နေပြည်တော် ၁၈ သြဂုတ်
လူသည် အထီးတည်းနေသူမဟုတ်။ အများနှင့်စုရုံး၍ နေတတ်သူများ ဖြစ်သည်ဟု ဂရိအတွေးအခေါ်ရှင်ကြီး အရစ္စတိုတယ်က ဆိုမိန့်ခဲ့သည်။ လူ့အဖွဲ့အစည်းတွင် အရင်းခံအကျဆုံးသော အစုအဖွဲ့ဟုဆိုရမည့် မိသားစု သို့မဟုတ် အိမ်ထောင်စုတစ်ခုကို လေ့လာကြည့်လျှင်ပင် မိသားစုဝင် အချင်းချင်း၏ ပေါင်းသင်းဆက်ဆံရေး၊ ကိုယ်စီတာဝန်များ စသည်တို့ကို တွေ့ရမည်။ ယင်းမှတစ်ဆင့်တက်သော် ဆွေမျိုးစုဟူ၍ ဖြစ်လာသည်။
ဆွေမျိုးစုအဖွဲ့အစည်းများတွင် သားချင်းအကြီးအကဲက ဦးဆောင်ကြပြီး ကျန်ဆွေမျိုးသားချင်းများက နာခံကြ သည်။ မိသားစုအလိုက်တွင် မိဘများကဦးဆောင်ကာ ကျန်မိသားစုများကနာခံကြပြီး ဆွေမျိုးစုများတွင် ဆွေမျိုးစုအကြီးအကဲက ဦးဆောင်ပြီး ကျန်ဆွေမျိုးစုဝင်များက နာခံကြသည်။ အပြန်အလှန်ဆက်ဆံရေး၊ စည်းလုံးညီညွတ်ရေး၊ ကိုယ်စီ တာဝန်များ စသည်တို့ကောင်းမွန်သည်နှင့်အမျှ ဆွေမျိုးစုတို့ ဆွေစဉ် မျိုးဆက်ကြီးပွားကြသည်။ လူ့အဖွဲ့အစည်းတွင် ထိပ်တန်းရောက်ကြသည်။ လူမျိုးစုများ၊ အမျိုးသားနိုင်ငံများ စသည်ဖြင့် လူ့အဖွဲ့အစည်းအဆင့်ဆင့် တို့တွင်လည်း ဤနည်းနှင်နှင်သာဖြစ်သည်။ အပြန်အလှန်လေးစား တန်ဖိုးထားသည်နှင့် အမျှ၊ စည်းကမ်းရှိသည်နှင့်အမျှ၊ စည်းလုံးညီညွတ်ကြသည်နှင့်အမျှ၊ ကိုယ်စီတာဝန် ကျေပွန်သည်နှင့်အမျှ ထိုလူမျိုး၊ ထိုနိုင်ငံတို့ တိုးတက်ကြီးပွားကာ ထိပ်တန်းသို့ရောက်ကြသည်။
မျက်မှောက်ကာလ မိမိတို့ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းနိုင်ငံများသည်ပင် ဖွံ့ဖြိုးတိုးတက်ကြီးပွားသည့် အခြေအနေ ဆီသို့ တက်လှမ်းနေကြပေပြီ။ ၄င်းနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် မိမိတို့ခြေကုန်သုတ် ကြရဦး မည်။ အပြေးလှမ်းကြရဦးမည်။ မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံဖြစ်သည့်အလျောက် နိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဟူသော လောကပါလတရားများ ထွန်းကားလာ စေရေးကို ဦးတည်သည်။ နိုင်ငံသားများသည်လည်း မူလအခွင့်အရေးများနှင့် တာဝန်များရှိသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်၊ အသင်းအဖွဲ့များ၊ အစည်းအရုံးများဖွဲ့စည်း ဆောင်ရွက်ခွင့်၊ တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့် တစ်မျိုး တိုင်းရင်းသား အချင်းချင်း၊ အခြားဘာသာသာသနာများ စသည်တို့ကိုထိခိုက်နစ်နာမှု မရှိစေဘဲ မိမိ ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်တို့ ရှိသည်။ သို့ရာတွင် အဆိုပါ အခွင့်အရေးများသည် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် အညီသာလျှင် လွတ်လပ်စွာသုံးစွဲပိုင်ခွင့်ရှိသည်ကိုလည်း သတိမူရမှာဖြစ်သည်။
“ကိုယ့်ကိုသူများတွေက လေးစားစေချင်ရင် ကိုယ်ကလည်း သူများတွေကို လေးစားရမယ်၊ စည်းကမ်းကို လိုက်နာရမယ်၊ လေးစားသင့်တဲ့ နေရာမှာ လေးစားတာကို ပြရမယ်”
“တကယ်လွတ်လပ်တဲ့လူဆိုတာ ကိုယ့်စည်းကမ်းကို ကိုယ်ထိန်းတယ်။ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်၊ ဘယ်စည်းကမ်းတွေကို ထိန်းသိမ်းရမယ်၊ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဂုဏ်သိက္ခာဆိုတာ ဘာလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီးတော့ ကိုယ့်သတိပေးချက်အရ လိ်ုက်နာနိုင်မှသာလျှင် တကယ့်လွတ်လပ်တဲ့ လူကြီးတွေ ဖြစ်လာမှာပါ”
အထက်ပါကောက်နုတ်ချက်များသည် မြန်မာနိုင်ငံကင်းထောက် အကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့တွင် မြန်မာနိုင်ငံကင်းထောက်များနှင့် တွေ့ဆုံပွဲအခမ်းအနား၌ ပြောကြားခဲ့ သည့် အမှာစကားများမှဖြစ်သည်။ လေးစားစွာဆက်ဆံရေး၊ မိမိဘာသာစည်းကမ်းထိန်းသိမ်းရေး၊ ဂုဏ်သိက္ခာ နှင့်အညီ နေထိုင်ရေးနှင့် စည်ကမ်းဘောင်အတွင်းလွတ်လပ်စွာ နေထိုင်တတ်ရေးတို့အတွက် လူငယ် ကင်းထောက်များအား တစ်ဘဝတာမှတ်သားဖွယ်ရာ သွန်သင်ခဲ့ခြင်းပင် ဖြစ်သည်။
အမိန့်များ၊ ညွှန်ကြားချက်များ၊ ပွဲပြီးမီးသေစီမံချက်များနှင့် စည်းကမ်းထိန်းသိမ်းမှုများကို တစ်ပွဲထိုးပြုလုပ်ရုံမျှဖြင့် စည်းကမ်းရှိမလာနိုင်၊ ကိုယ့်တာဝန်ကိုယ် သိမလာနိုင်ကြောင်းကို မိမိတို့အတွေ့အကြုံဟောင်းများအရ သိရှိကြ ရပြီးဖြစ်သည်။ လွတ်လပ်ခြင်းသည် စည်းကမ်းဘောင်အတွင်း တည်ရှိနေပြီး တာဝန်သည်လည်း ဒွန်တွဲလျက် ရှိကြောင်းကို သိနားလည် ခံယူဆောင်ရွက်ကြခြင်းအားဖြင့် နိုင်ငံသားကောင်းများ ဖြစ်ပေါ် နိုင်ကြပါစေကြောင်း။
မြန်မာ့အလင်း