မကွေး ၅ ဇန်နဝါရီ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဒဏ် ခံစားရသော နိဗ္ဗာန်ကျွန်းကျေးရွာနှင့် မုန်းကျိုးကျေးရွာများသို့ ရောက်ရှိပြီး ကမ်းပါးပြိုကျမှုကြောင့် ကျေးရွာများ ပြောင်းရွှေ့နေရမှု အခြေအနေ၊ ကြိုတင်ကာကွယ်ရေးအတွက်  မြစ်ကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုပြီး မင်းဘူးမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသည်။

အဆိုပါ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ၂၀၁၃ ခုနှစ်တွင် အိမ်ခြေ (၂၀၀)၊ အိမ်ထောင်စု (၂၁၁)စု၊ လူဦးရေ (၉၁၂)ဦး ပြောင်းရွှေ့ခဲ့ရပြီး ယခုအခါ ဧရာဝတီမြစ်နှင့် နိဗ္ဗာန်ကျွန်းကျေးရွာ ရွာသစ်မှာ ပေ(၃၀၀)ခန့်သာ ကွာဝေးတော့သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် မြစ်ကမ်းပါးပြိုမှုများသည် ၂၀၁၆ ခုနှစ်ခန့်မှစ၍ နောက်ပိုင်းတွင် ပိုမိုအဖြစ်များလာသည်ကို တွေ့ရှိရပြီး ကမ်းပြိုမှုကြောင့် လူ့အသက်သေဆုံးမှု၊ အိုးအိမ်အဆောက်အဦများ ထိခိုက်ပျက်စီးမှု နည်းပါးသော်လည်း စိုက်ပျိုးမြေများ၊ ရွာမြေများ တိုက်စားပါရှိသွားခြင်းကြောင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်း၊  ပြည်သူလူထု၏ မြေယာအိုးအိမ် ပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ကမ်းပြိုမှုဖြစ်စဉ်များအရ တိုင်းဒေသကြီး/  ပြည်နယ် (၁၂)ခုတို့တွင် ဖြစ်ပွားခဲ့ပြီး အိမ်ခြေပေါင်း (၁၃၀၀၀)ခန့်ကို ရွှေ့ပြောင်းခံရကာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရသော မိသားစုများကို ထောက်ပံ့ကူညီမှုများ ဆောင်ရွက်နေသကဲ့သို့ ကမ်းပြိုဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

(သတင်းစဉ်)