နေပြည်တော် ၁၇ ဩဂုတ်
ကူးစက်တတ်သောရောဂါများကြောင့် မိမိတို့မကြာခဏ သောကပွားကြရသည်။ ရာသီအလိုက်ဖြစ်ပွားတတ်သည့် တုပ်ကွေးရောဂါအမျိုးမျိုး၊ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျား၊ တီဘီ၊ အသည်းရောင်အသားဝါ အေ-ဘီ၊ အနာကြီး၊ ခုခံအားကျ စသည်ဖြင့်။ အချို့ ကူးစက်ရောဂါများက တစ်ခါတစ်ရံတွင် အစုလိုက် အပြုံလိုက် ကပ်ရောဂါအသွင် ဖြစ်ချင်ဖြစ်တတ်သည်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်သည့်ရောဂါတို့ မိမိထံ မကူးစက်စေရန် မည်သို့နေထိုင်၊ မည်သို့စားသောက်၊ မည်သို့ဆင်ခြင် စသည်ဖြင့် ဂရုပြုကြ၊ ရှောင်ရှားကြသည်။ မိမိတို့ ဂရုမထားမိသည့်အချက်မှာမူ တစ်ကမ္ဘာလုံးမှာရော၊ မြန်မာနိုင်ငံတွင်ပါ မကူးစက်နိုင်သော ရောဂါများကြောင့် လူသေဆုံးမှုက ကူးစက်ရောဂါများကြောင့် လူသေဆုံးမှုထက် ပိုမိုများပြားသည် ဆိုသည့်အချက်ပင်ဖြစ်သည်။
လူတစ်ဦးမှတစ်ဦးသို့ မကူးစက်နိုင်သော ရောဂါ (Non communicable diseases) များ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းမှာ ပိုးမွှားများနှင့် ကပ်ပါးကောင်များကြောင့် မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် နှင့်လူတို့၏ အပြုအမူများကြောင့် ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် နှစ်စဉ် လူသေဆုံးမှုများ၏ ၇၁ ရာခိုင်နှုန်းခန့်သည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ပြီး အရေအတွက်အားဖြင့် ၄၁ သန်းခန့်ရှိသည်။ မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးမှုအရေအတွက်၏ ၈၅ ရာခိုင်နှုန်းမှာလည်း ဝင်ငွေနည်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်ဟု ဆိုသည်။ မကူးစက်နိုင်သော ရောဂါများတွင် နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါ၊ ဆီးချိုသွေးချို ရောဂါတို့မှာ ဖြစ်ပွားမှုအများဆုံး ရောဂါများ ဖြစ်ကြသည်။
မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်း၏ ဇာစ်မြစ်တွင် ယဉ်ကျေးမှု၊ စီးပွားရေး၊ အပြုအမူတို့ ပါဝင်နေသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှု၊ အရက်အလွန်အကျွံ သောက်သုံးမှု၊ စားသောက်မှုပုံစံများထဲတွင် အဆီ၊ အငန်၊ အချိုဓာတ်များ လွန်ကဲစွာပါဝင်မှု၊ ဆိုးဆေးနှင့် ဓာတုဗေဒဆေးများ ပါဝင်နေမှု၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နည်းပါးမှုတို့က မကူးစက်နိုင်သော ရောဂါများနှင့် ဆက်စပ်နေသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေးပြဿနာများ၏ သုံးပုံ၊ နှစ်ပုံမှာ မကူးစက်နိုင်သော ရောဂါများဖြစ်သည်။ ၂၀၁၂ ခုနှစ်က ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် သေဆုံးမှုများ၏ ၅၉ ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းသည် ကူးစက်ရောဂါများ ကြောင့်ဖြစ်ကာ ၁၁ ရာခိုင်နှုန်းသည် ထိခိုက်ဒဏ်ရာများကြောင့်ဖြစ်သည်ဟုဆိုသည်။ တစ်ဖန် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးမှု နှုန်းများတွင်လည်း နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ၂၅ ရာခိုင်နှုန်း၊ ကင်ဆာကြောင့် ၁၁ ရာခိုင်နှုန်း၊ နာတာရှည် အသက်ရှူလမ်းကြောင်းကြောင့် ၉ ရာခိုင်နှုန်း၊ ဆီးချိုသွေးချိုကြောင့် ၃ ရာခိုင်နှုန်းနှင့် အခြားနာတာရှည်ရောဂါများကြောင့် ၁၁ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ မကူးစက်နိုင်သော ရောဂါများသည် ကူးစက်ရောဂါများထက် ပိုမို၍ဝန်ပိစေသည့်အတွက် မထိန်းချုပ်ပါက ရေရှည်တွင် နိုင်ငံအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ရပ် ဖြစ်လာနိုင်သည်။
မကူးစက်နိုင်သောရောဂါ (NCDs)များသည် သဘာဝပတ်ဝန်းကျင်နှင့် လူတို့၏အပြုအမူများကို အရင်းခံ၍ ဖြစ်ပေါ်လာရသည့်အတွက် ပတ်ဝန်းကျင်ပျက်စီးမှုများကို ပြုပြင်ထိန်းသိမ်းရန်နှင့် လူတစ်ဦးချင်းစီက ကျန်းမာရေးအသိကိုယ်စီဖြင့် မိမိတို့၏အပြုအမူများကို ထိန်းသိမ်းပြုပြင် ရန်တို့က အဓိကအချက်များဖြစ်သည်။ ကျန်းမာရေးကို ရှေးရှုကာ မိမိတို့၏အပြုအမူများကို ဂရုတစိုက်ထိန်းသိမ်းကြရာတွင် (၁) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးရန်၊ (၂) ကိုယ်ကာယ လေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ် ရန်၊ (၃)ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုတို့ကို ရှောင်ကြဉ်ရန်၊ (၄) အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကြဉ်ရန်၊ (၅)ကိုယ်ခန္ဓာကို ရှိသင့်သည်ထက် ပိုဝမလာအောင် ထိန်းသိမ်းရန်၊ (၆) ရေလုံလောက်စွာ သောက်ရန်၊ (၇) စိတ်သောကများကို လျှော့ချ၍ အပြုသဘောဆောင်သော အမြင်ဖြင့် ကြိုးစားနေထိုင်ရန်တို့ကို ကျန်းမာရေး ပညာရှင်များက အကြံပြုထားပါကြောင်း၊ မကူးစက်နိုင်သော ရောဂါများကို ရှောင်ရှားကာ သောက ကင်းဝေးနေနိုင်ရေးအတွက် မျှဝေအပ်ပါကြောင်း။
မြန်မာ့အလင်း