ကသာ ၅ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကသာ-အင်းတော်သွား ကားလမ်းရှိ၊ ပင်းမလွတ်ကျေးရွာ မီးရထားသံလမ်းကူးအနီး၌ ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီက ဆိုင်ကယ်စီးနင်းလာသူထံမှ ဘိန်းဖြူဆပ်ပြာခွက် ၁၁ ခွက်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅၁၀ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ ဒုတိယရဲမှူးမျိုးမင်း ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ကသာ-အင်းတော်သွား ကားလမ်းရှိ ပင်းမလွတ်ကျေးရွာ မီးရထားသံလမ်းကူးအနီး၌ စောင့်ဆိုင်းနေစဉ် ကသာဘက်မှ အင်းတော်မြို့နယ် လယ်နောင်ကျေးရွာနေ အောင်ဇော်လင်း (ခ) လင်းလင်း (၃၅) နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီနှင့် လွယ်ထားသည့် လွယ်အိတ်အတွင်းမှ ၁၃၃၅၀၀၀၀ ကျပ်တန်ဖိုးရှိ ဘိန်းဖြူဆပ်ပြာခွက် ၁၁ ခွက်မှ ဘိန်းဖြူအလေးချိန် ၁၀၈ ဂရမ်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၁၀ ပြားနှင့် အောင်ဇော်လင်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသူ အောင်ဇော်လင်း (ခ) လင်းလင်းအား ကသာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)