နေပြည်တော် ၅ ဇန်နဝါရီ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခု တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် ဦးစီးသည့်အဖွဲ့သည် ဘူးသီးတောင်နှင့် မောင်တောဒေသများသို့ ဇန်နဝါရီ ၆ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ ဦးမျိုးမြင့်မောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ လိုက်ပါသွားမည်ဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားသော နေရာများသို့ သွားရောက်စစ်ဆေးကာ လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ယင်းအဖွဲ့နှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာ ၁၅ ဦး ပါဝင်သော အဖွဲ့တို့လည်း လိုက်ပါသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)