ရွာငံ ၅ ဇန်ဝါရီ
မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ အဖွဲ့ဝင် ၁၃၈ ဦးသည် ရွာငံမြို့နယ် လုပ်ပြင်ကျေးရွာအနီးတွင် တည်ရှိပြီး အမြင့်ပေ ၇၇၅၂ မြင့်သည့် အရှေ့မြင် အနောက်မြင်တောင်ပေါ်သို့ ဇန်နဝါရီ ၅ ရက် နံနက် ၁၁ နာရီက အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
“အရှေ့မြင် အနောက်မြင်တောင်ကိုတက်ဖို့ မနေ့ကညပိုင်းမှာ တောင်ခြေက လုပ်ပြင်ကျေးရွာမှာ မိတ္ထီလာခြေလျင် တောင်တက်အဖွဲ့ဝင်အားလုံး ညအိပ်ကြပါတယ်။ မနက် ၅ နာရီက စတင်ပြီးတော့ အမျိုးသမီး ၈၈ ဦး၊ အမျိုးသား ၅ဝ ဦးပါဝင်တဲ့ ကျွန်တော်တို့ တောင်တက်အဖွဲ့သားတွေ တောင်တက်ခရီးကို စတင်ထွက်ခွာပါတယ်။တောင်ထိပ်ပေါ်အထိကို နံနက် ၁၁ နာရီအချိန်မှာ အောင်အောင်မြင်မြင်နဲ့ တက်ရောက်နိုင်ခဲ့ပါတယ်”ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ဥက္ကဋ္ဌ ကိုဝင်းမျိုးသက်က ပြောသည်။
မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့၏ ၂၀၁၈ တောင်တက်ရာသီတွင် တောင်တက်ခရီးစဉ် ၈ ခုအနက် ၆ ခုမြောက်တောင်အဖြစ် အရှေ့မြင် အနာက်မြင်တောင်ကို တက်ရောက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ဒုတိယပတ်တွင် မဲနယ်တောင်နှင့် မတ်လဒုတိယပတ်တွင် ဖုန်ကန်ရာဇီ ရေခဲတောင်များကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)