ရန်ကုန် ၅ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနှင့် ကရင်စာပေ၊ ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းပြီး ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်ကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းမှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ပွဲတော်တွင် ကရင်ဒုံးအက၊ ကရင်ကဗျာစာပေ ရွတ်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲနှင့် လက်ဝှေ့ပြိုင်ပွဲများ ထည့်သွင်းကျင်းပပြီး ကရင်ရိုးရာ အဝတ်အထည်နှင့် အသုံးဆောင် ပစ္စည်းများ၊ ကရင်စာပေနှင့် တူရိယာပစ္စည်းများ ကရင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် ကရင်လူမျိုးများ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများကို ပြခန်းများဖြင့်ပြသထားပြီး ကရင်ရိုးရာအစားစာ ရောင်းချသည့် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချပေး လျက်ရှိသည်။
ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်ကို စည်ကားသိုက်မြိုက်၊ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အိမ်မဲမြို့နယ် ကရင်အမျိုးသား နှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော် ကျင်းပရေးကော်မတီမှ ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ကော်မတီတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း တင်ပြလိုက်ရပါသည်။
မန်းညက်ပိန်
ဒုတိယဥက္ကဋ္ဌ
အိမ်မဲမြို့နယ် ကရင်အမျိုးသား နှစ်သစ်ကူးနှင့် ကောက်သစ်စား ပွဲတော် ကျင်းပရေး ကော်မတီ
ကောက်သစ်စားပွဲတော်ကို မြို့နယ်အနေအထားနဲ့ ၁၉၈၇ ခုနှစ်လောက်က ကျင်းပခဲ့ဖူးပါတယ်။ အခုလို ကြီးကြီးမားမား ကျင်းပခဲ့တာတော့မရှိခဲ့ဘူး။ ရိုးရာဓလေ့အတိုင်းပဲ လုပ်သွားတယ်။ ကောက်သစ်စားပွဲကို လုပ်ရခြင်းရည်ရွယ်ချက်က ကရင်တိုင်းရင်းသားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း မြောက်များစွာက ဖီ့ဖူးယော်နတ်က စပါးတိုး အောင်လုပ်ပေးတယ်။ ဖီ့ဖူးယော်နတ်ကို ပူဇော်ပသလိုက်ရင် တစ်နည်းအားဖြင့် စပါး လိပ်ပြာခေါ်ပွဲလို့လည်း ပြောလို့ရပါတယ်။ နှစ်စဉ်နှစ်တိုင်း ပူဇော်ပသပြီး ဖီ့ဖူးယော်နတ်ကို တမ်းတလိုက်ခြင်းအားဖြင့် စပါးအထွက်တိုးတယ်လို့ ကရင်လူမျိုးတွေက အယုံအကြည်ရှိခဲ့ဖူးတယ်။
ရိုးရာဓလေ့တွေကို ပြန်လည်ဖော်ထုတ်ပြီး နောင်လာနောင်သားတွေအတွက် ရိုးရာဓလေ့ ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ကရင်အမျိုးသား နှစ်သစ်ကူးနဲ့ ကောက်သစ်စားပွဲတော်ကို ဇန်နဝါရီ ၆ ရက် မနက် ၆ နာရီခွဲကနေ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ အမျိုးသားအလံတင်ပွဲ ကျင်းပမယ်။ ပြီးရင် သက်ကြီးပူဇော်ပွဲနဲ့ ဟောပြောပွဲအခမ်းအနား ကျင်းပမယ်။ ဟောပြောပွဲပြီးတာနဲ့ ကောက်သစ်စားပွဲတော်ကို ကွင်းထဲမှာ သတ်မှတ်ထားတဲ့နေရာမှာ ကျင်းပမယ်။ ဖီ့ဖူးယော်နတ်အိမ် လေးပေါ်မှာ ရွတ်ဖတ်မယ်။ ရိုးရာဓလေ့အတိုင်း စပါးတွေ ကောက်ညှင်းတွေကို နွားနဲ့ ကျွဲနဲ့ နှယ်မယ်။ ရလာတဲ့ ကောက်ညှင်းစပါးတွေကို ရောက်လာတဲ့ ကရင်အဖိုးအဖွားတွေကို ပူဇော်ကန်တော့ပါမယ်။
စောဘိုဘို
အိမ်မဲမြို့နယ် ကရင်အမျိုးသား နှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော် ကျင်းပရေးကော်မတီ၊ အဖွဲ့ဝင်
ကောက်သစ်စားပွဲကို ကရင်ပြည်နယ်အပါအဝင် ဒေသအသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။ တစ်နှစ်တာ ထွက်ရှိတဲ့ စပါးဆိုလည်း ဦးဦးဖျားဖျား၊ ကောက်ညှင်းဆိုလည်း ဦးဦးဖျားဖျား ပူဇော်ကြတယ်။ စုပေါင်းဖွဲ့ပြီးစားသုံးကြတယ်။ လုပ်ပုံလုပ်နည်းကတော့ အမျိုးမျိုးရှိကြတယ်။ ဧရာဝတီတိုင်းဒေသကြီး အနေနဲ့လည်း လုပ်ခဲ့တာရှိတယ်။ ကောက်ဦးကောက်ဖျားတွေကို ချက်စားကြတယ်။ ပူဇော်ကြတယ်။ ဒါလောက်ပဲ လုပ်ခဲ့ကြတယ်။ ဒီနှစ်မှာတော့ ပြန်လည်အားဖြည့်တဲ့အနေနဲ့ ဖီ့ဖူးယော်နတ်ကို ပူဇော်တဲ့ ပွဲအစဉ်လာလုပ်လေ့ရှိတဲ့ ဒီအစဉ်အလာတွေကို ပြန်လည်သယ်ယူလာပြီး ဧရာဝတီတိုင်းဒေသကြီးမှာ ကျင်းပလေ့ရှိတဲ့ ပုံမှန်ကောက်သစ် စားပွဲကနေ ထပ်မံပြီး ဖီ့ဖူးယော်နတ်ကိုပူဇော်တဲ့ ကောက်သစ်စားပွဲ ပုံစံမျိုးပေါ်ပေါက်လာအောင် သယ်ဆောင်လာခြင်း ဖြစ်ပါတယ်။
ကောက်သစ်စားပွဲ ဖီ့ဖူးယော်နတ်ကိုပူဇော်ပွဲဆိုတာကလည်း အဓိက စပါးအထွက်နှုန်း ကောင်းအောင်၊ ဘေးအန္တရာယ်ကနေ ကင်းလွတ်အောင်ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ ရိုးရာယဉ်ကျေးမှု ပွဲတစ်ခုလည်းဖြစ်တယ်။ ရိုးရာယဉ်ကျေးမှုကို ပြန်လည်ထိန်းသိမ်းတဲ့ ကရင်တိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှုကို ပြန်လည်ပြီး ကျယ်ပြန့်လာအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဧရာဝတီတိုင်းဒေသကြီးမှာနေတဲ့ ကရင်လူမျိုးတွေဟာ စိုက်ပျိုးရေးကို အဓိကလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် စိုက်ပျိုးတဲ့ ဆန်ရေစပါးတွေ ပေါကြွယ်ဝလှအောင်၊ သဘာဝဘေးအန္တရာယ်ကနေ ကင်းလွတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနဲ့အတူ ကောက်သစ်စားပွဲကို ပြန်လည်ကျင်းပခြင်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ဘောလုံးအသင်း ၁၅၀ လောက်နဲ့ ဘောလုံးပွဲတွေ ကျင်းပခဲ့တယ်။ ဇန်နဝါရီ ၄ ရက်နေ့လောက်ကစပြီး ဇာတ်ပွဲတွေကျင်းပတယ်။ ဇန်နဝါရီ ၆ ရက်နေ့မှာ ကရင်အမျိုးသား နှစ်သစ်ကူးနဲ့အတူ ကောက်သစ်စားပွဲကို ကျင်းပမှာဖြစ်ပါတယ်။
မန်းကြင်ဝင်း
ရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူး
အိမ်မဲမြို့နယ်မှာရှိတဲ့ ကျေးရွာ ၅၉ အုပ်စုကနေ အလှည့်ကျနဲ့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပလာခဲ့ကြတာပါ။ ဒီနှစ် ၄၈ ကြိမ်မြောက်ကို ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာမှာ ကျင်းပခြင်းဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြား နိုင်ငံတော်အဆင့် ကောက်သစ်စားပွဲနဲ့အတူ ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်တွဲပြီး ကျင်းပတာဖြစ်ပါတယ်။ ပွဲတော်မှာ ကရင်ကဗျာစာပေပြိုင်ပွဲနဲ့ ဒုံးပြိုင်ပွဲတွေလည်း ထည့်သွင်းကျင်းပပါတယ်။ ကရင်အမျိုးသား နှစ်သစ်ကူးနဲ့ ကောက်သစ်စားပွဲက ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးအတွက် အရေးပါတဲ့ ပွဲတော်ဖြစ်ပါတယ်။
ဖူပလန်း
အသက် ၆၃ နှစ်၊ ဥသျစ်ကုန်းကျေးရွာ
ဒီဒေသကတော့ လယ်နဲ့ခြံလုပ်ငန်းပဲ လုပ်ကြတယ်။ ဟိုတုန်းကတော့ ကောက်သစ်စားပွဲကျင်းပတာ သိပ်မရှိခဲ့ဘူးဖူး။ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပတယ်။ ဟိုတုန်းကတော့ ဒီလောက်မစည်ကားဘူး။ ပြခန်းတွေလည်း မရှိခဲ့ဘူး။ ဒီနှစ်တော့ ပြခန်းတွေလည်း တော်တော်စုံတယ်။ ကောက်သစ်စားပွဲမှာ ဝင်ရောက်အားဖြည့်ဖို့လာတာပါ။ တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပတာလည်းရှိတယ်။ ကောက်သစ်စားပွဲလို့မခေါ်ဘူး။
တွေ့ဆုံမေးမြန်း- မင်းသစ်(MNA)
ဓာတ်ပုံ- နေလင်း