးခွေကို ပြောင်းလဲဝတ်ဆင်ကြပြန် ပါတယ်။ ဒီကြေးခွေတွေကို ငြိမ်အောင်ထိန်းပေးမယ့် အထိန်း ကြေးခွေတွေကိုလည်း လည်ပင်းအထက်နဲ့ အောက်ပိုင်းတွေမှာ သီးခြားဝတ်ဆင် ကြပါသေးတယ်။ ကျွန်တော်ငယ်ငယ်က ကြားဖူးတာက တစ်နှစ်ကို ကြေးကွင်း တစ်ကွင်းတိုးပြီး ဝတ်ဆင်ကြတယ်လို့ ကြားဖူးခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူတို့က တစ်ကွင်းချင်း ဝတ်ဆင်တာ မဟုတ်ဘဲ အရစ်လိုက် တစ်ဆက်တည်းခွေ ထားတဲ့ကြေးခွေကို ဝတ်ဆင်ကြတာပါ။
ခုနောက်ပိုင်း ကယန်း အမျိုးသမီးလေးတွေကတော့ ဒီအစဉ်အလာကို လုပ်ဆောင်ကြတာ နည်းပါးသွားပါပြီ။ အဲဒီနေ့က ပန်ပက်ရွာအဝင်က ယကန်းတို့ရဲ့ ဈေးအိမ်လေးတွေမှာ ရိုးရာအင်္ကျီတွေ၊ အလှချိတ်ဆွဲစရာ ပန်းချီကားနဲ့ လက်မှုပညာတွေ၊ အမှတ်တရ ပစ္စည်းတွေကို ရောင်းချပေးနေကြပါတယ်။ သူတို့ အတိုင်း ဝတ်ဆင်နိုင်ဖို့ ကြေးခွေတွေ၊ ဝတ်စုံတွေနဲ့ အသုံးအဆောင်အချို့ကို လည်း ထားပေးပါတယ်။ ငှားရမ်းခပေးပြီး ဝတ်ဆင်အသုံးပြု ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ ခရီးသွားကားတွေကတော့ တစ်စီးပြီး တစ်စီးဝင်လာလိုက် ထွက်သွားလိုက်နဲ့ စည်စည်ကားကားပေါ့။ ။