စလင်း ၅ ဇန်နဝါရီ

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်ပွဲအထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီဌာနမှ ကြီးမှူးကျင်းပသော ပထမအကြိမ် ရိုးရာနွားအလှပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် လင်းဇင်းကျေးရွာအုပ်စု လင်းဇင်းကျေးရွာ နွားပြိုင်ပွဲကွင်း၌ နွားသိုးအလှပြိုင်ပွဲ၊ နွားအပြေးပြိုင်ပွဲများနှင့်  ဘောလုံးအားကစားပွဲများအား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၅ ရက်နေ့အထိ ကျင်းပပေးခဲ့ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ မောင်မောင်စိုးဦးထံမှ သိရသည်။

နွားအလှပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများက ကြည့်ရှုအားပေးခဲ့ကြပြီး နွားသိုးတန်းကိုယ်ချောနှင့် နွားလှည်းယာဉ်အမောင်း ပြိုင်ပွဲများတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

 

mdn

 

နွားမွေးမြူရေးတွင် ထူးချွန်သူအဖြစ် ဆင်ဖြူကျွန်း စွန်ကျွန်းညိုရွာမှ ကိုအောင်နိုင်ဦးကို နွားမွေးမြူရေး စွမ်းဆောင်ရည်မြင့်မားမှု ထူးချွန်ဆုအား တိုင်းဒေသကြီးဝန်ကြီးမှ ချီးမြှင့်ပေးအပ်ခဲ့သည်။ 

“မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းအဆင့်၊ ခရိုင်အဆင့်၊ စလင်းမြို့နယ် ကျေးရွာအုပ်ချုပ်ရေးများ၊ တိုင်းမွေးမြူရေး အဖွဲ့ချုပ်များ အားလုံးပူးပေါင်းပြီး ပထမအကြိမ်အဖြစ် ရိုးရာနွားပြိုင်ပွဲ ကျင်းပပေးတာ ဖြစ်ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မင်းဘူးခရိုင်ဦးစီးမှူး ဒေါက်တာ အောင်ကျော်မိုးက ပြောသည်။ 

“ရိုးရာနွားပြိုင်ပွဲများအား စလင်းမြို့နယ်တွင် ရှေးက ကျင်းပပေးခဲ့ဘူးပါတယ်။ ၁၀ နှစ်ကျော်လောက် မလုပ်ဖြစ်ခဲ့ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များနဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို ကျေးဇူးတင်ပါတယ်” ဟု တိုင်းမွေးမြူရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရိုးရာနွားပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ငွေကျပ်ဆယ်သိန်း ထောက်ပံ့ပေးခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ 

ဝင်းမောင်(မကွေး)

mdn