mdn

ကလျာမိုးမြင့် - ရေးသားသည်

 

ဂျပန်နဲ့ ကိုရီးယားနှစ်နိုင်ငံအကြားမှာ ကုန်သွယ်ရေးစစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ တောင်ကိုရီးယား နိုင်ငံက ဂျပန်စက်ရုံတွေအပေါ်မှာ စီးပွားရေးအရ မှီခိုအားထားနေမှုကို ဖြတ်ချပစ်တော့မယ်လို့ ခုရက်ပိုင်း အတွင်းမှာပဲ ကြေညာလိုက်ပါတယ်။ ဂျပန်နိုင်ငံက ထုတ်ကုန်ပစ္စည်းတွေ၊ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ စက်ရုံတွေအပေါ် တောင်ကိုရီးယားနိုင်ငံက အမှီသဟဲပြုနေရတာတွေကို လျှော့ချဖို့ ပြီးပြည့်စုံတဲ့ အစီအစဉ် တွေ ချမှတ်ရေးအတွက် တောင်ကိုရီးယား အစိုးရက လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ဟုန်နမ်ကီက ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဆက်ဆံရေးယိုယွင်း

 

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က တောင်ကိုရီးယားဆီ တင်ပို့မယ့် နည်းပညာမြင့် ကုန်ပစ္စည်းသုံးမျိုး အပေါ်မှာ ဂျပန်က ပိုမိုစည်းကမ်းတင်းကျပ်လိုက် တာကစလို့ ဂျပန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး စတင်ယိုယွင်း လာခဲ့တာပါ။ ဂျပန်က စည်းကမ်းတင်းကျပ်လိုက်တဲ့ ကုန်ပစ္စည်းသုံးမျိုးဟာ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ်အရေးပါတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒီလောက်နဲ့တင်မကသေးဘဲ ဂျပန်နိုင်ငံဟာ တင်ပို့ ကုန်ထိန်းချုပ်မှုဆိုင်ရာ ယုံကြည်စိတ်ချရတဲ့ နိုင်ငံများစာရင်းလို့ဆိုရတဲ့ အဖြူရောင်စာရင်းကနေ တောင်ကိုရီး ယားနိုင်ငံကို ဖယ်ရှားလိုက်ပါသေးတယ်။

 

မကျေနပ်ချက်တွေ

 

တင်ပို့ကုန်စည်းမျဉ်း တင်းကျပ်မှုထဲမှာ ပါဝင်တဲ့ ကုန်ပစ္စည်းတွေထဲကတစ်ခုဖြစ်တဲ့ ဟိုက်ဒရိုဂျင် ဖလိုရိုက်ကို တောင်ကိုရီးယားနိုင်ငံဆီ တင်ပို့ခဲ့ပြီး နောက်မှာ မြောက်ကိုရီးယားနိုင်ငံဆီ သင်္ဘောနဲ့ ပို့ဆောင်ဖြန့်ဖြူးခဲ့ တယ်ဆိုတဲ့ သတင်းထွက်ပေါ် မှုတွေလည်းရှိခဲ့တယ်။ တောင်ကိုရီးယားနိုင်ငံကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆန် ထားပါတယ်။ ကံအကြောင်းမလှစွာနဲ့ပဲ နောက်ထပ်တင်းမာမှု တွေ အတော်လေးဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ Wisdom Tree ရင်းနှီးမြှုပ်နှံမှုအဖွဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ဂျက်စပါကိုးလ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စီအန်ဘီစီသို့ ပြောကြားခဲ့ပါတယ်။

 

နှစ်ပေါင်းများစွာ မျိုသိပ်လာရတဲ့ အခဲမကျေ ဖြစ်မှုတွေ စုပုံလာရာကနေ တောင်ကိုရီးယား တရားရုံးချုပ်က စစ်အတွင်း လုပ်သားစေခိုင်းခံရမှုကိစ္စအတွက် ဂျပန်ကုမ္ပဏီတွေအနေနဲ့ နစ်နာ ကြေးပေးအပ်ဖို့ နောက်ဆုံး စီရင်ချက်ချမှတ်ခဲ့မှုက တင်းမာမှုတွေကို အမြင့်ဆုံးအခြေအနေရောက်ရှိ သွားစေခဲ့တယ်လို့ ကိုးလ်က သုံးသပ် ခဲ့ပါတယ်။

 

တရားရုံးစီရင်ချက

 

ဂျပန်က တောင်ကိုရီးယားနိုင်ငံကို ကျူးကျော်သိမ်းပိုက်ခဲ့ချိန်အတွင်း တောင်ကိုရီးယားလုပ်သားတွေကို မတရားစေခိုင်းခဲ့တဲ့ ဂျပန်ကုမ္ပဏီ မစ်ဆူ ဘီရှီအနေနဲ့ လုပ်သားအဖြစ် စေခိုင်းခံခဲ့ရသူတွေကို လျော်ကြေး ပေးအပ်ဖို့ ပြီးခဲ့တဲ့နှစ်မှာ တောင်ကိုရီး ယားတရားရုံးချုပ်က အမိန့်ချလိုက်ပါတယ်။ တရားရုံးရဲ့ စီရင်ချက်ကို ဂျပန်က ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ပြီး ဒီကိစ္စက ၁၉၆၅ ခုနှစ် သဘောတူ စာချုပ်အောက်မှာ ပြီးပြတ် သွားပြီဖြစ်တဲ့ကိစ္စလို့ ပြောကြားခဲ့ပါတယ်။

 

တင်ပို့ကုန်ထိန်းချုပ်မှုကိစ္စမှာ တောင်ကိုရီးယားက တစ်ပိ်ုင်းလျှပ်ကူးပစ္စည်းပြုလုပ်ရာမှာ သုံးတဲ့ ဓာတုပစ္စည်းတွေ အပေါ် ထိန်းချုပ်နေတာကို ပယ်ဖျက်ပေးဖို့ ဂျပန်ကို မေတ္တာရပ်ခံခဲ့ပေမယ့် အဲဒီတောင်းဆိုချက်ကို ငြင်းပယ် ခံခဲ့ရပါတယ်။ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးဌာနက ဒီကိစ္စကို ဩဂုတ် ၂၃ ရက်ကနေ ၂၄ ရက်အထိ ကျင်းပမယ့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးရဲ့ အထွေထွေကောင်စီ အစည်းအဝေးမှာ တင်ပြဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

 

အမေရိကန်ရဲ့ ကြားဝင်မှု

 

အရှေ့အာရှ အိမ်နီးချင်းနှစ်နိုင်ငံအကြား ဖြစ်ပွားတဲ့ ကုန်သွယ်ရေးပဋိပက္ခထဲမှာ အမေရိကန်ကလည်း ဆွဲခေါ် စရာမလိုဘဲ ပါဝင်လာပါတယ်။ အကြောင်းကတော့ ဂျပန်နဲ့ တောင်ကိုရီးယားဆိုတာဟာ ဒေသအတွင်းမှာ အမေရိကန်ရဲ့ အကြီးဆုံး မဟာမိတ်တွေ ဖြစ်နေလို့ပါပဲ။ အရှေ့အာရှ မူဝါဒဆိုင်ရာ အမေရိကန်ထိပ်တန်း သံအမတ် ဘကီးဒေးဗစ် စတီဝဲလ်ဟာ ဩဂုတ် ၁၄ ရက်က တောင်ကို ရီးယားအာဏာပိုင်တွေနဲ့ ဆိုးလ်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

 

တိုက်ရိုက်မေးခွန်းတွေ ဖြေမှာမဟုတ်

 

တောင်ကိုရီးယားနဲ့ ဆက်စပ်တဲ့အကြောင်း အရာမှန်သမျှတွေမှာ အမေရိကန်က စေ့စပ်ညှိနှိုင်းမယ်။ ဒါပေမယ့် ပဋိပက္ခထဲမှာ အမေရိကန်က ပါဝင်ရမယ့် အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး တိုက်ရိုက်မေးမြန်းလာတဲ့ မေးခွန်း တွေကိုတော့ တုံ့ပြန်ဖြေကြားမှာမဟုတ်ဘူးလို့ ဆိုလာတာဖြစ်ပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားရဲ့ အငြင်းပွားမှု တွေကြားမှာ အမေရိကန်က ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ မစ္စတာ စတီဝဲလ်ကပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြောကြားခဲ့ပါတယ်။ ကိုရီးယားနဲ့ ဂျပန်ရဲ့ ပဋိပက္ခ ထဲကို သမ္မတထရမ့် အမှန်တကယ်ပါဝင်လာမလား ဆိုတာကို ကျွမ်းကျင်သူတွေလည်း သေချာမပြောရဲ သေးပါဘူး။

 

နားမလည်နိုင်

 

တောင်ကိုရီးယားနိုင်ငံကလည်း ကုန်သွယ်ရေးဆိုင်ရာ ယုံကြည်စိတ်ချရတဲ့ နိုင်ငံတွေ စာရင်းကနေ ဂျပန်ကို ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်ပြီး နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ဂျပန်ဘက်က ပြောဆိုထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး ဆန်ယွန်မိုက နိုင်ငံတကာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပြည်ပပို့ကုန်တွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့နိုင်ငံတွေ ကြောင့် သတ်မှတ်ချက်အသစ်ကို ပြဋ္ဌာန်း ရတာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကျန်ဟွာက ဂျပန်ရဲ့ စည်းကမ်းတင်းကျပ်မှုတွေက တောင်ကိုရီးယား ကုမ္ပဏီတွေကို ထိခိုက်စေခြင်းမရှိခဲ့ သလို ကမ္ဘာလုံး ဆိုင်ရာ ရောင်းလိုအားကွင်းဆက်ကိုလည်း အနှောင့်အယှက်မဖြစ်စေဘူး။ ပြီးတော့ အမေရိကန် ကုမ္ပဏီ တွေလည်း နစ်နာဆုံးရှုံးစေတာမျိုး မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုနဲ့ ဆွေးနွေးမှု အတွင်း ပြောကြားခဲ့ပါတယ်။

 

စိန်ခေါ်မှုများ

 

နောက်ပိုင်းမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုရဲ့ အရေးကြီးပုံကို ဖော်ပြထားတဲ့ ဖော်ပြချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီး ဒေသအတွင်းမှာ ပေါ်ပေါက်လာတဲ့ ဘုံစိန်ခေါ်မှုတွေကို အတူတကွနီးကပ်စွာ အဖြေရှာသွားဖို့ သဘောတူခဲ့ပါတယ်။ လေ့လာသူ အချို့က ဂျပန်နဲ့ တောင်ကိုရီးယားကိစ္စမှာ အမေရိကန်က တက်ကြွတဲ့ကြားဝင်စေ့စပ်သူအဖြစ် ရှေ့ဆက်တိုး လာဖို့က အတော်လေးဖြစ်နိုင်ခြေနည်းတယ်လို့ သုံးသပ်လျက်ရှိပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရ အဖွဲ့ဟာ ကုန်သွယ်ရေးဆိုတာကို လက်နက်တစ်ခုအဖြစ် အသုံးချဖို့ သိပ်ပြီးတွေဝေနေမယ့်သူ မဟုတ်တဲ့အပြင် နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင် မှုတွေကို အဖြေ ရှာတဲ့နေရာမှာ ကုန်သွယ်ရေးကို ခုတုံးလုပ်ဖို့ဆိုတာကလည်း လက်ရှိအမေရိကန် အစိုးရအဖွဲ့အတွက် အတော် လေး အကျိုးအကြောင်း ညီညွတ်နေတယ်။ သမ္မတထရမ့်အတွက်ကတော့ အမေရိကန်ဟာ နံပါတ်တစ်ဦးစား ပေးဖြစ်ပြီး ဘယ်ဟာကမှ အမေရိကလောက် အရေးမကြီးဘူး။ ကျန်တဲ့ကိစ္စတွေက တခြားသူတွေရဲ့ ပြဿနာလို့ ၄င်းက ပုံသေသတ်မှတ်ထားတဲ့သူတစ်ယောက် လို့ ဒီကိစ္စတွေကိုလေ့လာနေတဲ့ ကိုးလ်က ဆိုပါ တယ်။

 

အာရှနိုင်ငံနှစ်ခုအကြား တစ်ဖက်နဲ့ တစ်ဖက် အယုံအကြည်ကင်းမဲ့လာမှုဟာ အသစ်အဆန်း မဟုတ်လှသလို ၂၀ ရာစုနှစ်အစောပိုင်းမှာတုန်းက တောင်ကိုရီးယားနိုင်ငံကို ဂျပန်က ကျူးကျော်ခဲ့တဲ့ အချိန်အခါတစ်ခုဆီ ပြန်ရောက်သွားခဲ့သလိုပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်းမှာတုန်းကလည်း ကိုရီးယားအမျိုးသမီးအများအပြားကို လိင်လုပ်သားတွေအဖြစ် အတင်းအကျပ် စေခိုင်းခံခဲ့ရတာနဲ့ ပတ်သက်လို့ ဂျပန်နဲ့ တောင်ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးဟာ တစ်ခါပျက်ယွင်းခဲ့ရဖူးပါတယ်။ဂျပန်က ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းတွေကို တင်းကျပ် တာဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ရေတိုနိုင်ငံရေးလှည့်ကွက်တစ်ခုကြောင့် မဟုတ်ဘဲ ကာလကြာ စောင့်ဆိုင်းနေခဲ့တဲ့ မဟာဗျူဟာတစ်ခု ပိုပြီးဖြစ်နိုင်တယ်လို့ ကုန်သွယ်ရေးပဋိပက္ခအပေါ် စောင့်ကြည့်နေသူ တွေက ရှုမြင်လျက်ရှိပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်တို့အကြား အတိတ်ကာလက မကျေနပ်ချက်တွေဟာ ကုန်သွယ်ရေးစစ်ပွဲ အသွင်နဲ့ ပြန်ပြီးပေါ်ထွက်လာခဲ့သလားလို့ တွေးဆစရာဖြစ်ပါကြောင်း။ ။

 

ကိုးကား- အင်န်အိတ်ချ်ကေ၊ စီအင်န်ဘီစီ