ညောင်တုန်း ၅ ဇန်နဝါရီ
ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ညောင်တုန်းမြို့၏ အနောက်ဖက်၊ ရန်ကင်းစံရာကျေးရွာတွင် လွန်ခဲ့သော ခုနစ်နှစ်ခန့်ကစ၍ သဘာဝသဲသောင်ပြန့် ပေါ်ထွန်းလျက်ရှိပြီး ယခုအခါ လူသိများ ထင်ရှားလာသော အပန်းဖြေစရာ ညောင်ချောင်းသာ (ရေချိုးဆိပ်) ကမ်းခြေ၌ ယခုလ ဇန်နဝါရီလဆန်းပိုင်းမှစ၍ လာရောက်လည်ပတ်သူ၊ အပန်းဖြေသူ (ရေချိုး) သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
“၂ဝ၁၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး အပန်းဖြေသူများဖြင့် နှစ်စဉ်စည်ကားလျက်ရှိပါတယ်၊ တစ်နှစ်ထက်တစ်နှစ် လာရောက်လည်ပတ်သူ ပိုမိုများပြားလာပြီး ဒီနှစ်မှာလည်း ကမ်းခြေသို့ လာရောက်အနားယူ လည်ပတ်သူများ ကမ်းခြေအထိ ကားတိုက်ရိုက် ဆင်းလို့ရအောင် စီစဉ်ဆောင်ရွက်ထားပါတယ်၊ ဘေးအန္တရာယ် မရှိနိုင်အောင် အကျယ်ပေ (၃၀၀)ကျော်လောက် ကျယ်ပြန့်တဲ့ သဲသောင်ပြန့် ရေပြင်ပေါ်မှာ ရေကစားကူးခတ် ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ နေ့စဉ် ကွပ်ကဲရေးစခန်းမှလည်း ဘေးကင်းလုံခြုံရေးအတွက် စဉ်ဆက်မပြတ် အသိပေးနှိုးဆော် ကြေညာခြင်းများဖြင့် ဘေးကင်းလုံခြုံအောင် အစီအမံများနဲ့ သက်သောက်သက်သာ အနားယူနိုင်အောင် စီစဉ်ဆောင်ရွက်ထားပါတယ်။ ယခင်နှစ်တွေက အတွေ့အကြုံတွေထက် ပိုမိုကောင်းမွန်အောင် အတတ်နိုင်ဆုံး ကျွန်တော်တို့ကော်မတီက ဖြည့်စွက်စီစဉ် ဆောင်ရွက်ထားပါတယ်” ဟု ညောင်ချောင်းသာကမ်းခြေ ကြီးကြပ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးအောင်နိုင်က ရှင်းပြသည်။

ယခုနှစ်တွင် ပေ(၅၀၀)ခန့် ကျယ်ပြန့်သော သဲသောင်ပြန့် မြေပေါ်တွင် အရန်အသင့် စားသောက်ဖွယ်ရာ ဆိုင်ခန်းပေါင်း (၅ဝ)နှင့် အဆောက်အဦငယ်များတွင် စနစ်တကျ သက်သောင့်သက်သာ ကောင်းမွန်စွာ အနားယူနိုင်အောင် ဆိုင်ခန်းနေရာများ ဆောက်လုပ်ပေးထားကြောင်း သိရသည်။
ထို့ပြင် သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့်များရရှိခြင်း၊ သဲသောင်ပြန့်ပေါ်တွင် (ရေချိုး)ကူးခတ်ကစားနိုင်၍ ဘောကွင်းများစီးလျက် အပန်းဖြေအနားယူနိုင်ခြင်းအပြင် ဒေသထွက် ဖရဲသီး၊ အုန်းစိမ်းရည်၊ ထန်းရည်ချို၊ အစားအသောက်များနှင့် အအေးမျိုးစုံတို့လည်း ရရှိကြောင်း သိရသည်။
ချောင်းသာ၊ ငွေဆောင်ကဲ့သို့ ကုန်ကျစရိတ်မများလှပဲ အချိန်တိုအတွင်း သွားရောက်အပန်းဖြေနိုင်သည့် အဆိုပါရေချိုးဆိပ် (ညောင်ချောင်းသာ) ကမ်းခြေသို့ ညောင်တုန်းမြို့ ပတ်ဝန်းကျင်ဒေသများအပြင် ပြည်တွင်းပြည်ပ ခရီးသွားများပါ လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှ (၃၄)မိုင်သာ ကွာဝေးပြီး လှိုင်သာယာ(ဒဂုံဧရာ) အဝေးပြေးဂိတ်မှ တစ်နာရီအချိန်တိုအတွင်း (နေ့ချင်းပြန်) လာရောက်လည်ပတ်နိုင်သော အပန်းဖြေအနားယူစရာ နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
ထွန်းကျော်(ညောင်တုန်း)
