နေပြည်တော် ၁၇ ဩဂုတ်
ရာသီဥတုပြောင်းလဲမှုကြောင့် မျက်မှောက်ကာလ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရခြင်း၏ ဇာစ်မြစ်သည် သစ်တောသစ်ပင်များ ပျက်စီးခြင်းကြောင့် ဖြစ်ရသည်ဟု အကြမ်းဖျင်း မှတ်ယူကြသည်။ အမှန်တွင် သစ်တောသစ်ပင် ပျက်စီးခြင်းသာမက ပတ်ဝန်းကျင်ညစ်ညမ်းမှုပါ ပါဝင်သည်ကို ပညာရှင်များက အသိပေးထားသည့်အတွက် သန့်ရှင်းသော ပတ်ဝန်းကျင်ဖြစ်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။
သြဂုတ် ၁၄ ရက်က နေပြည်တော်တွင်ကျင်းပသည့် အမျိုးသား အဆင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် သဘာဝသယံဇာတများကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေး၊ ကောင်းမွန်သည့် ဂေဟစနစ်များရှိစေရေးနှင့် သန့်ရှင်းသည့် ပတ်ဝန်းကျင်ဖြစ်အောင် ထိန်းသိမ်းရေးတို့သည် အလွန်အရေးကြီးသည့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
ယခုအခါ နိုင်ငံအတွင်း လူဦးရေတိုးပွားပြီး မြို့ပြနှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ စွန့်ပစ်ပစ္စည်းများ၏ အန္တရာယ်သည် ပတ်ဝန်းကျင်အတွက် စိန်ခေါ်မှုဖြစ်လာသည်။ စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းအပြင် မီးရှို့ဖျက်ဆီးခြင်းကြောင့် လေထု၊ မြေထုနှင့် ရေထုတို့ကို ညစ်ညမ်းစေလျက်ရှိသည်။ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု အားနည်းခြင်းသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေသည့်အပြင် ပြည်သူများ၏ ကျန်းမာရေးနှင့် မြို့ပြအင်္ဂါရပ်များ ထိခိုက်ပျက်စီးခြင်းတို့ကိုပါ ဖြစ်စေသည်။
ထို့ကြောင့် စွန့်ပစ်ပစ္စည်းများထွက်ရှိမှု လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် အသုံးဝင်ပစ္စည်းများအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း စသည့်နည်းလမ်းများကို မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။ “မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” တွင် ရေရှည်တည်တံ့ခိုင်မြဲပြီး အကျိုးဖြစ်ထွန်းသည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်သို့ ပြောင်းလဲကျင့်သုံး သွားနိုင်ရေးကို ရေးဆွဲထားသည်။
၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်တွင် “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်စို့” ဟုဆိုထားပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ဆောင်ပုဒ်တွင် “လေထုညစ်ညမ်းမှုကို တိုက်ဖျက်စို့” ဟု ချမှတ်ထားသည်။ ယင်းသို့ချမှတ်ထားခြင်းသည် လေထုညစ်ညမ်းမှုနှင့် ပလတ်စတစ် ညစ်ညမ်းမှုပြဿနာများ လျင်မြန်စွာ ကြီးမားကျယ်ပြန့်လာမှုကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရေးတကြီးဖြေရှင်းရန် လိုအပ်နေသည်ကို ပြည်သူအားလုံအား မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပလတ်စတစ်နှင့် အခြားအမှိုက်များအား မိမိတို့၏ပတ်ဝန်းကျင်တွင် နေ့စဉ်မြင်တွေ့နိုင်သည်။ ယင်းအမှိုက်တို့သည် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို ထိခိုက်သည့်အပြင် မိုးတွင်းကာလ၌ ရေနုတ်မြောင်းများပိတ်ဆို့ပြီး ရေကြီးရေလျှံမှုပြဿနာများနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် တစ်ခါသုံး ပလတ်စတစ်များ၊ ကြွပ်ကြွပ်အိတ်များ အသုံးပြုမှုကို တတ်နိုင်သမျှ လျှော့ချကြခြင်း၊ ၎င်းပစ္စည်းများအစား ပျက်စီးမှုလွယ်ကူသည့်၊ ပြန်လည်အသုံးပြုနိုင်သည့်၊ ပြန်လည်ပြုပြင် ထုတ်လုပ်နိုင်မည့် အစားထိုးပစ္စည်းများ ထုတ်လုပ်ကြရမည်ဖြစ်သည်။
ယင်းလုပ်ငန်းများ ဖော်ဆောင်ရေးကို နိုင်ငံတော်က အားပေးလျက်ရှိပြီး အသိပညာပေးမှုများနှင့် လုပ်ကိုင်ရန်နည်းလမ်းများကို တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် လိုအပ်ပေသည်။ မပျက်စီးသော ပလတ်စတစ်များ ထုတ်လုပ်ခြင်းသည် ပတ်ဝန်းကျင် ထိခိုက်ကြောင်း သိပါလျက်နှင့် ထုတ်လုပ်ပါက ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးနိုင်ရန် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်ပြဋ္ဌာန်း ဆောင်ရွက်သင့်သည်။
သို့ဖြစ်ရာ ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို မျက်ခြည်မပြတ် လေ့လာပြီး သန့်ရှင်းသောပတ်ဝန်းကျင်ဖြစ်အောင် ထိန်းသိမ်းရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ တိုးမြှင့်အသုံးပြုရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပါသည်။
ကြေးမုံ