လူ့အခွင့်အရေးဟူသည် လူတစ်ယောက်၏ မွေးရာပါအခွင့်အရေးဟုပဲဆိုရပါမည်။ လူတစ်ယောက်အဖြစ် မွေးဖွားလာသည်နှင့် မည်သူမဆိုဘာခွဲခြားမှုမျှ ရှိစရာမလို တန်းတူညီမျှ ကိုယ်ပိုင်အခွင့်အရေး ရှိကြသည် ချည်းတည်း။
မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ အခွင့်အရေးကိုမဆို မည်သူတစ်စုံတစ်ယောက်ကမျှ ပိတ်ပင်တားဆီးရန်မသင့်၊ ပိတ်ပင်တားဆီးဖို့ မဖြစ်နိုင်၊ ပိတ်ပင်တားဆီးလို့မရ ဟူသည်က အခြေခံဖြစ်ပါသည်။
လူတိုင်းသည် ဥပဒေ၏အရိပ်အောက်တွင် အခြားသူ တစ်ဦးတစ်ယောက်ကို မထိခိုက်ဘူးဆိုလျှင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ ရှင်သန်ခွင့်၊ လွတ်လပ်စွာသက်မွေး ဝမ်းကျောင်းခွင့် အစရှိသည့် အခြေခံလှူအခွင့်အရေးများအပြည့်အဝရှိချေ၏။ သည်လို လူတိုင်းရရှိခံစားနိုင်သည့် အခြေခံလူ့အခွင့်အရေးများကို အခြေခံဥပဒေကလည်း အကာအကွယ်ပေးထားရလေသည်။
သို့သော်လည်း ထိုသို့သော လူ့အခွင့်အရေးဟူသည် မိမိတစ်ဦးတည်းအတွက်သာမဟုတ်ဘဲ အခြားသူများတွင်လည်း လူ့အခွင့်အရေးရှိသည်ဆိုခြင်းကို သတိပြုရန် လိုအပ်ပါမည်။ မိမိတွင် လူ့အခွင့်အရေးများရှိသကဲ့သို့ အခြားသူများတွင်လည်း တူညီသော လူ့အခွင့်အရေးများရှိသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ လူတစ်ဦးစီ၏ လူ့အခွင့်အရေးများအတွက် လူတိုင်း၏ ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်ဆက်စပ်ရာ နယ်မြေရှိသကဲ့သို့ အများနှင့် ပတ်သက်စပ်ဆိုင်ရာ နယ်မြေဟူသည်လည်း ရှိပါသည်။
မိမိ၏အခွင့်အရေးကို အသုံးပြုရာတွင် အများပြည်သူနှင့် ပတ်သက်စပ်ဆိုင်ရာနယ်မြေဖြစ်လျှင် ထိုအခွင့်အရေးသည် အကန့်အသတ် ရှိနေမည်ဖြစ်၏။ မိမိ၏ ကိုယ်ရေးကိုယ်တာနယ်မြေတွင် မိမိယုံကြည်သလို၊မိမိသဘောကျသလို နေထိုင်ပြောဆို၍ ဖြစ်သည်ဆိုသော်လည်း အများဆိုင်နယ်မြေတွင် မည်ရွေ့မည်မျှ သို့မဟုတ် မည်သို့မည်ပုံဆိုသည့် အကန့်အသတ်ရှိပါမည်။
အများပြည်သူနှင့် စပ်ဆိုင်ပတ်သက်ရာနယ်မြေတွင် စောင့်ထိန်းရသည်များရှိပါသည်။
အများနှင့်ပတ်သက်ရာမြေတွင် ဆေးလိပ်မသောက်ရဟု ကန့်သတ်ထားခြင်းမျိုး။အများနှင့် ပတ်သက်စပ်ဆိုင်သော နေရာနှင့် မိမိ၏ ကိုယ်ရေးကိုယ်တာနေရာဟူသည့် ကွဲပြားသော အနေအထားပေါ်မူတည်ကာ ဥပဒေအရ၊လူမှုကျင့်ဝတ်အရ၊ ဓလေ့ထုံးစံအရ ကွဲပြားမှုအမျိုးမျိုးရှိသည်ကို နားလည်ကြရန် လိုပါမည်။
ဤသို့သော ကွဲပြားသည့် နေရာဌာနကို ခွဲခြားသိရှိနားလည်ကာဥပဒေ၊ ကျင့်ဝတ်နှင့် ဓလေ့တို့ကို လိုက်နာခြင်းက လူမှုအသိုက်အဝန်းထဲတွင် အလွန်အင်မတန် အရေးကြီးပါသည်။
မိမိကိုယ်ပိုင်အခွင့်အရေးအရ ဆေးလိပ်သောက်သည် ဆိုနိုင်သော်လည်း ထိုဆေးလိပ်ငွေ့များကြောင့် အနားရှိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အဆုတ်မကောင်းသူများ၊ ပန်းနာရင်ကျပ်ရှိသူများ စသည့်သူများရှိနေလျှင် မိမိကြောင့် သူတစ်ပါးထိခိုက်နစ်နာမှုမဖြစ်ရအောင် ကန့်သတ်ရခြင်းမျိုး ဖြစ်ပါသည်။
အများပြည်သူလမ်းများ၊ ရပ်ကွက်များအတွင်း ဆူညံနေအောင်ဖွင့်လှစ် ထားသော လော်စပီကာသံများ၊ မော်တော်ကားဟွန်းတီးသံများ၊အများပြည်သူနေရာ ဘတ်စ်ကားများပေါ်တွင်လည်းကောင်း၊ လေဆိပ် ဘူတာရုံစောင့်ဆိုင်းနေရာများတွင် မိမိတို့အစုအဖွဲ့လိုက် ဆူညံစွာအော်ဟစ်ပြောဆိုနေသံများ၊ ရုပ်ရှင်ရုံအတွင်းက တယ်လီဖုန်းသံများ၊စကားပြောဆိုသံများ၊ လူမြင်ကွင်းများပေါ်က မဖွယ်မရာ ပြုမူပြောဆို နေမှုများ အစရှိသည်တို့က မိမိတို့ တစ်ဦးချင်းနှင့် မိမိတို့ လှူအဖွဲ့အစည်း၏ယဉ်ကျေးမှုအဆင့်အတန်း၊ မိမိတို့လှူအဖွဲ့အစည်း၏ ဥပဒေစိုးမိုးမှု၊ မိမိတို့လူ့အဖွဲ့ အစည်း၏ ဓလေ့ထုံးစံတို့ပေါ် လေးစားမြတ်နိုးတတ်သော တန်ဖိုးထားမှု အစရှိသည်တို့ကို ဖော်ပြနေသည်ကို သတိပြုသင့်ပါသည်။
အများဆိုင်နေရာများပေါ်က ကျူးကျော်အိမ်များ၊ လမ်းဘေးဈေးသည်များ၊ အကျအန နေရာယူထားသော ကားကြီးကားငယ် အသွယ်သွယ်များနှင့်အတူဆေးလိပ်မီးတဖွားဖွား၊ ဆေးလိပ်ငွေ့ တထောင်းထောင်း၊ ကွမ်းသွေးတပြစ်ပြစ်၊ တံတွေး တထွေးထွေး၊ အမှိုက်တချချ၊ ဆဲဆိုအော်ဟစ်သံ တဆူဆူ၊ လော်စပီကာ တညံညံ၊ မော်တော်ကားဟွန်းသံတပွမ်ပွမ် တဂွမ်ဂွမ်တို့ကြားမှာနေရင်း ခေတ်မီဖွံ့ ဖြိုးတိုးတက်ရေး လက်သီး လက်မောင်းတန်းနေကြလို့ မရနိုင်။
တစ်ဦးချင်း၏ ထိန်းသိမ်းစောင့်ရှောက်တာဝန်ယူတတ်မှု၊ လူမှုစည်းမျဉ်းစည်းကမ်းတို့ကို လိုက်နာတတ်မှု၊ လူမှုကျင့်ဝတ်တို့ကို စောင့်ထိန်းမှု၊ ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသည့် မဏ္ဍိုင်များအားလုံးက အလေးအနက်ထား၍ စနစ်တကျတာဝန်ခံဆောင်ရွက်မှု၊ လူမှုအဖွဲ့ အစည်းက ဝိုင်းဝန်းထိန်းကျောင်းမှုတို့ဖြင့် ယဉ်ကျေးဖွယ်ရာသည့် လူမှုဝန်းကျင်ပေါ်ထွန်းနိုင်ပါစေသတည်း။ ။
မြန်မာ့အလင်း