နေပြည်တော် ၁၆ သြဂုတ်
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်နေပြီဖြစ်ကြောင်းကို မိမိတို့ ခံစားသိရှိနေကြပြီဖြစ်သည်။ အပူချိန် များမြင့်တက်လာခြင်း၊ မုတ်သုံရာသီ အချိန်မမှန်ခြင်း၊ မုတ်သုံမိုးရွာသွန်းသည့်ရက်များ လျော့နည်းလာခြင်း တို့ကို တစ်နှစ်ထက်တစ်နှစ် သိမြင်နေကြရပြီ။ မိုးလေဝသဖြစ်စဉ်များကလည်း ပို၍ပြင်းထန်လာသည်။
စင်စစ်အားဖြင့် မိုးလေဝသ၊ ရာသီဥတုတို့က နယ်ခြားမျဉ်းတို့ ရှိသည် မဟုတ်။ မိမိတို့၏ အိမ်နီးချင်း နိုင်ငံများတွင်လည်း ထိုနည်းနှင်နှင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးဒဏ်တို့ကို ရင်ဆိုင်ကြုံတွေ့ နေကြရသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်သည် ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်လည်း ဖြစ်နေကြောင်း နိုင်ငံတကာ သတင်းများတွင် တွေ့မြင်နိုင်သည်။ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များသည် အလေးအနက်ထား၍ ကြိုတင် ပြင်ဆင်ထားရမည့် အကြောင်းအရာတစ်ခုဖြစ်သည့်အလျောက် နိုင်ငံတကာတွင်လည်း ကြိုတင်မျှော်တွေး၍ ပြင်ဆင်နေကြရပြီဖြစ်သည်။ ရာသီဥတုပူနွေး၍ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည်နှင့်အမျှ အချို့ ကျွန်းနိုင်ငံငယ်များမှာ ရေအောက်ရောက်မသွားမီ နေရာသစ်ရှာဖွေရန် ဆောင်ရွက် နေကြရသည်။ ကမ်းရိုးတန်း ဒေသများ ပြောင်းလဲမှုနှင့်အတူ ကမ္ဘာ့မြေပုံသည်လည်း ပုံစံပြောင်းဖွယ်ရာရှိသည်။ နိုင်ငံတစ်ခုမှ အခြားနိုင်ငံ တစ်ခုသို့ လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုများ၊ စားနပ်ရိက္ခာပြဿနာများ၊ စွမ်းအင်ပြဿနာများ၊ ကပ်ရောဂါပြဿနာများ စသည်တို့က ကမ္ဘာ့နိုင်ငံ များအကြား ရိုက်ခတ်မှုများလည်း ဖြစ်ပေါ်လာဖွယ်ရှိသည်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်က မြန်မာနိုင်ငံကဲ့သို့သော စိုက်ပျိုးရေးအခြေပြု နိုင်ငံတစ်နိုင်ငံအပေါ် သက်ရောက်မှုကြီးမားသည်။ သို့ဖြစ်သည့်အလျောက် အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၊ ယင်း၏ ကြီးကြပ်မှုအောက်တွင် လုပ်ငန်းကော်မတီခြောက်ခုနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီများကို လွန်ခဲ့သည့် သုံးနှစ်ကပင် ဖွဲ့စည်းထားခဲ့သည်။ ထို့အပြင် “မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ”၊ “မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ”၊ “မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ(၂၀၁၈- ၂၀၃၀)” နှင့် “မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်း အစီအစဉ်(၂၀၁၈-၂၀၃၀)” တို့ကိုလည်း နိုင်ငံတော်အစိုးရက ချမှတ်ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။
၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံကို ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲထားရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းတို့မှ စားနပ်ရိက္ခာဖူလုံမှုရရှိရေး ဖန်တီးရန်၊ ရေဖူလုံရေးနှင့် သစ်တောသယံဇာတ အပါအဝင် ကောင်းမွန်သော ဂေဟစနစ်ကို တည်ဆောက်ရန်၊ ပြောင်းလဲ လာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုအတွက် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့သည့် စွမ်းအင်၊ ပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ သဘာဝ ဘေးအန္တရာယ်များ၏ ဆိုးကျိုးကို လျှော့ချနိုင်ပြီး စဉ်ဆက်မပြတ် မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန်၊ အားလုံးပါဝင် နေထိုင်နိုင်သည့် မြို့ရွာများ တည်ထောင်ရန်၊ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှု၏ရေရှည် ဆိုးကျိုးသက်ရောက်မှုများကို လျော့ပါးစေပြီး ကျန်းမာသည့် လူမှုအဖွဲ့အစည်းကို ဖန်တီးရန်၊ အသိပညာ ဗဟုသုတနှင့် နည်းပညာများကို မြှင့်တင်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ကောင်းစွာတုံ့ပြန်ဆောင်ရွက် နိုင်စွမ်းရှိသည့် လူ့ဘောင်တည်ဆောက်ရန်တို့ကို ရည်မှန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးရွာရက်မှာ ၁၄၅ ရက်မှ ၁၀၅ ရက်ခန့်သာ ရှိတော့သည်မှာ နှစ်ပေါင်း ၃၀ ခန့် ရှိလာပြီဖြစ်ပြီး နှစ်စဉ်မိုးရွာရက် ၄၀ ခန့် ဆုံးရှုံးနေသည်။ သို့ဖြစ်သည့်အလျောက် ဆည်များသို့ ရေဝင်နှုန်းမှာ လည်း ပျမ်းမျှ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်သာရှိသည့်အတွက် ရေရှားပါးသည့်ဒဏ်ကိုလည်း ခံစားနေကြရ သည်။ ရာသီဥတုဒဏ်ကို ခံစားနေကြရသည့်အလျောက် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ စိုက်ပျိုး၊ မွေးမြူလုပ်ကိုင်မှုများကိုလည်း လိုက်လျောညီထွေ ပြောင်းလဲလုပ်ကိုင်သွားခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့တွင် ပူးပေါင်းပါဝင်ခြင်းတို့ဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိကြပါစေ ကြောင်း ။
မြန်မာ့အလင်း